နတ်မှူး - နတ်စည်းစိမ်ဆယ်သက် တကယ်မမက်ပါတယ်
နတ်စည်းစိမ်ဆယ်သက် တကယ်မမက်ပါတယ်
နတ်မှူး
(မိုးမခ) မေ ၂၀၊ ၂၀၂၃
ကျနော်ကဘောလုံးဝါသနာအိုးတယောက်ဖြစ်သည်။ အာရှချန်ပီယံ တို့ဗမာ ဟူသော ဗဟာဒူး လှဌေး အေးမောင်ကြီး အေးမောင်လေးတို့၏ ခေတ်ကိုမီခဲ့သူဖြစ်၍ ဘောလုံးဝါသနာက အသွေးထဲအသားထဲထိအောင်စိမ့်ဝင်နေသည်။ အာရှအားကစားမှာ မြန်မာဘောလုံးအသင်းက ၁၉၆၆နှင့် ၁၉၇၀ တွင် ရွှေတံဆိပ်များဆွတ်ခူးခဲ့သည်။ ဆီးဂိမ်းခေါ်သည့် ကျွန်း ဆွယ်ပွဲတွင် ၁၉၆၅, ၁၉၆၇, ၁၉၆၉, ၁၉၇၁ နှင့် ၁၉၇၃ ခုနှစ်များမှာ ချန်ပီယန် ၅ ကြိမ် ရရှိခဲ့သည်။ ထိုစဉ်က ယခုကဲ့သို့ ရုပ်မြင်သံကြားမပေါ်သေး။ဘောလုံးပွဲများကို မြန်မာ့အသံရေဒီယိုကနေ နားထောင်ရသည်။ ဗမာကဂိုးသွင်းလိုက်လျှင် "ဂိုး" ဟု အသံကုန်အော်ပြီး ထခုန်သည့်အထဲမှာ ကျနော်ထိပ်ဆုံးကပါသည်။
၁၉၈၀ နောက်ပိုင်းမှာ မြန်မာ့ဘောလုံးကျခေတ် ရောက်လာသည်။ယနေ့ထိတိုင် အောင်ပွဲမရတော့။ ဟိုစဉ်က တရေးနိုးထကန်နိုင်ခဲ့သော ထိုင်း၊ ဗီယက်နမ် စသော အသင်းများကို မနိုင်တော့။ ထိုင်းဘောလုံးအသင်းမှ ကိုင်တီဆတ် ၊ နာတီပေါင်၊ ဒူးဆစ် စသော ဘောလုံးသမားများက တီဗီထဲကနေ မြန်မာတွေကို လှောင်နေသလား အောက်မေ့ရသည်။မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ဝင်းအောင်တို့ခေတ်မှာ စတင် အရှုံးပေါ်လာသည်။ နောက်ပိုင်းကျလာလေ ပိုရှုံးလေဖြစ်သည်။ ရှုံးပါများတော့ မြန်မာ့လက်ရွေးစဉ်ဘောလုံးအသင်းကိုစိတ်မဝင်စားတော့။ ပွဲစဉ်များကိုလည်း မကြည့်ဖြစ်တော့။ ပညာရေး ကျန်းမာရေး အားကစားစသော အပေါ်ထပ်အလွှာများသည် နိုင်ငံရေးဟူသော အောက်ခံဖောင်ဒေးရှင်းပေါ်မီတည် နေရာ နိုင်ငံရေးမကောင်းသမျှ အောင်ပွဲနှင့်ဝေးနေမည်သာဖြစ်သည်။ မီဒီယာအားကောင်း၍ ကမ္ဘာကြီးက ရွာကြီးတရွာ ဖြစ်လာသောခေတ်မှာ ကျနော်တို့၏အာရုံက အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန် လာလီဂါ ၊ အီတလီ ဆီးရီးအေ၊ ဂျာမန် ဗွန်ဒက်စ်လီဂါ၊ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလား စသော နိုင်ငံတကာ ဘောလုံးပွဲများဆီ ရောက်သွားကြသည်။
ဝါသနာပါသော်လည်း ကျနော်ဘောလုံးမကန်တတ်ပါ။ ပထမတော့ ဘောလုံးကို ခြေထောက်နှင့်ကန်တဲ့အလုပ် ဘာခက်တာမှတ်လို့ ဟူသောအတွေးဝင်ပြီး ကန်ကြည့်သည်။ မောတာသာအဖတ်တင်သည် ဘောလုံးကိုခြေနှင့်မထိ၊ သူများနောက်ပါသွားတာများသည်။ နောက်ကန်ပါများတော့ ဘောလုံးပွဲ အစကနေအဆုံးထိကန်ရလောက်အောင် သက်လုံမကောင်းမှန်း ကိုယ့်ဟာကိုယ် သိလာရသည်။ ဆန္ဒာဓိပတိနှင့် ဝိရိယာဓိပတိ မရှိတာလည်းပါလိမ့်မည်။ သို့ဖြင့် ကျနော်က ဘောလုံးကန်ခြင်းကို လက်လျှော့ခဲ့သည်။ မန္တလေးဆေးတက္ကသိုလ်ရောက်တော့ နှစ်အလိုက်ဘောလုံးပွဲတွေကျင်းပသည်။ ဝါသနာအရ အရံလူ(ခွေးဝင်စား)အဖြစ်သာဝင်ကန်ခဲ့သည်။ ကျနော်တို့ ၁၉၇၂ ခု ဆေးမန်းဝင်သော ကျောင်းသားများက ကျနော့်လိုလူတွေများပုံရသည် ဘယ်အသင်းနှင့်မဆို ကန်တိုင်းရှုံးလေသည်။
ကျနော်ဆရာဝန်ဖြစ်တော့ ကျနော့်ဆေးခန်းဘေးကအိမ်မှာ လူငယ်တယောက် အခန်းငှားပြီး ဘောလုံးဒိုင်လာဖွင့်သည်။ ကျနော်က သူ့ဆီကနေ ဘောလုံးဝေါဟာရများကို လေ့လာရသည်။
“အိမ်ကွင်း အဝေးကွင်း ဘယ်လိုခွဲလဲကွ”
“အလွယ်လေးဆရာ အသင်းနာမည်ရှေ့ကလာရင် အိမ်ကွင်း နောက်ကလာရင်အဝေးကွင်း။ ဥပမာ မန်ယူ vs အာဆင်နယ် ဆိုရင် မန်ယူအိမ်ကွင်း အာဆင်နယ်အဝေးကွင်း ၊အာဆင်နယ် vs မန်ယူဆိုရင် အာဆင်နယ်အိမ်ကွင်း မန်ယူအဝေးကွင်း၊ ဘောလုံးပွဲလောင်းရင် အိမ်ကွင်း အားသာချက်ကိုထည့်တွက်ရတယ်။ ခြေရည်တူအုံးတော့ ကိုယ့်ကွင်းကိုယ့်ပရိသတ်ရှေ့မှာကန်ရတော့ နိုင်ချေပိုများတာပေါ့”
“သရေအရှုံး ဆိုတာဘာလဲ”
“ဥပမာ မန်ယူနဲ့ နယူးကာဆယ် ကန်တယ်ဆိုပါစို့၊ မန်ယူက အိမ်ကွင်းမလို့ သရေအရှုံးပေးရင် ၀:၀, ၁:၁, ၂:၂ ဘယ်နည်းနဲ့သရေကျကျ မန်ယူလောင်းကြေးရှုံးတယ်။ ၁:၀, ၂:၁, ၃:၂ စသဖြင့် အနည်းဆုံးတလုံးပိုသွင်းမှ မန်ယူ လောင်းကြေးနိုင်မယ်”
“၁+၃၀ ဆိုတာကရော”
“မန်ယူက နယူးကာဆယ်ကို ၁ ဂိုးအသာဆိုရင် ၁၀၀ လောင်းရင် ၃၀ နိုင်မယ်။ အနည်းဆုံး ၂ လုံးအသာဆိုမှ ၁၀၀ ဖိုးလုံး အနိုင်ရမယ်။ သရေကျရင် မန်ယူလောင်းကြေးလုံးလုံးရှုံးပြီ”
“မောင်း ဆိုတာရောကွာ”
“ဘောလုံးပွဲ ၅ ခုရှိတယ် ဆိုပါစို့၊ ဒိုင်ကပေါက်ကြေးဖွင့်ပေးမယ်။ ၅ ပွဲလုံးမှန်အောင်ထိုးနိုင်ရင် အဆအများကြီးရမယ်။ ၄ ပွဲမှန်ပြီး ၁ ပွဲလွဲသွားရင် မောင်ကျိုးတယ်လို့ခေါ်တယ်။ ဒါဆို လောင်းကြေး ရှုံးတယ်။”
“လောင်းတဲ့နေရာမှာ ဒိုင်နဲ့ထိုးသား နှစ်ယောက်ရှိတယ်ကွ၊ ကြေးဖွင့်ပြီး ထိုးသားကိုကြိုက်တဲ့ဘက်နေခိုင်းတယ်။ ဒိုင်ကထိုးသားမကြိုက်တဲ့ဘက်နေတယ်။ တရားသားပဲကွ တွက်တတ်ရင် အနိုင်ရလောက်တယ်။ ငါစမ်းလောင်းကြည့်မယ်ကွာ”
ကျနော့်စကားအဆုံးမှာ ဒိုင်လုပ်သူကောင်လေးက ပြုံးစိစိနှင့်ကြည့်နေ သည်။
ဘောလုံးပွဲလောင်းတာကြာလာသောအခါ မြန်မာစကားပုံတို့၏ အဓိပ္ပာယ်ကို ပိုသိလာသည်။ တွက်ရေးက စက်သူဌေး တွက်ကြည့်မှစက်မရှိ ဟူသောစကားသည် ကျနော်နှင့် ကွက်တိ ဖြစ်သည်။ အင်္ဂလန်နိုင်ငံနှင့်မြန်မာနိုင်ငံသည် အဝေးကြီး ဖြစ်သည်။ သို့သော် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းရှုံးတိုင်း မြန်မာမန်ယူဖန်တို့ ကောင်းကင်မီးလောင်တိမ်တောင်ပျားစွဲကိန်းနှင့် ကြုံရသည်။ ရှေးလူကြီးသူမများပြောသော “ညောင်ဦးကမ်းပါးပြိုတာနဲ့ စံပါနဂိုက နွားမပေါင်ကျိုး” ဆိုသည်မှာ ဒါမျိုးကိုပြောတာ ဖြစ်မည်။ နောက်ဆုံးတော့ ကျနော်က စိုင်းထီးဆိုင်သီချင်းထဲကလို “ကိုယ့်ရဲ့အရှုံးနဲ့ပဲ နှုတ်ဆက်ခဲ့တယ် အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ်” ဟု ဘောလုံးလောင်းကစားကို စွန့်လွှတ်ခဲ့သည်။ မစွန့်လွှတ်လို့မဖြစ်၊ ကြာရင် ဒေဝါလီခံရတော့မည်။
တကယ်တော့ ဘောလုံးကစားခြင်းသည် အားကစားသက်သက်မဟုတ် စီးပွားရေးလည်းဖြစ်သည်။ ဘောလုံးလောင်းကစားခြင်းသည် တကမ္ဘာလုံးသို့ ပျံ့နှံ့ကာ စီးပွားရေးလုပ်ငန်းတခုဖြစ်လာခဲ့သည်။ တချို့နာ မည်ကြီးဘောလုံးအသင်းများပင် လုပ်ပွဲလုပ်၍ကန်သောကြောင့် အပြစ် ပေးအရေးယူ ခံခဲ့ကြရသည်။ ဥပမာ အနေဖြင့် အီတလီ ထိပ်တန်းကလပ်တခုဖြစ်သည့် ဂျူဗင်တပ်(စ်)ဘောလုံးအသင်းသည် သူ့အသင်းမျက်နှာသာရဖို့အတွက် ဒိုင်လူကြီးများနှင့် နားလည်မှုယူသည်ဟုစွပ်စွဲခံရပြီး ၂၀၀၆ ခုနှစ်တွင် ဆီးရီးအေမှ ဘီသို့ တန်းချခံခဲ့ရသည်။
ရပ်ကွက်ဘောလုံးအသင်းတသင်းဖွဲဖို့ရာပင် ပိုက်ဆံကုန်သေးရာ ကမ္ဘာကျော် ဘောလုံးကလပ်တခုပိုင်ဆိုင်ဖို့ အဘယ်မှာ လွယ်ကူပါမည်နည်း။ နာမည်ကြီး ဘောလုံးကလပ်များ၏ပေါက်စျေးကို အင်တာနက်မှာရှာကြည့်တော့ အောက်ပါအတိုင်းတွေ့ရသည်။
ဘောလုံးအသင်း (နိုင်ငံ) တန်ဖိုး(ဒေါ်လာ)
၁။ရီးရဲမက်ဒရစ်(စပိန်) ၄.၂၄ဘီလီယံ
၂။ဘာစီလိုနာ(စပိန်) ၄.၀၂ ။
၃။မန်ယူ(အင်္ဂလန်) ၃.၁၈ ။
၄။ဘိုင်ယန်မြူးနစ်(ဂျာမနီ) ၃.၀၂ ။
၅။မန်စီတီး(အင်္ဂလန်) ၂.၆၉။ ။
ထိုစျေးများက ခန့်မှန်းခြေဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ ထိုမျှစျေးကြီးသောဘောလုံးအသင်းများကို အဘယ့်ကြောင့် ဘောစိတွေ ဝယ်ကြသနည်း။ ထိုသူတို့က ပိုက်ဆံထားစရာ နေရာမရှိအောင်ချမ်းသာကြပြီး မန်ယူကဲ့သို့သော ဘောလုံးအသင်းကိုပိုင်ဆိုင်ရသည်မှာ အခြားရွှေငွေရတနာပစ္စည်းဥစ္စာများကိုပိုင်ဆိုင်ရခြင်းထက် ပို၍ဂုဏ်သိက္ခာရှိသည်ဟု ယူဆသောကြောင့်ဖြစ်နိုင်သည်။
“ဘောလုံးကလပ်တခုက ဘယ်လိုစီးပွားရေးအကျိုးအမြတ်တွေ ရနိုင်သလဲဗျ” ဟု ဘောလုံးဝါသနာအိုးတယောက်ကို မေးကြည့်ဖူးသည်။
သူက ”ဘောလုံးပွဲလက်မှတ်တွေ ရောင်းရတယ်၊ အသင်းနဲပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေ ရောင်းရတယ်။ နောက် Adidas,Nike စသဖြင့် ကုန်ပစ္စည်းကုမ္ပဏီတွေက စပွန်ဆာရတယ်၊ ဘောလုံးပွဲ ရုပ်သံလွှင့်ခွင့်လည်းရတယ်၊ ဒီလုပ်ငန်းတွေက ပိုက်ဆံရတာပေါ့၊ ဒါတောင် ဖလားရလို့ဆုကြေးငွေရတာ၊ ဘောလုံးသမားတွေကို အမြတ်နဲ့ရောင်းထုတ်တာ မပါသေးဘူး” ဟု သူကပြောသည်။
သူပြောတာမှန်သည်။ မန်ယူနှင့် မန်စီတီး၊ လီဗာပူနှင့် အာဆင်နယ် စသော အသင်းကြီးချင်းတွေ့သောနေ့တွေဆို ဘောလုံးပွဲက ကြက်ပျံမကျ စည်ကားလှသည်။ ပိုက်ဆံတွေ သဲ့ယူသလိုရလိမ့်မည်။ နောက် ကျနော် (ဘော လုံးကွင်းကို ပတ်ကြည့်ရုံမျှသာ) ရောက်ခဲ့ဖူးသော အင်္ဂလန်က မန်ယူ၊ အာဆင်နယ်၊ ချယ်ဆီး၊ မန်စီတီး၊ လီဗာပူနှင့် စပိန်က ဘာစီလိုနာ၊ဘောလုံးကွင်းတိုင်းမှာ ကလပ်အမှတ်တရပစ္စည်းများ ရောင်ချသောဆိုင်များကိုတွေ့ရသည်။ ကမ္ဘာလှည့်ခရီးသွားများ တိုးဝှေ့ ဝယ်ယူနေကြသည်။နောက် အင်္ဂလန်လိုချမ်းသာသောနိုင်ငံမှာပင် ပရီးမီးရာလိဂ်ကို ရုပ်သံက အခမဲ့မပြ။ အခွန်ဆောင်ပြီးမှ ကြည့်ရသည်။
တဖန် “ဦးခေါင်းတလုံး လက်နှစ်ဘက် ခြေနှစ်ဘက် လူချင်းအတူတူပဲ “ ဟုဆိုသူများအတွက် လူချင်းတူပေမယ့် တန်ဖိုးချင်းမတူကြောင်းကို အောက်ပါကမ္ဘာကျော်ဘောလုံးသမားများ၏ ပြောင်းရွှေ့ကြေးက သက်သေပြနေသည်။
အမည်။ ပြောင်းရွှေ့ကြေး(ဒေါ်လာ)
၁။လီယိုနယ်မက်စီ ၆၇၄သန်း
၂။ခရစ္စတီယာရိုနယ်ဒို ၆၀၀ ။
၃။ကိုင်လီယန်ဘက်ပီ ၂၈၂ ။
၄။နေမာ ၂၆၃ ။
၅။ဟာရီကိန်း ၁၉၉ ။
ဘောလုံးကစားခြင်းသည် ကံ ဉာဏ် ဝိရိယနှင့်ဆိုင်သည်။ ကံကောင်းသူများက ဘောလုံးကိုအားပေးသော အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ ဘရာဇီး အာဂျင်တီးနား၊ ဂျာမနီ၊ ပေါ်တူဂီစသောနိုင်ငံများမှာ လူသွားဖြစ်ကြသည်။ ပါရမီရှိသူများအဖို့ ဉာဏ်အား ဝိရိယအား စိုက်ထုတ်ရုံဖြင့် ကမ္ဘာကျော်ဘောလုံးသမားကြီးများ ဖြစ်လာနိုင်ကြသည်။ ဥပမာအားဖြင့် ပီလီ မာရာဒိုနာ ရော်နယ်ဒို(ဒိုကြီး) ရော်နယ်ဒင်ညို ဇီဒန်း မက်ဆီ ခရစ္စတီယာရော်နယ်ဒို စသည်တို့ ဖြစ်ကြသည်။ ထိုသူတို့မှာ ကမ္ဘာ့ဘောလုံးလောက၏ GOAT (ဂန္ထဝင်) ကြီးများ ဖြစ်လာကြလေသည်။ အင်္ဂလန် စပိန် ပြင်သစ်စသောနိုင်ငံများမှာ နေရာတကာတွင် ဘောလုံးကွင်းများစွာတွေ့ရသည်။လူငယ်များစွာ ယောက်ျားမိန်းမမရွေး နည်းပြများနှင့် လေ့ကျင့်နေသည်မှာ အားကျဖွယ်ကောင်းလှသည်။ ဘောလုံးကွင်းများကို သိမ်းပိုက်နေသောနိုင်ငံအဖို့ ဘယ်မှာ ဘောလုံးသမားကောင်း ထွန်းကားပါမည်နည်း။
တဖန်ဘောလုံးကစားခြင်းသည် ရုပ်ရှင်ကဲ့သို့ပင် အနုပညာတရပ်ဖြစ် သည်။ ရုပ်ရှင်ကို လူတွေလက်မှတ်ဝယ်ကြည့်သလို ဘောလုံးပွဲကိုလည်းလက်မှတ်ဝယ်ကြည့်ရသည်။ သို့သော် ရုပ်ရှင်နှင့်ဘောလုံးပွဲက မတူကွဲ ပြားမှများ ရှိနေသည်။ ရုပ်ရှင်ထဲက ဇာတ်ကောင်တို့သည် သန္တန်လုပ် သရုပ်တူအောင် ဟန်ဆောင်ပြရသည်။ ဘောလုံးကွင်းထဲမှာ ဘောလုံးသမား၂၂ ယောက်က တကယ်ကန်ကြရသည်။ မန်ယူအသင်းအတွက် နောက်ခံလူ မက်ဂွိုင်းယားကိုယ့်ဂိုးကို ပြန်သွင်းတော့ နည်းပြဟတ်ကတုံးကိုယ့်နဖူးကိုယ်ရိုက်မည်။ မန်စီတီးတိုက်စစ်မှူ အီလင်းဟာလန်း ဟက်ထရစ်ရတော့ နည်းပြပက်ကတုံး ထခုန်မည်။ ပွဲအစပွဲအဆုံး ဖြစ်ပျက်သမျှသည် ဟန် ဆောင်မှုကင်းသော အမှန်တရားသာဖြစ်သည်။ ရုပ်ရှင်ကြည့်ပရိသတ်က ခံစားနိုင်ဖို့အတွက် တိတ်ဆိတ်စွာ ကြည့်ရသည်။ ဘောလုံးပွဲကြည့်ပရိသတ်ကမူ အော်မလားဟစ်မလား သီချင်းသံပြိုင်ဆိုပြီး အားပေးမလား စိတ် ကြိုက်ကဲနိုင်သည်။ ထို့ကြောင့်ပင် ရုပ်ရှင်ကြည့်ပရိတ်သတ်ထက် ဘောလုံးပွဲကြည့်ပရိသတ်ကပိုများပြီး ရုပ်ရှင်ရုံထက် ဘောလုံးကွင်းက အဆများစွာပိုကြီးနေသည်ဟု ကျနော်ထင်သည်။
အကယ်၍ ကျနော်မျက်စိမှိတ်ခဲ့သော် နောက်ဘဝ လူပဲဖြစ်ချင်သည်။အကြောင်းမှာ နတ်ပြည်တွင် ဘောလုံးပွဲရှိသည်ဟု ကျနော်မကြားဘူးသောကြောင့် ဖြစ်သည်။ လူဖြစ်လျင်လည်း ပရီးမီးရားလိ(ဂ)ဘောလုံပွဲကို ကွင်းထဲဝင်ကြည့်နိုင်သော လူဖြစ်ချင်သည်။ အဖျင်းဆုံး တီဗီကလာသော ဘောလုံးပွဲကို live show ကြည့်နိုင်ဖို့ ပြည် သူလူထုကို ထာဝစဉ်အလင်းပေးနိုင်သော မီးမပျက်သည့်နိုင်ငံမှာ လူဖြစ်ပါစေကြောင်း ရှင်တော်ဘုရားထံ ဆု တောင်းနေမိသည်။ အခုဘဝတော့ မီးပျက်ခြင်းလောကဓံကို ခံနိုင်ရည်ရှိနေခဲ့ပြီ။ သို့သော် ၂၀၂၃ ဇွန်လ ၁၀ ရက် စနေတနေ့လုံးတော့ မီးလာစေချင်သည်။ ထိုနေ့မှာ မန်စီတီးနှင့် အင်တာမီလန် ဘောလုံးအသင်းတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲလာမည်မဟုတ်ပါလား။
နတ်မှူး
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar