Breaking News

နေချိုသွေး - ဣဿာ မစ္ဆရိယနဲ့ အငုံ့စိတ်ရှိသူတွေ ကျရှုံးပျက်သုဉ်းခြင်း

ဣဿာ မစ္ဆရိယနဲ့ အငုံ့စိတ်ရှိသူတွေ ကျရှုံးပျက်သုဉ်းခြင်း
နေချိုသွေး
(မိုးမခ) မေ ၃၀၊ ၂၀၂၃

အငုံ့စိတ် ဘယ်က စသလဲဆိုရင် ကိုယ်ထက်သာ မနာလိုမှုကနေ စဖြစ်လာတယ်။ အငုံ့စိတ်ရဲ့ သဘော သဘာဝက သူတပါးရဲ့ အောင်မြင်‌မှုတွေနဲ့ တရားနည်းလမ်းကျကျ ‌ကြီးပွားအောင်မြင်‌နေတာတွေကို မြင်ရ‌ တွေ့ရတဲ့ အခါမျိုးမှာ မုဒိတာပွားစိတ်ပျောက်သွားပြီး ရှာကျန်အပြစ်မြင် အပြစ်တင်လာတတ်ကြတယ်။

အငုံ့စိတ်တွေ လွန်ကဲလာတာနဲ့အမျှ စိတ်ကိုမထိန်းချုပ်နိုင်သူတွေဟာ မကောင်းတဲ့ဘက်ကို ပိုရောက် ပိုပြုမူလာတတ်ကြပြီး သင့်၏ မသင့်၏ ဝေဖန်ပိုင်းခြား မဆုံးဖြတ်နိုင်တော့ပဲ မတရားမှုတွေကို ပြုမူလာကြတော့တာပါပဲ။ သူတပါးအောင်မြင်မှုကို မနာလိုဖြစ်လာသလို တဖက်မှာလည်း သူလို ငါ မဖြစ်ရလေခြင်းဆိုတဲ့ စိတ်သိမ်ငယ်မှု‌အထွတ်အထိပ်ရောက်တဲ့အခါ ဒေါသနဲ့ယှဉ်ပြီး တဖက်လူရရှိထားသလိုရအောင် တရားတာကော မတရားတာကော နားမလည်ဘူး၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင်ပြုမူလုပ်ဆောင်လာကြ‌တော့တာပါပဲ။ လက်ဝယ်ရတဲ့အခါ ငါတကောနဲ့ ထောင်လွှားမောက်မာရင်း ဘဝင်ရူးတတ်ကြတယ်။

လူတိုင်းမှာ အငုံ့စိတ် (Inferiority Complex) နဲ့ ဘဝင်စိတ် (Superiority Complex) ဆိုတာ ရှိတတ်တယ်။
ဩစတြေးလျနိုင်ငံသား စိတ်ပညာဆရာကြီး အဲလ်ဖရက်အက်ဒလား (Alfred Adler, 1870-1937)က အငုံ့စိတ်အားကြီးသူဟာ ကြောက်စရာ အကောင်းဆုံးလူလို့ ပြောဆိုခဲ့ပါတယ်။

အငုံ့စိတ်က သိမ်ငယ်စိတ်တမျိုးပါပဲ။ တခြားသူကို သွားကြည့် သွားယှဉ် ငါဟာ သူ့လောက် မဟုတ်ပါလားဆိုတဲ့ နှိုင်းယှဉ်မှုနဲ့ မသိစိတ်ကနေ စိတ်အားငယ်နေတဲ့ သိမ်ငယ်စိတ်နဲ့ယှဉ်တဲ့ဖြစ်လာတဲ့ ဒေါသစိတ်တမျိုးပါပဲ။ ဘဝင်စိတ်ကတော့ အဲ့ဒီစိတ်နဲ့ ဆန့်ကျင်ဘက် အရာအားလုံးငါသိ ငါတတ် ငါတော်ငါဆရာကြီးလို့ ထင်မြင်ပြီး ယုံကြည်မှုလွန်ကဲစိတ်တမျိုးပါဘဲ။ လူတိုင်းလိုလိုမှာ ဒီ အစွန်းနှစ်ဖက် စိတ်နှစ်ခုက ကိန်းအောင်းနေကြပြီးသား ၊အဲ့ဒီအစွန်းနှစ်ဖက်စိတ်ကနေလွတ်တဲ့ စိတ်ကိုထားတတ်ဖို့လိုအပ်တယ်။ အစွန်း‌ရောက်မှုတွေက‌နေ လွတ်ကင်းတဲ့ မဇ္ဈိမ ပဋိပဒါဆိုတဲ့စကားလုံး ဗုဒ္ဓဘာသာကိုးကွယ်သူ လူတိုင်းနဲ့ ဘာသာရေးတီးမိခေါက်မိ ရှိတဲ့လူတွေအနေနဲ့ မဇ္ဈိမဋိပဒါ ဆိုတဲ့ ပါဠိစကားလုံးအသုံးနဲ့ စိတ်ပြုမူကျင့်ကြံပုံလမ်းစဉ် အကြောင်း သိကြမှာပါ။

မဇ္ဈိမပဋိပဒါဆိုတာ အဇ္ဈတ္ထအစွန်းနှင့် ဗဟိဒ္ဓအစွန်းမှ လွတ်တာကို လည်း ဆိုလိုတယ်။ မဇ္ဈိမပဋိပဒါအကြောင်းကို ကျနော်သိသလောက်အထိ အကျယ်တဝန်း မရှင်းပြ မရေးပြတော့ပါဘူး။

စာရေးဆရာကြီး ဦးရွှေအောင် (၁၉၂၈-၁၉၉၄) ရေးထားတဲ့ ‘အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်’စာအုပ်ကို ဖတ်ကြည့်ပါ။ အဲ့ဒီစာအုပ်ဖတ်ရင်ကို အခြေခံသဘောလောက်တော့ သေသေချာချာ သိလာမှာပါ။
ကျနော့်အနေနဲ့ကတော့ ဗုဒ္ဓရဲ့ လမ်းစဉ် သံသာရာမှလွတ်ကင်းရာ နိဗ္ဗာန်ထိအောင် မမျှော်မှန်းမကျင့်ကြံနိုင်ပေမယ့် လူ့ဘဝကျင်လည်တဲ့အခါမှာ လူတော်မဖြစ်ချင်နေ၊ လူယုတ်မာ မဖြစ်ဖို့ အရေးကြီးပြီး ဘာသာရေးအဆုံးအမအတိုင်း လိုက်နာနိုင်သမျှ လိုက်နာ ပြုမှုနေထိုင်နေတာပါပဲ။
ဗုဒ္ဓ‌ဟောကြားခဲ့တဲ့ ဘာသာအယူဝါဒဘက်မနွယ်ဘဲ ဖလော်ဆော်ဖိ (philosophy) ဘက်နွယ်ပြီး ရည်ရွယ်ပြောရရင် လူ‌တွေမှာ အငုံ့စိတ်အားကြီးရာကနေ စိတ်ယုတ်ဝင်လာတဲ့အခါ ဣဿာ နဲ့ မစ္ဆရိယစိတ် ဖြစ်လာတယ်။ ဣဿာ ဆိုတဲ့ စကားလုံးက ဘယ်လိုအဓိပ္ပာယ်ရှိသလဲ။

မစ္ဆရိယ ဆိုတဲ့စကားလုံးက ဘယ်လို အဓိပ္ပာယ် ရှိသလဲ။

သည်စကားလုံး နှစ်လုံးနဲ့ ပတ်သက်ပြီး ဗုဒ္ဓ‌ဟောကြားခဲ့တဲ့ အဘိဓမ္မာပိဋကတ် ပုဂ္ဂလပညတ်ပါဠိတော်မှာ ဖွင့်ဆိုထားချက်ကို အနီးစပ်ဆုံး မြန်မာပြန်ဖော်ပြရရင် ဣသာဆိုသည်မှာ ငြူစူခြင်း၊‌ စောင်းမြောင်းခြင်းဖြစ်တယ်။ သူတပါးကောင်းစားတာကို မနာလိုခြင်း၊ ဝမ်းမမြောက်နိုင်ခြင်း၊ မချီးမွမ်းနိုင်ခြင်း၊ အကောင်းမပြောနိုင်ခြင်း၊ မကောင်းပြောရန်ကိုသာ ရှာကြံခြင်းကို ဆိုလိုတယ်။
မစ္ဆရိယဆိုတဲ့အဓိပ္ပာယ်မှာ မိမိကောင်းစားသလို သူတပါးကို မကောင်းစားစေခြင်း သူတပါးကောင်းစားတာကို မနာလိုခြင်း၊ ဝန်တိုခြင်း၊ နှမြောစေးနဲခြင်းတို့ ဖြစ်တယ်။
ဗုဒ္ဓဟောကြားတဲ့ ဘာသာအယူဝါဒထဲက မစ္ဆရိယစိတ်အ‌ကြောင်းစိတ် ပညာသဘောတရားနဲ့ ချဥ်းကပ်ကြည့်ရင် ပါဠိလိုကတော့ အာဝါသမစ္ဆရိယ၊ ကုလ မစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်လို့ ဆိုထားတယ်။
ကိုယ်ရနေတဲ့ နေရာမှာ သူများလာနေ ရ‌နေရင် မကြိုက်တာ၊ ကိုယ်နဲ့ ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့မှာ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်တာ၊ ကိုယ်ရတာမျိုး တခြားသူကို မရစေချင်တာ၊ ကျော်ကြားမှုနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ်ပဲ ထင်ပေါ်ကျော်ကြားချင်ပြီး တခြားသူကို မထင်ပေါ်မကျော်ကြားစေချင်တာ၊ ကိုယ်သိတဲ့တရားကို သူများ မပေးသိ‌စေချင်တာ၊ ကိုယ်သိတဲ့ ဗဟုသုတတွေကို တခြားသူကို မသိစေချင်တာ၊ သူတယောက်တည်းပဲ တကယ့်ကို ဆရာ ကြီးလုပ်ချင်တာ တ‌လောကလုံး သူသိ သူတတ် လူတတ်ကြီးလုပ်ပြီးနေချင်တာ အဲ့ဒါမျိုး စိတ်ရှိသူကို မစ္ဆရိယစိတ်ရှိသူလို့ အကြမ်းဖျဉ်း ကောက် ချက်ချနိုင်ပါတယ်။
ဣဿာနဲ့မစ္ဆရိယစိတ်ရှိသူတွေအနေနဲ့ ကောက်ကျစ်စဥ်းလဲခြင်းကိုလည်း ပြုမှုတတ်တယ်။ အမှန်ကို အမှားလုပ်ပြီး ပြုမူပြောဆိုတတ်တယ်။
မှားမှန်သိသိကြီးနဲ့ အမှားကိုဝန်ခံရမှာ မလိုလားတဲ့အတ္တစိတ် လွန်ကဲတတ်ကြတယ်။
ဣဿာနဲ့မစ္ဆရိယစိတ်အားကြီးသူတွေ နေရာတခုမှာ အထွတ်အထိပ်ရောက်ရင် ရောက်တလောက် အတိုင်း အတာအထိ အဲ့ဒီပတ်ဝန်းကျင် နေရာဒေသ ပျက်စီးရတော့တာပါပဲ။
ဂျာမဏီနိုင်ငံမှာ ဟစ်တလာ အထွတ်အထိပ်ရောက်တဲ့အခါ သူ့အငုံ့စိတ်ကြောင့် ဂျူးလူမျိုး သန်းပေါင်းများစွာ သေကြေ ပျက်စီးချင်းဆိုက်ကုန်တယ်။ အလို‌လောဘနဲ့ ဣဿာ မစ္ဆရိယစိတ်အားကြီးတဲ့ ဟစ်တလာကြောင့် စစ်ကြီးဖြစ်ပြီး ကမ္ဘာ့နိုင်ငံတော်တော်များများ ပျက်စီးခြင်းဆိုက်ခဲ့တာ၊ မည်သို့ပင်တန်ခိုးအာဏာကြီးခဲ့ပါစေ နောက်ဆုံးမှာ ဟစ်တလာကျရှုံးပြီး အသေဆိုးနဲ့ သေဆုံးခဲ့တာပါပဲ။
အဓမ္မနဲ့ ဓမ္မမှာ ဓမ္မတရားတာ အောင်နိုင်ရာ၊မတရားမှုနဲ့ တရား‌မှု‌တွေမှာ တရားသဖြင့်တွေတာ အောင်ပွဲရတာပါပဲ။
ယခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကတော့ လက်နက် ကိုင်စစ်တပ်က ပြည်သူရွေးကောက်တင်မြောက်ထားတဲ့အရပ်သားအစိုးရကို ဖမ်းဆီးထောင်ချတာက စတင်တာပါပဲ။
အငုံ့စိတ်အားကြီးရာက‌နေ စတင်လာတဲ့နိုင်ငံတော်အာဏာကို မတရား သဖြင့် ရယူလိုမှုတွေ။
ဣဿာ မစ္ဆရိယစိတ်နဲ့ အငုံ့စိတ်အားကြီးသူတွေက နိုင်ငံတနိုင်ငံရဲ့ လက် နက်ကိုင်စစ်တပ်မှာ ထိပ်ပိုင်းခေါင် းဆောင်နေရာတွေမှာရှိနေတဲ့အတွက် အဲ့ဒီနိုင်ငံရဲ့ တိုင်းသူပြည်သားတွေမှာ ဒုက္ခဆင်းရဲချင်းကြီးစွာ တွေ့ကြုံနေရတယ်။ တိုင်းပြည်ကို မတရားသဖြင့် အုပ်ချုပ်ချင်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ခိုင်းသမျှကို တရားမှု မတရားမှုဆိုတဲ့ လူ့အခြေခံအသိတောင် မရှိတော့တဲ့ အကြမ်း ဖက်စစ်တပ်ကို ဆန့်ကျင် တော်လှန်နေတဲ့ တရားသောစစ်ဖြစ်လာနေပြီ။

အဓမ္မနဲ့ ဓမ္မမှာ ဓမ္မတရားတာ အောင်နိုင်ရာ 
မတရားမှုနဲ့ တရား‌မှု‌တွေမှာ တရားသဖြင့်တွေသာ အောင်ပွဲရမှာပါပဲ ။ ။
             
နေချိုသွေး
 27.5.2023 [သာသနာနှစ်၂၅၆၇/ နယုန်လဆန်း ၉ ရက်]
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar