လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ်(၁)
လှကျော်ဇော
(မိုးမခ) မေ ၅၊ ၂၀၂၃
ဇာတ်လမ်းအစ။
၂၀၁၃ခုမတ်လက မော်စကိုနိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်မှာ ရှီကျင့်ပင် မိန့်ခွန်းပေးစဉ်က အနာဂတ်တွေကိုမျှဝေထားတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေးဆိုတဲ့အကြောင်းအရာတခုပါလာပါတယ်။ အဲဒီအဆိုပြုချက် (၁၀)နှစ် ပြည့်အထိမ်းအမှတ်အဖြစ်အခုတလော တရုတ် စာနယ်ဇင်းနဲ့သတင်းကွန်ရက်တွေမှာသုတေသနစာတမ်းဖတ်ပွဲတွေ၊နှီးနှောဖလှယ်ပွဲတွေ အမျိုးစုံလုပ်နေတာတွေ့ရပါတယ်။ ဒီ(၁၀)နှစ်တာကာလအတွင်း ဒီအဆိုပြုချက် ဘယ်လောက်ခရီးပေါက်နေသလဲ ဆိုတာ ကိုဆန်းစစ် လေ့လာပြီး ရှေ့ခရီးဘယ်လိုဆက်ရင်ကောင်းမလဲဆိုတာတွေလည်း ပါပါတယ်။ တချို့နိုင်ငံခြားကသုတေသီတွေလည်း ပါဝင်ဆွေးနွေးအကြံဉာဏ်ပေးနေတာတွေလည်းတွေ့ရပါတယ်။
တကယ်တော့ ဒီလိုစဉ်းစားချက်ဟာ တရုတ်ပြည်လွတ်မြောက်စကတည်းက သန္ဓေစတည်ခဲ့ပုံရပါတယ်။
၂၀၁၉ခုနှစ် တရုတ်ပြည်တည်ထောင်ခြင်း အနှစ် (၇၀)ပြည့် (၁၉၄၉-၂၀၁၉) အထိမ်းအမှတ်အဖြစ် ဗဟို (အမှတ် ၁) ရုပ်မြင်သံကြားအစီ အစဉ်ကတင်ဆက်ပြသခဲ့တဲ့ သံခင်းတမန်ခင်း(Diplomacy) ဆိုတဲ့ ဇာတ်လမ်းတွဲပေါင်း(၄၈)တွဲရှိ ... သတင်းမှတ်တမ်းများနဲ့ရောယှက် ရိုက် ကူးခဲ့တဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲကြီးထဲက တချို့ အခန်းတွေမှာ ဒီလိုမျိုး သဘောထားအစအနလေးတွေတွေ့ရပါတယ်။
၁၉၆၀ခုနှစ်များမှာ လွတ်လပ်ရေးတွေရလာတဲ့ အာဖရိကနိုင်ငံများက အစိုးရခေါင်းဆောင်များ တရုတ်ပြည်ကိုလာရောက်ကြပြီး အဲဒီကာလက ကိုလိုနီနိုင်ငံများရဲ့လွတ်လပ်ရေးလှုပ်ရှားမှုများအတွင်း သြဇာကြီးလှတဲ့ ဥက္က ဋ္ဌမော်စီတုန်းတို့၊ ဝန်ကြီးချုပ်ချိုအင်လိုင်းတို့နဲ့ တွေ့ဆုံကြပါတယ်။
တိုင်းပြည်တည်ဆောက်ရေးများအတွက် အကြံဉာဏ်တွေ၊အကူအညီတွေ၊ တောင်းကြပါတယ်။ ကိုလိုနီလက် ဟောင်းများရဲ့ဗိုလ်ကျမှုတွေကိုလည်း လာရောက်တိုင်တန်းတတ်ကြပါတယ်။
တန်ဇာနီးယား သမ္မတ ဂျိုးဇက်ညီရေးရေးဟာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးသမားကြီးဖြစ်တာကြောင့် အာဖရိကတိုက်ရဲ့စီးပွားရေးဖွံ့ဖြိုးဖို့ ကျန်နိုင်ငံများကိုစည်းရုံးပြီးကြိုးစားလုပ်ဆောင်ပါတယ်။ သူနိုင်ငံနဲ့ကပ်နေတဲ့ ကြေးနီအမြောက်အမြားထွက်တဲ့ ဇမ်ဘီယာဟာ ကုန်းတွင်းပိတ်နိုင်ငံလေးပါ။ ဒီကြေးနီတွေ ပင်လယ်ဆိပ်ရောက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးလိုပါတယ်။ ဒါကြောင့် တန်ဇာနီးယားနဲ့ ဇမ်ဘီယာ ရထားလမ်း ဖောက်ဖို့ ညီရေးရေးဟာ အများကြီး ကြိုးစားပါတယ်။ အမေရိကန်၊ (အဲဒီကာလ)ဆိုဗီယက်ယူနီယံ၊ ဥရောပနိုင်ငံများ၊ ကမ္ဘာဘဏ်၊ စသဖြင့် နေရာစုံမှာအကူအညီတောင်းဖူးပါတယ်။ မြေပြင်အနေအထား (တောတောင်ထူထပ်လွန်းလို့)ကြောင့်ရော၊ အကျိုးအမြတ်သိပ်မမြင်တာကြောင့်ရော၊ အားလုံးက မဖြစ်နိုင်ဘူး ဆိုပီး ပယ်ချထားပါတယ်။
ညီရေးရေး တရုတ်ပြည်လာလယ်ရင်း ဝန်ကြီးချုပ်ချိုအင်လိုင်းကို ဒီကိစ္စ ပြောပြပါတယ်။ ချိုအင်လိုင်းက မော်ဆီတင်ပြပြီး မီးရထားဌာနက ပညာရှင်များနဲ့အခိုင်အမာဆွေးနွေးတိုင်ပင်ညှိနှိုင်းပါတယ်။ ချိုရော၊ မော်ပါ ဒီကိစ္စကို ... သာမန်တည်ဆောက်ရေးကိစ္စလောက်လို့သာမကြည့်မြင်ဘဲ၊ ကမ္ဘာသံခင်းတမန်ခင်းမျက်နှာစာမှာ တရူတ်ပြည်ပါဝင်လာနိုင်ရေးအတွက် အခွင့်ကောင်းလို့သဘောထားပါတယ်။ ဒါကိုချိုအင်လိုင်းက သူ့ပညာရှင်များကိုလည်းချပြထားပါတယ်။ ဒါ့ကြောင့်ပဲ တရုတ် အင်ဂျင်နီယာများက နည်းလမ်းပေါင်းစုံနဲ့ မဖြစ်ဖြစ်အောင်လုပ်ဆောင်ပါ့မယ်လို့ အာမခံလိုက်ကြပါတယ်။ ဒီတင် ချိုအင်လိုင်းက ညီရေးရေးကို ကျွန်တော်တို့ကူညီမယ် လို့ကတိပြုလိုက်ပါတယ်။
ညီရေးရေးက ဝမ်းသာအားရနဲ့ ကျွန်တော်က အစကတည်းက တရုတ်ပြည်က ကူညီနီုင်မှာပဲ လို့ယုံကြည်ပြီးသားပါ။ ဒါပေမဲ့ ဇမ်ဘီယာက လူတွေတော့ ကျွန်တော်လွှတ်လိုက်ဦးမယ်။ သူတို့ကို နားချပေးပါ။ ...လို့ပြောပြန်သွားပြီး ဇမ်ဘီယာ သမ္မတ ကက်နက်ခွန်အွန်တာ- ကို တရုတ်ပြည်ကို လွှတ်လိုက်ပါတယ်။
ခွန်အွန်တာနဲ့ ဥက္ကဋ္ဌမော်တွေ့ဆုံဆွေးနွေးခန်းဟာ သမိုင်းဝင်ထူးခြားချက်များရှိပါတယ်။
ခွန်အွန်တာဟာ မော်ကိုရော၊ တရုတ်ပြည်အပေါ်မှာရော လေးစားမှုရှိပေမဲ့၊ ဒီလို အကြီးစား တည်ဆောက်ရေးစီမံကိန်းကို ငွေရေးကြေးရေးအရရော၊ အတတ်ပညာအရပါ တရုတ်ပြည်ကလုပ်နိုင်လိမ့်မယ် လို့ ထင်မထားပါဘူး။ ဒီတော့ မော်နဲ့တွေ့တဲ့အခါ- ခွန်အွန်တာက...
....ဒီစီမံကိန်းရဲ့ကုန်ကျစားရိတ်တွေကို ကျွန်တော်တို့ဘယ်လိုဆပ်ရမလဲ...လို့မေးပါတယ်။
မော်က ...ကျွန်တော်တို့ကဆင်းရဲသားချင်းအတူတူပါပဲ။ ဒါပေမဲ့ကျွန်တော်တို့လွတ်လပ်တာ ခင်ဗျားတို့ထက်စောတော့ ကျွန်တော်တို့က အစ်ကိုကြီးအနေနဲ့အတတ်နိုင်ဆုံးကူညီရမှာပေါ့။ ချေးငွေကိစ္စကတော့နောင်ခင်ဗျားတို့အဆင်ပြေလာမှပြောကြတာပေါ့။ ...ပြောပါတယ်။
ခွန်အွန်တာ ... တရုတ်ပြည်အနေနဲ့ဒီလောက်အစစအရာရာချို့တဲ့နေချိန်၊တိုင်းပြည်တည်ဆောက်ရေးကိုခဲရာ ခဲဆစ်လုပ်နေရချိန်မှာ ... ဒီလိုကူညီမှုအတွက်သိပ်ကျေးဇူးတင်ပါတယ် ။... ... ။
မော်...ကျွန်တော်တို့ခင်ဗျားတို့ကိုကူညီတာကျွန်တော်တို့အကျိုးလည်း ပါပါတယ်။ ခင်ဗျားတို့နိုင်ငံတွေတိုးတက်ဖွံ့ဖြိုးလာမှ ကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုရေရှည်ထိန်းသိမ်းနိုင်မှာပါ။ ... တဲ့။
ဒီစကားဟာ အခုနောက်ခေတ်အဆက်ဆက် တရုတ်ခေါင်းဆောင်များရဲ့ အပြန်အလှန်အကျိုးရှိရေး(win-win)ဆိုတဲ့မူရဲ့ အခြေခံအမြင်ဖြစ်ပုံရပါတယ်။
ဒီအမြင်ကိုခေတ်ကာလအလိုက်အဆင့်ဆင့်တိုးတက်ဖြည့်ဆည်းပြီးအခု (ကမ္ဘာပြုမှုခေတ်မှာ) ရှီကျင့်ပင်ရဲ့... အနာဂတ်တွေကိုမျှဝေထားတဲ့လူ့အဖွဲ့အစည်းတည်ဆောက်ရေး ... ဆိုတဲ့ မူပေါ်ထွက်လာတာပါ။
မော်ကခွန်အွန်တာကိုဆက်ပြောတဲ့အထဲမှာအလွန်မှတ်သားဖွယ်စကားတရပ်လည်းပါပါတယ်။
.... ခင်ဗျားတို့လဲ တခြားစဉ်းစားချက်တွေရှိရင် ဆက်လုပ်ပါ။ (သဘောက တခြားကူညီနိုင်မဲ့သူရှိရင် ရှာပါ...ဆိုတဲ့ အဓိပ္ပာယ်ပါ။) အဲဒီအခါမှာ ခင်ဗျားတို့အတွက် အကျိုးရှိမယ်ဆိုရင် ... ကျွန်တော်တို့ကို တရုတ်ပြည်က ဒီလို ဒီလိုကမ်းလှမ်းထားတာတွေရှိတယ် ဆိုပြီးပြောလို့ရပါတယ်။ ... တဲ့။
ဒီမှာတင် ခွန်အွန်တာ ဟာ မော်အပေါ်မှာ ရော၊ တရုတ်ပြည်အပေါ်မှာရောယုံကြည်စိတ်ချရတဲ့မိတ်ဆွေ ၊အားကိုးအားထားပြုရမဲ့မိတ်ဆွေဆိုတာကို ဘ ဝင်ကျသွားပါတော့တယ်။
တကယ်တော့...အဲဒီကာလမှာ မော်ဟာ သူ့ရဲ့ကျော်ကြားလှတဲ့...သုံးကမ္ဘာ သဘောတရား...ဆိုတာကိုတဖြည်း ဖြည်းအကောင်အထည်ဖော်နေတာပါ။
အင်အားလွန်နိုင်ငံကြီး နှစ်နိုင်ငံ(အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံ)ကပထမကမ္ဘာ၊ ကျန်ဖွံ့ဖြိုးပြီးနိုင်ငံများ(ဥရောပ၊ဂျပန်)က ဒုတိယကမ္ဘာ၊ ကျန် ကိုလိုနီဘဝကလွတ်မြောက်ခါစအာရှ၊ အာဖရိက၊ လက်တင်အမေရိက က (ဖွံ့ဖြိုးဆဲနိုင်ငံများ) ကတတိယကမ္ဘာလို့ ခွဲခြမ်းစိတ်ဖြာပြီး ဒီတတိယ ကမ္ဘာနိုင်ငံများအကြားတပ်ပေါင်းစုဖွဲ့ရေးကို ကြိုးစားခဲ့တာပါ။
ဒီအခြေခံမူပေါ် ရပ်တည်ပြီး ပိုမိုတရားမျှတတဲ့ ဝင်ရိုးစွန်းအများအပြားရှိတဲ့ နိုင်ငံတကာစနစ်သစ်တရပ် ပေါ် ပေါက်ရေးအတွက် အခုခေတ်အခါနဲ့ ကိုက်ညီတဲ့အတွေးအမြင်တွေကို တီထွင် ရှာဖွေ စမ်းသပ်လုပ်ဆောင်ကြည့်နေတဲ့ တရုတ်ပြည်က ကမ္ဘာတပ်ပေါင်းစုပေါ်လစီသစ် (သို့မဟုတ်) အနာဂတ်တွေကိုမျှဝေထားတဲ့လူ့ အဖွဲ့အစည်းတည်ဆောက်ရေး- (building a community with a shared future for mankind) ဆိုတဲ့ မူကို တင်လာပုံရပါတယ်။
နောက်အပတ်မှာ တော့ ဒီမူကို ဘက်စုံကဘယ်လိုကြိုးစားအကောင် အထည်ဖော်နေကြတယ်ဆိုတာ ရေးပါဦးမယ်။
လှကျော်ဇော
၄-၅-၂၀၂၃။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar