ကမ္ဘာ့သတင်း လွတ်လပ်ခွင့်အထိမ်းအမှတ်နေ့၊ ကဆုန်လပြည့်နေ့ လွတ်ငြိမ်းခွင့်ကြေညာချက်နဲ့ NUG ရဲ့ သတင်းစာရှင်းလင်းပွဲ
မြန်မာနွေဦး ခရိုနီကယ် - မေ ၃ မြင်ကွင်း
(မိုးမခ) မေ ၄၊ ၂၀၂၃
ကမ္ဘာ့သတင်း လွတ်လပ်ခွင့်အထိမ်းအမှတ်နေ့၊ ကဆုန်လပြည့်နေ့ လွတ်ငြိမ်းခွင့်ကြေညာချက်နဲ့ NUG ရဲ့ သတင်းစာရှင်းလင်းပွဲ
မေလ ၃ ရက်နေ့ဟာ ကုလသမဂ္ဂက သတင်းလွတ်လပ်ခွင့် ပိုမိုတိုးတက်လာဖို့အလို့ငှာ အထိမ်းအမှတ်အနေနဲ့ သတ်မှတ်ထားတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ World Press Freedom Day ဖြစ်ပါတယ်။ ဒီနေ့မှာ ကုလသမဂ္ဂက ကမကထလုပ်ကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆု ပေးတာ၊ ညီလာခံကျင်းပတာတွေကို နှစ်စဥ် ကမ္ဘာ့နိုင်ငံတနိုင်ငံရဲ့ မြို့တော်မှာ ကျင်းပလေ့ရှိပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၈ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်ဆုဖြစ်တဲ့ Guillermo Cano ဆုကို ရိုက်တာသတင်းထောက် ၂ ဦးကို ချီးမြှင့်ခဲ့ဖူးပါတယ်။ အဲဒီနှစ်က ရိုက်တာသတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ ချီးမြှင့်ခံရစဥ် သူတို့၂ ဦးက အကျဥ်းထောင်ထဲ နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံထားရ တာဖြစ်ပါတယ်။
ဒီနှစ် ၂၀၂၃ ခုနှစ်အတွက် ဒီဆုကို အီရန်နိုင်ငံက အကျဥ်းကျခံနေရတဲ့ အမျိုးသမီးသတင်းသမား ၃ ဦးကို ပူးတွဲပေးအပ်ခဲ့ပါတယ်။
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ကျင်းပတဲ့ ခုနှစ် မေလ ၃ ရက်နေ့မှာတော့ မြန်မာသတင်းသမား ၅၀ လောက် အကျဥ်းထောင်ထဲမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပြီး တိုက်ဆိုင်စွာ စစ်ကောင်စီက ကြေညာတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ သတင်းသမား ၅ ဦးလွတ်မြောက်လာခဲ့တဲ့ နေ့လည်း ဖြစ်ပါတယ်။ သတင်းသမား ၅၀ ဦး ဖမ်းဆီးခံထားရပြီး ပြစ်ဒဏ်ချမှတ်ပြီး သို့မဟုတ် အမှုရင်ဆိုင်နေဆဲ ၄၅ ဦး အကျဥ်းထောင်တွေထဲ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။
ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့်က ကမ္ဘာ့နိုင်ငံတွေမှာ အာဏာရှင်တွေ ရဲ့ သတင်းမီဒီယာ သမားတွေကို ဖမ်းဆီးနှိပ်စက်မှုတွေ၊ ရွေးကောက်ပွဲနဲ့ အာဏာရလာတဲ့ authoritarian ခေါင်းဆောင်တွေ၊ လက်ယာစွန်း ရောက်အစိုးရတွေရဲ့ သတင်းမီဒီယာတွေအပေါ် တင်းတင်းမာမာ ကိုင်တွယ်ဆောင်ရွက်မှုတွေ၊ အမျိုးသားရေး ဝါဒီနိုင်ငံရေးသမားတွေ ပါတီတွေက လူထုကို သွေးထိုးလှုံ့ဆော်ပြီး သတင်းမီဒီယာသမားတွေကို ရန်ပြုဖို့ လုပ်ဆောင်မှုတွေ၊ ဒုစရိုက်ဂိုဏ်းတွေက ၄င်းတို့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ရေးသားဖေါ်ပြတာ မလုပ်ဖို့ ခြိမ်းခြောက်မှုတွေ စတဲ့ ဖြစ်ရပ်တွေက ပိုမိုများပြားလာနေပြီး ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ အပြင်းထန်ဆုံးလို့ဆိုနိုင်တဲ့ ယူကရိန်း-ရုရှားစစ်ပွဲ မှာ အသက်ဆုံးရှုံးရတဲ့ သတင်းထောက်တွေ စတဲ့ဖြစ်ရပ်တွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်က နိမ့်ကျလာတဲ့ဘက်ကို ဦးတည် ညွှန်ပြနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းက ယခုနှစ်မှာ အဆင့် ၁၇၃ သို့ ရောက်ရှိနေတယ်လို့ RSF အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ယမန်နှစ်က ၁၇၆ ဖြစ်ပြီး အခုနှစ်မှာ မြန်မာရဲ့ နောက်မှာ ၇ နိုင်ငံ ထပ်ရောက်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။
ကဆုန်လပြည့်နေ့ မှာ ကြေညာတဲ့ စစ်ကောင်စီရဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျ အကျဥ်းသား အကျဥ်းသူ ၂၁၅၃ ဦးကို ပြစ်ဒဏ်ကျန် ခံဝန်ကတိလက်မှတ်ထိုးပြီး လွှတ်ပေးတဲ့ ကြေညာချက် ရုတ်တရက် ထွက်ပေါ်လာပါတယ်။
ယခင်လ သင်္ကြန်နှစ်ဆန်းတရက်နေ့မှာလည်း အကျဥ်းသား ထောင်ဂဏန်းနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ကြေညာခဲ့တာ ဖြစ်ပြီး တလမကြာခင်မှာ အခုလို ထပ်မံကြေညာတာဖြစ်ပါတယ်။ နှစ်ဆန်းတရက်နေ့ လွတ်ငြိမ်းခွင့်မှာ နိုင်ငံရေး ပုဒ်မနဲ့ မဆိုစလောက်သာ ပါရှိခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေသာ အများစုပါဝင်ခဲ့တာဖြစ်ပြီး အခု ကဆုန်လပြည့်နေ့ လွတ်ငြိမ်းခွင့်မှာတော့ စစ်အာဏာသိမ်းအပြီး ၂ပတ်အကြာမှာ ရာဇသတ်ကြီး ဥပဒေထဲ ပြင်ဆင်ထည့်သွင်းထားတဲ့ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၂၁၅၃ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဖမ်းဆီးမှုတွေမှာ အများဆုံးအသုံးပြုတဲ့ ပုဒ်မဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဒီပုဒ်မနဲ့ ဖမ်းဆီး တရားစွဲဆိုခံရသူပေါင်း အနည်းဆုံး ၄/၅ ထောင်ကနေ သောင်းဂဏန်းလောက်ထိ ရှိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီး တရားစွဲဆိုမှုပေါင်း ၁၇၀၀၀ ကျော်ရှိတယ်လို့ စာရင်းကောက်ယူတဲ့ အဖွဲ့တွေက ထုတ်ပြန်ကြရာမှာ ၅၀၅-က ကို အသုံးပြုတာအများဆုံး ဖြစ်တာတွေ့ရပါတယ်။
ခုလို ပုဒ်မ ၅၀၅-က ကို သီးသန့်ကြေညာခြင်းက စစ်ကောင်စီရဲ့ ဆန္ဒကြောင့် လုပ်တာလို့တော့ မယူဆမိပါဘူး။ နိုင်ငံတကာက တိုက်တွန်းမှု၊ ညှိနှိုင်းပြောဆိုမှုကို တုံ့ပြန်တဲ့ လုပ်ဆောင်ချက် တခုဖြစ်ဖို့ အလားအလာများပါတယ်။
ခု လတ်တလော မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီ ခေါင်းဆောင်၊ အရင် စစ်ဗိုလ်ချုပ်ဟောင်း စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ သွားရောက်တွေ့ဆုံတဲ့ သတင်းတွေ ပါရှိလာပြီးနောက်မှာ အခုလို ပုဒ်မ ၅၀၅-က နဲ့ အကျဥ်းသား ၂ ထောင်ကျော် လွှတ်ပေးပြီး စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး အဖြစ်အပျက်တွေနဲ့ ဆက်နွှယ်ကာ သေဒဏ်ချမှတ်ထားသူ ၃၈ ဦး ကို တသက်တကျွန်း ပြောင်းလဲလိုက်တယ်ဆိုတဲ့ ကြေညာချက်လည်း မေလ ၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ဆက်လက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ခုလို ရုတ်တရက် နိုင်ငံရေး အကျဥ်းသား ၂ ထောင်ကျော်နဲ့ သေဒဏ်ချမှတ်ထားသူ ၄၀ နီးပါးကို ပြစ်ဒဏ်ပြောင်းလိုက်တာဟာ အပြုသဘော ဆောင်တယ်လို့ ထင်မြင်ခံရအောင် လုပ်ဆောင်တာလို့ ကောက်ချက်ချရပြီး အာဆီယံ မူ ၅ ချက်ကို အကောင်အထည်ဖော်တယ်လို့ ဆိုဖို့ရာအတွက်တော့ အဝေးကြီးကွာလှမ်းနေတဲ့အခြေအနေ ဖြစ်ပါတယ်။
ဒီနေ့မှာပဲ အမျိုးသားညီညွတ်ရေး အစိုးရကလည်း အွန်လိုင်းသတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပခဲ့ပြီး အစိုးရဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ရောက်နေတဲ့အခြေအနေနဲ့ စစ်ရေး နိုင်ငံရေး ရလဒ်တွေကို သတင်းမီဒီယာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြို့နယ် ၂၅၀ ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားရှိပြီး တနိုင်ငံလုံးမှာ NUG လက်အောက်ခံ စစ်ကြောင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားနိုင်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်နိုင်တဲ့ စစ်သည်အရေအတွက် အားဖြင့် စစ်ကောင်စီတပ်အင်အားထက် သာလွန်တဲ့ အနေအထားရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။ လက်နက်အင်အားက လူအရေအတွက်အားလုံးကို ပြည့်ပြည့်စုံစုံ တပ်ဆင်ထားနိုင်ပြီလားဆိုတာတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။
တိုက်ခိုက်ရေး တပ်သားအင်အား သာလွန်တယ်ဆိုတဲ့ အချက်က အငြင်းပွားစရာမရှိပါဘူး၊ လက်နက်ပြည့်စုံအောင် တပ်ဆင်နိုင်ဖို့နဲ့ တခုတည်းသော အမိန့်ပေးစနစ်အောက်မှာ လှုပ်ရှားဖို့အတွက်တော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်နေဦးမှာဖြစ်ပြီး ဗျူဟာမြောက်တိုက်ပွဲတွေ တိုက်နိုင်ဖို့ လက်နက်ယန္တရား၊ စစ်အသုံးစရိတ် ငွေကြေးတွေလည်း ဖြည့်ဆည်းနိုင်ဖို့ အရေးကြီးနေဦးမယ့် သဘောလို့ ယူဆရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ စစ်သား ၃ သောင်းနီးပါး သေဆုံးနိုင်တယ်လို့ NUG ရဲ့ အစီရင်ခံမှုမှာ ပါရှိပါတယ်။
ခြုံငုံသုံးသပ်ရရင် မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် လူပေါင်း အနည်းဆုံး ၃ သောင်းကနေ ၄ သောင်းဝန်းကျင် အကြား သေဆုံးခဲ့ကြပြီး ဖြစ်တယ်လို့ ကောက်ချက်ချရမယ့် အနေအထားဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar