Breaking News

လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၃)

ပီကင်းရှိ AIIB ဌာနချုပ်။
ပီကင်းရှိ AIIB ဌာနချုပ်။

လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၃)

(မိုးမခ) မေ ၂၁ ၊ ၂၀၂၃


အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်

Asia-Infrastructure-Investment-Bank。A。I。I。B

ဂျပန်မှာ မေလ (၁၃-၁၅) ရက်နေ့များမှာ ကျင်းပခဲ့တဲ့ ဂျီ (၇) ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးမှာ ဗြိတိသျှ ဘဏ္ဍာရေးဝန်ကြီး (JeremyHunt)က "ကျွန်တော်တို့ကို ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ(Global South--ဖွံ့ဖြိုးဆဲနိုင်ငံများကို ဆိုလို)က ရုရှား ကျူးကျော်မှုများကို ကျွန်တော်တို့နဲ့ ညီညီညွတ်ညွတ် တုံ့ပြန်ဖို့ မရပ်တည်တာအပါအဝင် မထောက်ခံမှုများဟာ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ပြန်လည် ဆန်းစစ်သင့်ပါတယ်"လို့ ပြောတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖတ်လိုက်ရပါတယ်။

တကယ်တော့ ဂျီ (၇) ဆိုတာ ချမ်းသာတဲ့ နိုင်ငံများရဲ့အဖွဲ့ဖြစ်ပြီး သူတို့ရဲ့ အကျိုးစီးပွားကို အဓိကထား ဆွေးနွေးတာ ဖြစ်ပါတယ်။ 

၁၉၇၀ ပြည့်နှစ်များကတော့ ဂျီ (၇) နိုင်ငံများရဲ့ စုစုပေါင်း(ဂျီ-ဒီ-ဘီ)ဟာ တကမ္ဘာလုံး(ဂျီ-ဒီ-ဘီ)ရဲ့ (၈၀%) ရှိခဲ့ပေမယ့် အခု ၂၀၂၃ မှာတော့ (၄၀%) ကို ကျဆင်းသွားပါပြီ။ တခြားဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ စီးပွားရေးဟာ တရှိန်ထိုး တိုးတက်လာနေတာဖြစ်တော့ ကမ္ဘာ့တဝန်း စီးပွားရေးနဲ့ ဘဏ္ဍာရေးနယ်ပယ်တွေမှာ အဲဒီ ကမ္ဘာတောင်ပိုင်းနိုင်ငံများအနေနဲ့ ပိုမို ပြောရေးဆိုခွင့်တွေ ရလာနေပါတယ်။ (ကုလသမဂ္ဂဝင် နိုင်ငံပေါင်း ၁၅၀ ကျော်ဟာ ဒီစာရင်းမှာ ပါဝင်နေတာပါ။) ဒီတော့ ဂျီ (၇) ရဲ့ သြဇာလည်း ကျလာတာပေါ့။

၁၉၇၈ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ ကျင့်သုံးလာတဲ့  တရုတ်နိုင်ငံဟာ အရင်းရှင် ဂလိုဘယ်လာဇေးရှင်းလှိုင်းကို စီးပြီး အရင်းရှင် လွတ်လပ်တဲ့ ဈေးကွက်မူများကို သူ့နိုင်ငံအခိုင်အမာ အခြေအနေများနဲ့အညီ လုပ်ဆောင်ပြီး စီးပွားရှာလာရာမှာ အနှစ် ၂၀ ကျော်လာတော့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၃  ထရီလီယံကျော်ရှိလာပါတယ်။ ဒါတွေကို အရင်းပြုလုပ်ပြီး နိုင်ငံတကာဘဏ္ဍာရေး အဝန်းအဝိုင်းအတွင်း ဝင်နိုင်ဖို့ တရုတ်က ကြိုးစားလာပါတယ်။

၁၉၄၅ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအဝန်းအဝိုင်းတွေ ဖြစ်တဲ့--ကမ္ဘာဘဏ်တို့၊ အိုင်-အမ်-အက်ဖ်-I。M。F)တို့၊အ ာရှဖွံ့ဖြိုးရေးဘဏ် စတာတွေဟာ အဲဒီကာလက ကမ္ဘာစီးပွားရေး ဦးမော့လာနိုင်ရေးမှာ ကောင်းမှုတွေ ရှိခဲ့ပေမယ့် ၂၀ ရာစုအကုန်မှာတော့ ပြုပြင်ပြောင်းလဲဖို့ လိုနေပါပြီ၊။ ဒါပေမဲ့ ဒီဘဏ်တွေကို အုပ်စီးထားတဲ့ နိုင်ငံများ(အမေရိကန်၊ဥရောပနိုင်ငံများ၊ ဂျပန်)က ကျန်နိုင်ငံများကို နေရာပေးဖို့၊ အကျိုးအမြတ်တွေကို မျှဝေဖို့၊ မစဉ်းစားပါဘူး။

ဒါ့အပြင် အရင်းရှင်ဂလိုဘယ်လာဇေးရှင်းကြီးကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံ အများအပြားမှာ စုဆောင်းရရှိထားတဲ့ ငွေအရင်းအနှီးများဟာ (ကမ္ဘာဘဏ်ရဲ့ တွက်ချက်မှုအရ )ဒေါ်လာထရီလီယံပေါင်း ၄၀ ကျော်ရှိနေပါတယ်။(ပုဂ္ဂလိက ပိုင်ဆိုင်မှုများအပါ)

ဒီတော့ သူ့အရင်းအနှီးတွေရော၊ တခြားနိုင်ငံက အရင်းအနှီးတွေရော အားလုံးအတွက်လည်းအကျိုးရှိနိုင်တဲ့၊ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံနိုင်တဲ့ ဘဏ်တခုတည်ထောင်ရေးကို တရုတ်က ၂၀၀၉ မှာ စပြောဆိုစည်းရုံးလာပါတယ်။ အရင်ရှိပြီးသား တကမ္ဘာလုံးဆိုင်ရာ ဘဏ်များကို အစားထိုးတာ မဟုတ်ဘဲ၊ လိုအပ်တဲ့နေရာကို ဖြည့်ဆည်းတာပါလို့ဆိုပြီး ဒီ အာရှ အခြေခံအဆောက်အအုံဆိုင်ရာရင်းနှီးမြှုပ်နှံမှုဘဏ်ကို တရုတ်က ၂၀၁၄ ခုမှာ ဒေါ်လာ ဘီလီယံ ၁၀၀ နဲ့ စတင်မတည်ပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံနဲ့ တည်ထောင်လိုက်ပါတယ်။

တရုတ်ရဲ့ အလွန်ပျော့ပျောင်းပြီး ပြည့်စုံတဲ့ အုပ်ချုပ်မှုစနစ်နဲ့ တရားမျှတတဲ့ ခွဲဝေမှု မူများကြောင့် အမေရိကန်ရဲ့  အပြင်းအထန် ကန့်ကွက်တားဆီးနေတဲ့ကြားကပဲ အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံများ(ဂျာမနီ၊ ပြင်သစ် အပါ) ဒေသအသီးသီးက နိုင်ငံများ ပါဝင်လာလို့ (၂၀၂၃- ဧပြီလမှာ) ၁၀၆ နိုင်ငံ ပါဝင်လာပြီ ဖြစ်ပါတယ်။

ပိုးလမ်းမစီမံကိန်းအတွက် ရည်ရွယ်တည်ထောင်တာဖြစ်လို့ အဲဒီစီမံကိန်းထဲက အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းအများအပြားကို အခုအခါမှာ တခြားဘဏ်များ(ကမ္ဘာဘဏ်၊ အာရှဘဏ်)နဲ့ ပူးတွဲပြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။

(ဥပမာ- မြန်မာ-တရုတ်ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးမှာ-နိုင်ငံပေါင်း၄ နိုင်ငံက ကုမွဏီပေါင်း ၆ ခု ပါဝင်ပါတယ်။)

အခုတော့ ကုလသမဂ္ဂကတောင် ဒီ AIIB ပေါ်ထွက်လာတာဟာ ကမ္ဘာကြီးရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးအရအကူအညီအထောက် ပံ့ ဖြစ်လာနေပါတယ် လို့ဆိုလာပါတယ်။ ကားလမ်းမကြီးများ၊ ရထားလမ်းများ၊ လေဆိပ်များ၊ စွမ်းအင်ကုမွဏီများ စတဲ့စတဲ့ဘက်ပေါင်းစုံ ဆက်သွယ်ရေးလမ်းကြောင်းများအတွက် စီမံကိန်းပေါင်း(အတည်ပြုပြီး)၂၁၇၊ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၁.၂၂ နဲ့ အခု အချိန်မှာလုပ်ဆောင်နေပါတယ်။

ဒီစီမံကိန်းအများစုဟာ ကမ္ဘာတောင်ပိုင်းနိုင်ငံများလို့ခေါ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာဖြစ်လေတော့ ဒီနိုင်ငံအများစုဟာ ကိုယ်အကျိုးစီးပွားပဲ အဓိကထားတဲ့(အမေရိကန်အပါ) ဖွံ့ဖြိုးပြီးနိုင်ငံများအပေါ် သိပ်မလွန်ဆန်နိုင်ပေမယ့် အမြင်ရှင်းရှင်းနဲ့စိတ်ရောကိုယ်ပါ ဆက်ဆံဖို့ကျတော့  နောက်တွန့်မှုတွေရှိနေပါတယ်။ ဒါကို ဖွံ့ဖြိုးပြီးနိုင်ငံများက နားမလည်နိုင်လို့ အခုလို ဗြိတိသျှဝန်ကြီးရဲ့စကားမျိုးထွက်လာတာပါ။

တရုတ်ကတော့ ရတဲ့နည်းနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများ(ကမ္ဘာမြောက်ပိုင်းနိုင်ငံများ)ကိုရော၊ ဖွံ့ဖြိုးဆဲနိုင်ငံများကိုရော၊-ကံတူအကျိုးပေး လူ့အဖွဲ့အစည်းတည်ဆောက်ရေး- ဆိုတဲ့ ကြွေးကြော်သံတင်ပြီးစည်းရုံးနေပုံရပါတယ်။

(အချက်အလက်များကို www.aiib.org.မှရယူပါတယ်။)

လှကျော်ဇော

၂၀-၅-၂၀၂၃။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar