Breaking News

ကိုအောင်မှိုင်း - စစ်ပွဲကြီးတွေထဲက စနိုက်ပါသမားများ


ကိုအောင်မှိုင်း - စစ်ပွဲကြီးတွေထဲက စနိုက်ပါသမားများ

(မိုးမခ) မေ ၄၊ ၂၀၂၃ 

နွေဦးတော်လှန်ရေးဟာ သူတင်ကိုယ်တင် အခြေအနေကို ရောက်လာပြီလို့ သုံးသပ်သူများ ရှိလာကြပါတယ်။ သဘောကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်တဲ့ သဘောကို ပြောကြတာလို့ ယူဆမိပါတယ်။ အမှန်တကယ်လည်း မြို့ပြများကို တစုံတရာ ခြိမ်းခြောက်လာနိုင်သလို စကစရဲ့ စစ်ဆင်ရေးစစ်ကြောင်းတွေဆိုလဲ မြင်မကောင်းအောင် သေကျေနေကြတာ နိစ္စဓူဝ တွေ့ နေရတယ်လို့ ပြောရတော့မှာပါ။ စစ်ကြောင်းတကြောင်းလုံး ကုန်သွားသလို ချင်းတောင်တက်တဲ့ စစ်ကြောင်းဆို သံချပ်ကား ၂ စီးပါ ချေမှုန်းခံလိုက်ရပြီး လူ ၂၀၀ တပ်က ၄၀ လောက်ပဲ ပြေးပြေးလွှားလွှား ဦးတည်ရာ နေရာကို ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

ကရင်နီဒေသ စစ်ဆင်ရေးမှာဆို ပူးပေါင်းတပ်တွေရဲ့ ချေမှုန်းမှုကြောင့် ဝင်လာတဲ့ စစ်ကြောင်းတွေမှာ သေဆုံးနေတဲ့ စစ်သားတွေကို အစုလိုက်အပြုံလိုက်ထား ထွက်ပြေးကြလို့  အဲဒီ စစ်သား စစ်ဗိုလ် အလောင်းတွေကို လှည်းတွေနဲ့ တိုက်ရတဲ့ အခြေအနေမျိုး ဖြစ်နေတာ တွေ့ရ ပြန်ပါတယ်။ ဒီလိုပဲ ကရင်ပြည်နယ်မှာတော့ စစ်သား စစ်ဗိုလ်တွေ အလောင်းတွေကို ကားပက်လက်တွေနဲ့ တိုက်နေကြတာ တွေ့ရပြန်ပါတယ်။ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးဒေသတွေမှာလည်း စစ်ဗိုလ် စစ်သားတွေ သေဆုံးနှုန်းဟာ နေ့စဥ်နဲ့အမျှ အဆမတန်မြင့်မားနေတာ သတင်းများမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ စစ်တပ်က မြေပြင်မှာ အလူးအလဲခံနေရတဲ့အတွက် အရပ်သားတွေနေတဲ့ ရွာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို အငြိုးထား ဗုံးကြဲတိုက်ခိုက်ပြီး လူထုကို လက်စားချေတဲ့ လုပ်ရပ်တွေ တိုးမြှင့်လုပ်ဆောင်လာတာကို ထင်ထင်ရှားရှား တွေ့မြင်နေရပါတယ်။

အရပ်သား သုံးထောင်ကျော်ကို သတ်ဖြတ်ပြီး အာဏာအတွက် နောက်ထပ် အရပ်သားတွေကို ထပ်မံ သတ်ဖြတ်ဖို့ ကြိုးစားနေတဲ့  စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မျက်နှာပေါ်  ပေါင်ဒါတွေလိမ်း မိတ်ကပ်တွေဖို့နေပေမဲ့ သူ့ရဲ့ အနာဂတ်ဟာ လူထုလက်ထဲရောက်ဖို့ နီးကပ်နေပြီဆိုတာတော့ စစ်ပွဲတွေက ဖော်ပြနေတယ်လို့ပဲ မှတ်ချက်ချရမှာ ဖြစ်ပါတယ်။ 

ဆိုလိုတာက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့   စစ်ရေးလှုပ်ရှားမှုတွေဟာ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လာသလို စစ်နယ်ဝန်းကလည်း ကျယ်ပြန့်လာတာ တွေ့ရပါတယ်။ လူထုထောက်ခံမှုကလဲ ရာနှုန်းပြည့်နီးပါးလောက် ထောက်ခံနေကြတာကိုလဲ တွေ့ရတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဟာ တိုးတက်ဖြစ်ထွန်းလာသလို ခိုင်ခိုင်မြဲမြဲ ရှိလာပြီလို့လဲ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ရိုးရိုးအဆင့်ကို မပြောလိုတော့ပါဘူး။  ဗိုလ်တွေ၊ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေ ဘယ်လောက်သေကုန်ပြီဆိုတဲ့ စာရင်းလေးကြည့်ရုံနဲ့ သိနိုင်သလို ရပ်ကွက်၊ မြို့ ရွာတွေမှာ စစ်မှုထမ်းဟောင်းဆိုလဲ စစ်မှုထမ်းဟောင်းလိုမနေဘဲ ဒလန်လိုလို သူလျှိုလိုလို အုပ်သေးလိုလို အုပ်ကြီးလိုလို လူတွေလဲ တယောက်ပြီးတယောက်ဆိုသလိုပါပဲ။ စစ်မှုထမ်းဟောင်းတွေ ကိုယ့်ဘာသာကိုယ်နေကြရင် ဘာပြဿနာမှရှိတာ မတွေ့ရပါဘူး။ ကျနော် ပြောချင်တာက လူထုကို နှိပ်စက်ရင် လူထုကလဲ ပြန်လက်တုံ့ပြန်ကြမှာပါပဲ။ ဒါဟာ တရားသဘောပါ။

ကနေ့စစ်ပွဲတွေဟာ နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအထိ စစ်နယ်ကျယ်လာပြီဖြစ်လို့ တိုက်ခိုက်ရေးနည်းနာတွေလဲ ပြောင်းလဲလာမှာ သေချာပါတယ်။ ဒီနေရာ အဓိကပြောလိုတာက မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဟာ အရင်လို စုဖွဲ့မှုမျိုးတွေ မဟုတ်တော့ဘဲ တိုက်ခိုက်ရေး သဏ္ဍာန်စုဖွဲ့မှုတွေအဖြစ် တိုးမြှင့်လာခဲ့ပြီဆိုတာ စစ်ပွဲတွေရဲ့ရလဒ်ကို ကြည့်ရင် သိသာနိုင်ပါတယ်။ ဒီလို စုဖွဲ့မှုတွေအတွက် အဓိကကျတဲ့ ကွန်မင်ဒိုတပ်ဖွဲ့တွေ၊ စနိုက်ပါတပ်ဖွဲ့တွေ၊ ဒရုန်းတပ်ဖွဲ့တွေ၊ မိုင်းတပ်ဖွဲ့တွေနဲ့ ဒုံးတပ်ဖွဲ့တွေ (Missile) ကို အစီအစဥ်ရှိရှိ ဖွဲ့စည်းလာကြတာ သတိထားမိပါတယ်။

ဒီနေ့ စနိုက်ပါတပ်ဖွဲ့တွေရဲ့ လက်တကမ်းတိုက်ပွဲတွေနဲ့ အမြီးရှည်ရှည်တွေကို မုဆိုးလိုက်နိုင်ဖို့ ဆိုတဲ့ စစ်အခြေအနေတွေဟာ အတော်နီးကပ်လာပြီလို့ ပြောရတော့မှာပါ။ စနိုက်ပါတပ်ရင်း တပ်ဖွဲ့တွေရဲ့ လတ်တလော စစ်ပွဲတွေမှာ အများအပြား တိုက်ပွဲဝင်စွမ်းဆောင်ရည်တွေကလဲ မကြာခင်မှာ ကမ္ဘာက အသိအမှတ်ပြုကြရလိမ့်မယ် ထင်ပါတယ်။ ဒီနေရာမှာ စစ်ပွဲလို့ ပြောလိုက်တာနဲ့ ဒါကတော့ အမျိုးသားများသာ ဆိုတဲ့ကိစ္စလို့  မှားယွင်းစွာ ယူဆမှုတွေကို ကျနော်တို့ နွေဦးတော်လှန်ရေးက ရိုက်ချိုးပစ်လိုက်နိုင်ခဲ့ပါပြီ။ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတော်လှန်ရေးသမားတွေဟာ အမျိုးသားတွေနဲ့ မတိမ်းမယိမ်း အချိုးအဆမှာ ရှိနေပြီ ဖြစ်ပါတယ်။ စနိုက်ပါရဲဘော်တွေထဲမှာကို အမျိုးသမီး စနိုက်ပါ ရဲဘော်တွေဟာ ထင်တာထက် ပိုပါဝင်လာကြတာ အားရကျေနပ်စရာတခုလို့ ပြောရမှာပါ။ ကမ္ဘာ့ကျော် စနိုက်ပါသမားတွေထဲမှာလဲ အမျိုးသမီးတွေပါတာ ထင်ထင်ရှားရှား တွေ့ရမှာ ဖြစ်ပါတယ်။


ကမ္ဘာကျော်စနိုက်ပါသေနတ်သမားများ

၁။ Simo Häyhä (1939-1940)  ဆောင်းရာသီစစ်ပွဲ

ပစ်မှတ် ၅၀၅ ယောက်ကို ပစ်ခတ် သတ်ဖြတ်နိုင်ခဲ့သည်။

ဖင်လန်နိုင်ငံ စနိုက်ပါသေနတ်သမား ဖြစ်ပြီး ဖင်လန်နိုင်ငံ Viipuri ပြည်နယ် Rautijarvi ရွာတွင် ၁၉၀၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လယ်သမား မိသားစုမှ မွေးဖွားခဲ့သူ ဖြစ်သည်။


၂။ Fyodor Okhlopkov    ဒုတိယကမ္ဘာစစ်ပွဲ

ပစ်မှတ် ၄၂၉ ယောက်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။

ဆိုဗီယက် စနိုက်ပါသေနတ်သမား ဖြစ်ပြီး ရုရှားနိုင်ငံ Krest-Khaldzhay ရွာတွင် ၁၉၀၈ ခုနှစ် မတ်လ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။


၃။ Francis Pagahmagabow   ပထမကမ္ဘာစစ်ပွဲ

ပစ်မှတ် ၃၇၈ ယောက်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။

ကနေဒါ စနိုက်ပါသေနတ်သမား ဖြစ်ပြီး ကနေဒါနိုင်ငံ Ontario ရှိ Shawanaga First Nation Reserve တွင် ၁၈၉၁ ခုနှစ် မတ်လ ၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။


၄။ Carlos Hathcock  ဗီယက်နမ်စစ်ပွဲ

ပစ်မှတ် ၉၃ ယောက်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။

အမေရိကန် စနိုက်ပါသေနတ်သမား ဖြစ်ပြီး အမေရိကန်နိုင်ငံ Arkansas ပြည်နယ် Little Rock တွင် ၁၉၄၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။


၅။ Lyudmila Mikhailovna Pavlichenko   ဒုတိယကမ္ဘာစစ်ပွဲ

ပစ်မှတ် ၃၀၉ ယောက်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။

ဆိုဗီယက် စနိုက်ပါသေနတ်သမား ဖြစ်ပြီး Bila Tserkva (ယူကရိန်းနိုင်ငံ) တွင် ၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမျိုးသမီး စနိုက်ပါသေနတ်သမားတဦး ဖြစ်သည်။


၆။ Vasily Grigoryevich Zaytsev ဒုတိယကမ္ဘာစစ်ပွဲ

ပစ်မှတ် ၂၄၂ ယောက်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။

ဆိုဗီယက်စနိုက်ပါသေနတ်သမားဖြစ်ပြီး  Orenburg ပြည်နယ် Yeleninskoye တွင် ၁၉၁၅ ခုနှစ် မတ် လ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။


၇။ Chris Kyle  အီရန်စစ်ပွဲ

ပစ်မှတ် ၁၆၀ ယောက်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။

အမေရိကန် ရေတပ် SEAL စနိုက်ပါသမားဖြစ်ပြီး Texas Odessa တွင် ၁၉၇၄ ခုနှစ် ဧပြီလ ၈ ရက်တွင် မွေးဖွားခဲ့သည်။


၈။ Henry Norwest  ပထမကမ္ဘာစစ်ပွဲ

ပစ်မှတ် ၁၁၅ ယောက်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။

ကနေဒါ စနိုက်ပါသေနတ်သမားဖြစ်ပြီး Fort saskatchewan Alberta တွင် ၁၈၈၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ဖွားမြင်သည်။


၉။ Adelbert Waldron  ဗီယက်နမ်စစ်ပွဲ

ပစ်မှတ် ၁၀၉ ယောက်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။

အမေရိကန် စနိုက်ပါသေနတ်သမား ဖြစ်ပြီး Syracuse New York တွင် ၁၉၃၃ ခုနှစ် မတ်လ ၁၄ ရက် နေ့တွင် မွေးဖွားသည်။


၁၀။ Chuck Mawhinney ဗီယက်နမ်စစ်ပွဲ

ပစ်မှတ် ၁၀၃ ယောက်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။

အမေရိကန် စနိုက်ပါသေနတ်သမား ဖြစ်ပြီး Oregon Lakeview တွင် ၁၉၄၉ ခုနှစ်တွင် မွေးဖွားသည်။

ကမ္ဘာမှာ နံပါတ်တစ် စနိုက်ပါသမားဖြစ်တဲ့ ဖင်လန်နိုင်ငံသား Simo Häyhä ဆိုတဲ့ စနိုက်ပါသမားတဦးအကြောင်း အနည်းငယ် ပြောပြလိုပါတယ်။ ရန်သူတပ်က  အဖြူရောင်  သေမင်းလို့တောင် နာမည်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံသူနိုင်ငံသားတိုင်းက ကနေ့ထိ သူ့ကို သတိတရရှိကြသလို Simo ဆိုတာနဲ့ နိုင်ငံသားတိုင်း သိကြသလို သူ့အတွက် ဂုဏ်ယူနေကြဆဲဖြစ်တာ တွေ့ရပါတယ်။ သူ့ကို ၁၉၀၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ ဆီးနှင်းတွေကျနေတဲ့အချိန် ရုရှားနဲ့ ဖင်လန်နိင်ငံနယ်စပ်မှာရှိတဲ့ Rautjarvi မြို့ကလေးမှာ မွေးဖွားခဲ့ပါတယ်။ သာမန် လယ်သမားမိသားစုက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

မွေးချင်း ရှစ်ယောက်အနက် ခုနှစ်ယောက်မြောက်သား ဖြစ်ပါတယ်။ ငယ်စဥ်က မိဘရဲ့ လယ်အလုပ်ကို ကူလုပ်ရင်း အမဲလိုက်ရင်းနဲ့ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ သူ နေတဲ့ နယ်မြို့လေးရဲ့ ဒေသတဝိုက်မှာ ကျင်းပတဲ့သေနတ်ပစ် ပြိုင်ပွဲတိုင်းမှာ ထူးထူးချွန်ချွန် အနိုင်ရလေ့ရှိပါတယ်။ အမဲလိုက်တာနဲ့ လယ်လုပ်တာဟာ သူ့ငယ်စဥ်ဘဝ ဖြတ်သန်းမှုလို့ ပြောနိုင်ပါတယ်။ သူ့အသက် ၂၀ ပြည့်တဲ့ ၁၉၂၅ ခုနှစ်မှာ ဖင်လန်အမျိုးသားအပျော်တမ်းတပ်ဖွဲ့ထဲ ဝင်လိုက်ပါတယ်။ ၁၉၃၉-၄၀ ရုရှားနဲ့ ဖင်လန် စစ်ပွဲ စတင်ဖြစ်တော့ သူဟာ ဖင်လန်တပ်မတော်ထဲကို ဝင်လိုက်ပါတယ်။ သေနတ်ပစ်ကျွမ်းကျင်တဲ့အတွက် လက်ဖြောင့်တပ်သားအနေနဲ့ တိုက်ပွဲဝင်ရပါတယ်။

ဖင်လန်ဆောင်းဟာ အလွန်အေးပါတယ်။ အပူချိန် - 40C° ထိ ရှိနေတတ်ပါတယ်။ ဆောင်းတွင်နှင်း တောထဲမှာ အဖြူရောင်နှင်းကာဝတ်စုံကို ဝတ်ပြီး ရုရှားတွေကို ချောင်းမြောင်းပစ်ခတ်လေ့ ရှိပါတယ်။

Simo ဟာ ရုရှား Mosin မျိုးကွဲတိုက်ပွဲဝင်ရိုင်ဖယ်တလက်အပြင် စက်သေနတ်အငယ်စား တလက်ကိုပါ ပူးတွဲအသုံးပြုပြီး တိုက်ပွဲဝင်လေ့ရှိပါတယ်။ ဖင်လန်တွေမှာ သေနတ်ရွေးချယ်ဖို့ များများစားစား အခွင့်အရေးမရကြပါဘူး။ အများစုက ရန်သူ့လက်နက် ကိုယ့်လက်နက်ပါပဲ။

ဖင်လန်တပ်မတော်ရဲ့ အတည်ပြုချက်အရ သူဟာ တိုက်ပွဲကာလရဲ့ အစကနေ အဆုံးထိ ရန်သူ ရုရှား စစ်သည်ပေါင်း ၅၀၀ ကျော်ကို ရက်ပေါင်း ၁၀၀ အတွင်းမှာ သုတ်သင်ခဲ့တယ်လို့ တရားဝင်မှတ်တမ်း ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ သူဟာ စနိုက်ပါသင်တန်း မတက်ခဲ့ဖူးဘူး။ ဒါ့ကြောင့် ချိန်ဆိုဒ် မှန်ပြောင်းတပ်ထားတဲ့ ရိုင်ဖယ်တွေထက် သာမန်ရှေ့ချိန်သီး နောက်ချိန်သီး ညှိထားတဲ့ သေနတ်ကိုသာ ပိုမိုကျွမ်းကျင်စွာ အသုံးပြုခဲ့တဲ့သူ ဖြစ်ပါတယ်။ မှန်ပြောင်းတပ်ထားတဲ့ ရိုင်ဖယ်ကို သုံးတဲ့အခါမှာ သူ့ရဲခေါင်းဟာ မူလထက်ပိုမိုမြင့်တက်နေပြီး ထင်ရှားတဲ့ပစ်မှတ် ဖြစ်နေနိုင်သလို နေရောင်ထိုးတဲ့ အချိန်မှာ မှန်ပြောင်းရဲ့ ရောင်ပြန်ဟပ်ပါတယ်။ နှင်းဒဏ်ကြောင့် မှန်ပြောင်းမှာ အခိုးအငွေတွေ ဖုံးနေတတ်ပါတယ်။ အဲဒီအခိုးအငွေ့တွေဟာ ပစ်မှတ်ကို ဝေဝါးစေလို့ သူဟာ မှန်ပြောင်းမတပ်ထားတဲ့ သေနတ်ကိုပဲ သူ့ရဲ့လက်ဖြောင့်ပစ်ခတ်မှု ဖြစ်စဉ်တွေအတွက် အသုံးပြုခဲ့ပါတယ်။

သူဟာ နှင်းတောထဲမှာ ပုံဖျက် ဖုံးကွယ်နေချိန်အတွင်း နှင်းခဲတွေကို ပါးစပ်မှာငုံထားပြီး အခိုးအငွေ့ ထွက်တာကို ကာကွယ်ပါတယ်။ ရှူထုတ်လိုက်တဲ့လေဟာ ပြင်ပလေနဲ့ထိရင် အငွေ့တွေဖြစ်သွားတာကြောင့် သူ့အတွက်က နှင်းခဲတွေ ငုံထားပြီး အငွေ့မထွက်အောင် နေပါတယ်။ တချက်ကို တယောက် ပစ်သတ်ပြီး အနီးအနားကို ရုရှားတွေ လာကာမှ စက်သေနတ်နဲ့ ထဆွဲလေ့ရှိပါတယ်။ ရုရှားစစ်တပ်က သူ့ကို တန်ပြန်ချေမှုန်းဖို့နဲ့ သူ့ကြောင့် စိတ်ဓာတ်ကျဆင်းနေတဲ့ ရုရှားစစ်သည်တွေကို ပြန်လည်ကုစားဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ ရုရှား လက်ဖြောင့်စစ်သည်တွေနဲ့ လက်နက်ကြီးအကူပစ် တပ်ဖွဲ့တွေကို အသုံးပြုကာ သူ့ကို တန်ပြန်ချေမှုန်းပါတယ်။

၁၉၄၀ မတ်လ ၆ ရက်နေ့မှာ Simo ဟာ ရန်သူရုရှားစစ်သည်တဦး ပစ်ခတ်လိုက်တဲ့ ကျည်ဆန် ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။ ကျည်ဆန်ဟာ ဘယ်ဘက်မေးရိုးကနေ ဖောက်ဝင်ပြီး အတွင်းမှာ ပေါက်ကွဲခဲ့တဲ့အတွက် Simo ဟာ မျက်နှာတခြမ်းလုံး ဆိုးရွားစွာ ပျက်စီးခဲ့ပါတယ်။ သူ ဒဏ်ရာရပြီး တပတ်အကြာ ၁၃ ရက် မတ်လမှာတော့ စစ်ပွဲပြီးဆုံးသွားခဲ့ပါတယ်။ စစ်ပွဲပြီးဆုံးတဲ့အချိန်မှာ ဖင်လန်တပ်မတော်က Simo ကို တပ်ကြပ်ကနေ ဒုဗိုလ်အဆင့်ထိ တိုးမြှင့်ပေးခဲ့ပါတယ်။ Simo ဟာ ၂၀၀၂ ခုနှစ် အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ တော်လှန်ရေးအခင်းအကျင်းတွေမှာ စနိုက်ပါတပ်ဖွဲ့တွေရဲ့ အရေးပါမှုဟာ ကြီးမားလေ့ ရှိပါတယ်။ 

ကနေ့ နွေဦးတော်လှန်ရေးမှာ လူထုတရပ်လုံးက တော်လှန်ရေးဘက်မှာ ရပ်တည်နေပြီဖြစ်လို့  စနိုက်ပါသမား အမျိုးသား၊ အမျိုးသမီးတွေဟာ တော်လှန်သောသူရဲကောင်းတွေအဖြစ် မြင်တွေ့ရတော့မှာ မလွဲပင် ဖြစ်ကြောင်းပါဗျာ။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar