Breaking News

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ၊ နေပြည်တော်မှာ ရဲကင်းတွေ တနေ့တည်း ၄ နေရာ ဖောက်ခွဲတိုက်ခိုက်ခံရ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၃ မြင်ကွင်း

(မိုးမခ) ဇွန် ၁၄၊ ၂၀၂၃ 


တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ၊ နေပြည်တော်မှာ ရဲကင်းတွေ တနေ့တည်း ၄ နေရာ ဖောက်ခွဲတိုက်ခိုက်ခံရ 

အညာဒေသက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်းလောက် မဆိုးရွားပေမယ့် မြန်မာနိုင်ငံတောင်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ဧရိယာမဟုတ်တဲ့ တနင်္သာရီတိုင်းထဲက မြို့နယ်အချို့မှာလည်း စစ်ကိုင်းတိုင်းတို့လို့ လူဦးရေထောင်ချီ ထွက်ပြေးတိမ်းရှောင်ရတာတွေ နေအိမ်အချို့ မီးရှို့ခံရတာတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းထဲက သရက်ချောင်းမြို့နယ်ထဲက ကနက်သီရိနဲ့ အခြားသောကျေးရွာ ၇ ရွာ စုစုပေါင်း ၈ ရွာမှာ စစ်ကောင်စီ စစ်ကြောင်းဝင်လာတာကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး ရွာက ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ 

တနင်္သာရီတိုင်းထဲက လောင်းလုံး၊ သရက်ချောင်း နဲ့ ပုလော စတဲ့မြို့နယ်တွေမှာ PDF လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုအားကောင်းပြီး စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံသတ်ဖြတ်ခံရတာ၊ စစ်ကောင်စီရဲ့ ရဲစခန်းတွေ တိုက်ခိုက်ခံရတာတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီဘက်ကလည်း PDF တွေနဲ့ ဆက်စပ်တယ်လို့ သံသယရှိတာ၊ ထောက်ခံအားပေးတဲ့ သံသယတွေနဲ့ ဖမ်းဆီးတာ နှိပ်စက်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ထားဝယ်မြို့နဲ့ မဝေးတဲ့ လောင်းလုံမြို့နယ်ထဲမှာလည်း PDF လှုပ်ရှားမှု အားကောင်းပြီး စစ်ကောင်စီဘက်က ဖမ်းဆီးမှု သတ်ဖြတ်မှုတွေ နေအိမ်မီးရှို့တာတွေ ရှိခဲ့တာဖြစ်ပါတယ်။ တနင်္သာရီတိုင်းထဲက မြိတ်နဲ့ ထားဝယ်အကြားက ပုလောမြို့နယ်မှာလည်း PDF တပ်ဖွဲ့တွေ မကြာခဏ စစ်ကောင်စီ ကင်းစခန်းတွေ ရဲစခန်းတွေကို တိုက်ခိုက်မှု ဖြစ်ပွားလေ့ရှိပါတယ်။ တနင်္သာရီတိုင်းထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အနေနဲ့ ကေအန်ယူ/ကေအန်အယ်လ်အေ အဖွဲ့ ရှိပေမယ့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုနည်းပါးပြီး PDF တွေနဲ့ စစ်ကောင်စီတပ်တွေသာ တိုက်ခိုက်မှုဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ နေပြည်တော် ပြည်ထောင်စုနယ်မြေလို့ ခေါ်တဲ့ ပျဥ်းမနား၊ နေပြည်တော် ရုံးတွေ၊ လယ်ဝေး စတဲ့ဒေသက ရဲကင်းနဲ့ လုံခြုံရေး ဂိတ်လိုနေရာတွေကို တနေ့ထည်း  ၄ နေရာလောက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ဇွန်လ ၁၂ နေ့တနေ့ထည်းမှာ နေပြည်တော် ဟိုတယ်ဇုန်တွေနဲ့ နီးတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ အနီးမှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး၊ လယ်ဝေးမြို့မ ရဲစခန်းနဲ့ ရဲကင်းတခု နဲ့အခြား ရဲကင်းတခုစုစုပေါင်း ၃ ခုတို့ တိုက်ခိုက်ခံရမှုမှာ ရဲတဦး သေဆုံးခဲ့တယ်လို့ သတင်းဌာနတခုက ဖော်ပြထားပါတယ်။ စစ်ကောင်စီ ခေါင်းဆောင်တွေ အခြေစိုက်တဲ့ နေပြည်တော်နယ်မြေထဲမှာ အခုလို တိုက်ခိုက်မှု ၃ ခုနဲ့ ဖောက်ခွဲမှု တခုကို တပြိုင်တည်း လုပ်ဆောင်နိင်ခဲ့တာဟာ နေပြည်တော်ဧရိယာ အတွင်းက ဒေသခံ PDF အဖွဲ့တွေ ရဲ့ လှုပ်ရှားမှု အားကောင်းလာတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်ကောင်စီ ခေါင်းဆောင်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနေထိုင်ကြတဲ့ နယ်မြေမှာလည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနိုင်ပြီး စစ်ကောင်စီအနေနဲ့ မလုံခြုံတော့တဲ့ ခံစားမှုမျိုး ဖြစ်ပေါ်စေလာတာ ဖြစ်ပါတယ်။ 

နေပြည်တော်နယ်မြေက တောင်ဘက်မှာ တောင်ငူမြို့နယ်ဘက်နဲ့ မိုင် ၅၀ ခန့်အကွာအဝေးရှိပြီး အရှေ့ မြောက်ဘက်မှာတော့ ပင်လောင်းမြို့နယ်နဲ့ မိုင် ၃၀/ ၄၀ အကွာအဝေးသာရှိတာမို့ လတ်တလော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ လှုပ်ရှားမှုမျိုးမဟုတ်ပေမယ့်လည်း ဒိထက်ပိုမို အားကောင်းလာခဲ့ရင် ဆက်စပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေနဲ့ ကူးလက်ဆက်စပ်မှုတွေ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်တာလည်း ဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်ထပ် သတင်းတပုဒ်ကတော့ ရန်ကုန်မြို့နဲ့ မန္တလေးလိုမြို့တွေမှာ နေအိမ်တိုက်ခန်းတွေကို အငှားချတဲ့အခါ ငှားရမ်းသူရဲ့ ကိုယ်ရေး အချက်အလက်တွေကို တောင်းယူဖို့နဲ့ ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီက ဖိအားပိုပေးလာတာ ဖြစ်ပါတယ်။ ငှားရမ်းသူရဲ့ ကိုယ်ရေးအချက်အလက်တွေ မတောင်းယူတာ၊ ဧည့်စာရင်းမတိုင်ကြားပဲ ငှားရမ်းတာတွေ ရှိပြီး ငှားရမ်းနေထိုင်သူက တစုံတရာ လက်နက်ကိုင် လှုပ်ရှားမှု ဖေါက်ခွဲမှုတွေနဲ့ ဆက်စပ်ခဲ့ရင် တိုက်ခန်းတွေကိုပါ သိမ်းဆည်းမယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။ မကြာသေးခင်က အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူလို့ဆိုတဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးခဲ့ရာမှာ ရန်ကုန်မြို့ ထဲက မြို့နယ်တခုမှာ တိုက်ခန်း ငှားရမ်းနေထိုင်ကြသူတွေ ဖြစ်ပြီး အဆိုပါ တိုက်ခန်းပိုင်ရှင်ကိုပါ စစ်ကောင်စီဘက်က စစ်ဆေးတာတွေ လုပ်ခဲ့ပြီး မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ ငှားရမ်း နေထိုင်ဖို့ မလွယ်ကူအောင် တိုက်ခန်းပိုင်ရှင်တွေကို ပိုမိုဖိအားပေးလိုက်တာ ဖြစ်ပါတယ်။

 ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုအပြီး ငွေကြေးရှာဖွေရခက်ခဲလာတာ ငှားရမ်းမှုကျဆင်းလာတာကို အကြောင်းပြုပြီး ရန်ကုန်လိုမြို့ပြမှာ တိုက်ခန်းငှားရမ်းဖို့ အတွက် ယခင်ကလို တနှစ် သို့မဟုတ် အနည်းဆုံး ၆ လ ငှားရမ်း စာချုပ်ချုပ်စရာမလိုဘဲ လချင်းပေးတာ ၂ လ ၃ လတဖြတ်ပေးချေတာမျိုးနဲ့လည်း ငှားရမ်းလာနိုင်ကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေက မြို့ပြပြောက်ကျား လှုပ်ရှားကြသူတွေ အဖို့ တနေရာမှာ ကြာကြာမနေထိုင်ဘဲ ရွှေ့ပြောင်းငှားရမ်း လှုပ်ရှားကြဖို့ လွယ်ကူတဲ့ အနေအထားလည်းဖြစ်ပြီး စစ်ကောင်စီက အခုလို တိုက်ခန်းပိုင်ရှင်တွေကို ခြိမ်းခြောက်ပြီး ငှားရမ်းသူရဲ့ ကိုယ်ရေး ရာဇဝင်တွေတောင်းဖို့ ဧည့်စာရင်းတိုင်ဖို့ ဖိအားပေး လာတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar