ကမ္ဘာ့အလုပ်သမားနေ့ နဲ့ မြန်မာနိုင်ငံက အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှု
မြန်မာနွေဦး ခရိုနီကယ် - မေ ၁ မြင်ကွင်း
(မိုးမခ) မေ ၂၊ ၂၀၂၃
ကမ္ဘာ့အလုပ်သမားနေ့ နဲ့ မြန်မာနိုင်ငံက အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှု
မေလ ၁ ရက်နေ့ဟာ ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပါတယ်။ စက်မှုတော်လှန်ရေး ခေတ်၊ အရင်းရှင်စနစ် ထွန်းကားလာတာနဲ့အတူ အရင်းရှင် လုပ်ငန်းရှင်တွေက အကျိုးအမြတ်များများ ရနိုင်သလောက် ရရှိလိုတဲ့ ဆန္ဒနဲ့ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေအတွက် အရင်းအနှီးစုဆောင်းဖို့ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းက ရရှိတဲ့အကျိုးအမြတ်တွေထဲက အလုပ်သမားတွေကို အနည်းဆုံးခွဲဝေပေးပြီး အရင်းအနှီး ထုတ်သူလုပ်ငန်းရှင်၊ ရှယ်ယာရှင်၊ စီမံခန့်ခွဲသူတွေက အကျိုးအမြတ်များများ ခံစားချင်တဲ့ ဆန္ဒ၊ ၄င်းအခြေအနေကို အားပေးအားမြှောက်ပေးတဲ့ အလုပ်သမား ဥပဒေတွေ၊ အရင်းရှင်အစိုးရတွေ အချို့သောအခြေအနေမှာ ဆိုရှယ်လစ်၊ ကွန်မြူနစ် အာဏာရှင်အစိုးရတွေက အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အနိမ့်ဆုံးခွင့်ပြုကာ အသာစီး အပေါ်စီးယူ၊ ခေါင်းပုံဖြတ်ကြတာ ဖြစ်ပါတယ်။
စက်မှုတော်လှန်ရေးဟာ လူ့သမိုင်းအတွက် တိုးတက်မှုတရပ် ဖြစ်သော်လည်း စက်မှုတော်လှန်ရေး ရဲ့နိုင်ငံရေး အုပ်ချုပ်မှုအပိုင်းမှာ ကုန်ထုတ်လုပ်မှုစွမ်းအား အဆတိုးနဲ့ တိုးတက်လာတာတွေရဲ့ အကျိုးရလဒ်ကို အရင်းအနှီးစိုက်ထုတ်သူတွေကသာ အများစုခံစားရပြီး ဒီကုန်ထုတ်လုပ်မှုစွမ်းအားမှာ လုပ်အားစိုက်ထုတ်ရသူ အလုပ်သမားတွေကို စားသောက်နေနိုင်ရုံ၊ အလုပ်လုပ်နိုင်ရုံမျှသော ခံစားခွင့်အခွင့်အရေး သာပေးခဲ့ကြတာကြောင့် အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့တဲ့ မေဒေးနေ့ ကို ကမ္ဘာ့အလုပ်သမားနေ့ အဖြစ်သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေးကို ပိတ်ပင်ကန့်သတ်သူ၊ ခေါင်းပုံဖြတ်သူတွေဟာ အရင်းရှင်တွေသာ ဖြစ်တယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ထားကြသော်လည်း ဖြတ်သန်းခဲ့တဲ့ ခေတ်ပြိုင်သမိုင်းကို ကြည့်ရင် ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ စစ်အာဏာရှင် စတဲ့ နိုင်ငံအချို့ ခေါင်းဆောင်အချို့ရဲ့အောက်မှာလည်း အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေကြရတာ အများအပြားရှိတာတွေ့ရမှာြဖစ်ပါတယ်။
အရင်းရှင်စနစ်အောက်မှာတော့ အရင်းရှင် လို့ နိုင်ငံရေးစကားလုံးနဲ့ခေါ်ဆိုကြတဲ့ လုပ်ငန်းတခုကို ရင်းနှီးမြှုပ်နှံသူ၊ ကုမ္ပဏီ၊ ကုမ္ပဏီရဲ့ စီမံခန့်ခွဲသူတွေက အလုပ်သမားအခွင့်အရေးကို တတ်နိုင်သမျှ နည်းနည်းပေးဖို့ လိုလားကြပြီး နိုင်ငံတွေရဲ့ အစိုးရတွေက ဒီလိုဥပဒေကို ဘယ်လောက်ထိ အလုပ်သမားအခွင့်အရေး အသိအမှတ်ပြု အကာအကွယ်ပေး သလဲအပေါ်မူတည်ကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာလည်း အရင်းရှင်စနစ်က ပေါ်ထွန်းနိုင်ပြီး အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကို အာဏာရှင် အစိုးရတွေက ကန့်သတ်ချုပ်ချယ်ထားတာ၊ အရင်းအနှီးစိုက်ထုတ် လုပ်ကိုင်တဲ့ ကုမ္ပဏီကြီးတွေ၊ ခရိုနီ လို့ခေါ်တဲ့ အာဏာရှင်နဲ့ အလွမ်းသင့် ဦးစားပေး အခွင့်အရေးရသူတွေကို အကျိုးအမြတ်ရဖို့ အလုပ်သမားအခွင့်အရေးတွေကို ချုပ်ချယ်ကန့်သတ်ထားကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အခု ရည်ညွှန်းသလို အာဏာရှင် နိုင်ငံတွေ အမျိုးအစားထဲပါဝင်နေပြီး၊ အရင်းရှင်စနစ် ပီပီပြင်ပြင် ဖွံ့ဖြိုးတဲ့နိုင်ငံ စက်မှု လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွန်းကားတဲ့ နိုင်ငံမဟုတ်သော်လည်း အရင်းရှင်စနစ်မှာ အာဏာရှင်တွေနဲ့ အလွမ်းသင့်တဲ့ လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးကာ အလုပ်သမားအခွင့်အရေးတွေ ကန့်သတ်ခံထားရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အထည်ချုပ်လို လုပ်ငန်းတွေ၊ လုပ်ခစား လက်ခံစား ပြည်တွင်းနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေမှာ လုပ်ကိုင်နေကြရတဲ့ အလုပ်သမားတွေ၊ ပြည်တွင်းစျေးကွက်အတွက်ပဲ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေ လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေက အလုပ်သမားတွေ အဖို့ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေး မရရှိကြတဲ့ အနေအထားဖြစ်ပါတယ်။
စစ်အာဏာမသိမ်းမီ ပြီးခဲ့တဲ့ ၁၀ စုနှစ်တခုစာ ကာလအတွင်း အလုပ်သမား သမဂ္ဂဖွဲ့စည်းခွင့်၊ အလုပ်သမားအရေး ဆောင်ရွက်ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါ်ထွန်းလာတာ၊ အလုပ်သမား ဆန္ဒပြမှုတွေကို နိုင်ငံရေး အရိပ်မပါဘဲ အလုပ်သမားအခွင့်အရေးအဖြစ် ရှုမြင်လာကြတာတွေဟာ အာဏာရှင် ခေတ်အဆက်ဆက် မရခဲ့ဖူးတဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်ပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်မှာ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေကို နိုင်ငံရေး လှုပ်ရှားမှုအဖြစ် ပြန်လည်ရောနှော ရှုမြင်ကာ အလုပ်သမား အခွင့်အရေး အဖွဲ့အစည်းတွေ ပြည်ပကို တိမ်းရှောင်သွားကြရတာမျိုး၊ အလုပ်သမားအခွင့်အရေး နှိုးဆော်သူ၊ ရပ်တည်သူတွေ အသံထွက်လို့မရအောင် ဖိနှိပ်ချုပ်ချယ်ထားမှုမျိုးတွေ ကြုံတွေ့လာရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အလုပ်သမားအခွင့်အရေး ဘာတွေ ဆုံးရှုံးနေသလဲလို့ မေးရင် ပထမဆုံး လုပ်ခလစာ သတ်မှတ်ချက် ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ၂ နှစ်တခါမှာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ရင် ပြင်ဆင်သတ်မှတ်ဖို့ အလုပ်သမားအခွင့်အရေး ဥပဒေ၊ နည်းဥပဒေတွေနဲ့ သတ်မှတ်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တရက်လုပ်အားခ ၃၆၀၀ ကျပ်၊ ၂၀၁၈ ခုနှစ်ကနေ အခုလက်ရှိအချိန်ထိ ၄၈၀၀ ကျပ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ လုပ်အားခ သတ်မှတ်ချိန် ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ် ငွေကြေးဖောင်းပွမှု လူနေမှု စရိတ်မြင့်တက်လာမှုကို နှိုင်းယှဥ်ရင် အဆနဲ့ချီ မြင့်တက် ပြောင်းလဲပြီး ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် နဲ့ ၂၀၂၃ ခုနှစ်ကို နှိုင်းယှဥ်ကြည့်ရင်တောင် ဒေါ်လာ ငွေတန်ဖိုးက ၂ ဆနီးပါး၊ ဆန်စျေးနှုန်းက ၁ ဆခွဲကျော် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းဘတ်ငွေနဲ့ မြန်မာငွေလဲနှုန်းက စစ်အာဏာသိမ်းမှုမတိုင်ခင်က တဘတ်ကို ကျပ် ၅၀ ခန့်သာရှိခဲ့ရာက အခုအခါ ကျပ် ၈၀ ကျော်အထိရောက်ရှိနေတာဖြစ်ပါတယ်။ ဒီ ကိန်းဂဏန်းတွေကို ကြည့်ရင် မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ တရက်အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ်ဟာ မြင့်တက်လာတဲ့ စားသောက်ကုန်နဲ့ နေထိုင် ငှားရမ်းခတွေနဲ့ ဘယ်လိုမှ မကာမိတဲ့ နှုန်းထား ဖြစ်နေတာ တွေ့ရမှာပါ။ သို့ပေမဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေ၊ အလုပ်သမားအခွင့်အရေး လုပ်ဆောင်တဲ့အဖွဲ့အစည်းတွေကို စစ်အာဏာရှင်တွေက နိုင်ငံရေး မျက်မှန်နဲ့ ကြည့်ရှုပြီး ကန့်သတ် ဖိနှိပ်လုပ်ဆောင်နေတာကြောင့် နိမ့်လွန်းတဲ့ တနေ့ လုပ်အားခနှုန်းထားနဲ့သာ ဆက်လက် လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ ၊ လုပ်ငန်းရှင်တွေဘက်ကလည်း စစ်အာဏာသိမ်းမှုကြောင့် ရိုက်ခတ်လာတဲ့ နိုင်ငံရေးအကျိုးဆက်ကြောင့် ထိခိုက်တဲ့ ဝင်ငွေ၊ အမြတ်၊ မတည်ငြိမ်တဲ့ ငွေလဲနှုန်း၊ စစ်အာဏာသိမ်းမှုအပြီး မြင့်တက်လာတဲ့ လာဘ်စားမှု စတာတွေကြောင့် ကုန်ကျစရိတ်၊ ဆုံးရှုံးမှုတွေကို နိမ့်ကျနေတဲ့ အလုပ်သမား လုပ်အားခရဲ့ အားသာချက်နဲ့ ဖြည့်ဆည်း လုပ်ကိုင်နေကြတဲ့ သဘောလို့ မှန်းဆရပါတယ်။
စစ်အာဏာရှင်စနစ်အောက်မှာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေက ဖော်ထုတ်ဖွင့်ချပြောဖို့တောင် ခက်ခဲနေတဲ့ အခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar