လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၆)
လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၆)
(မိုးမခ) ဇွန် ၁၄ ၊ ၂၀၂၃
တရုတ်ရဲ့ အကျိုးအမြတ်များ
ရှဲန်ဂရီလာ ဆွေးနွေးပွဲများအတွင်း အပြန်အလှန် ပြောဆိုမှုတွေ၊ အမေးအဖြေခန်းတွေ၊ သတင်းထောက်တွေရဲ့ အင်တာဗျူးတွေ အများအပြားရှိတဲ့အနက် တချို့ အပိုင်းလေးတွေ ဗွီဒီယိုအပိုင်းအစလေးတွေအဖြစ် သတင်းကွန်ရက်တွေမှာ တက်လာပါတယ်။
ဒီအထဲက တခုမှာ တရုတ်စစ်ဗိုလ်(Zhao Xiaozhou)က ဒီလို မေးတာ တွေ့ရပါတယ်။
"ခုလို ရှဲန်ဂရီလာ အစည်းအဝေးတွေ လုပ်နေတာ အနှစ် ၂၀ ကျော်လာပါပြီ။ နိုင်ငံအများအပြား
ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အဆင့်မြင့်အစိုးရအဖွဲ့ဝင်တွေ စတာတွေ အတော်များများတွေ့ရပြီး အတွေးအမြင်တွေ ဖလှယ်ရတာ အတော်အကျိုးရှိကြောင်း သိရပါတယ်။ တဖက်ကလည်း ဒီလိုကြားရတာတွေလည်း ရှိပါတယ်။ ဒီအစည်းအဝေးကြီးဟာ အမေရိကန်နဲ့ သူ့မဟာမိတ်များကပဲ ဦးစီးထားပြီး သူတို့အကျိုးကိုပဲ အလေးထားကြကြောင်း ပြောကြတာတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လို ပြောနိုင်ပါသလဲ"လို့ မေးပါတယ်။
အဲဒီနေ့က ဆွေးနွေးပွဲကို စင်မြင့်ပေါ်ကနေ ကမကထပြုနေသူများဟာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး (Dr.Ng Eng Hen) နဲ့(I.I.S.S) က အုပ်ချုပ်ရေးအရာရှိချုပ်( Dr.John Chipman) တို့ပါ။
စင်ကာပူဝန်ကြီးကတော့ ခပ်တိုတိုနဲ့ ခပ်တင်းတင်း ဖြေသွားပါတယ်။
"ဒီမှာက လူစုံ ပြဿနာစုံပါ။ တရုတ်လွတ်မြောက်ရေးတပ်မတော်က အဖွဲ့ဝင်များအနေနဲ့ ဒီနေရာမှာ လစ်ဘရယ်ဒီမိုကရေစီတရားတွေပဲ ကြားနေရတာ များတော့ မအီမသာဖြစ်တာ နားလည်နိုင်ပါတယ်။ တကယ်လို့များ ဒီအစည်းအဝေးမှာ ကြိုတင်ခန့်မှန်းနိုင်တဲ့ ရေးသားထားပြီး မိန့်ခွန်းဟောပြောချက်တွေသာ ပြောနေမယ် ဆိုရင် ဖတ်လို့ ရနေတာ၊ ဘာလို့ စင်ကာပူ လာမှာတုံး။တရုတ်က ဒီလို ပွင့်လင်းတဲ့ အစည်းအဝေးမျိုး တက်ခြင်းအားဖြင့် မိမိတို့အတွက် အကျိုးရှိ၊ မရှိ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ တခြားသူတွေ ဘာတွေ စဉ်းစားနေတယ်။ ဘယ်လိုအမြင်တွေ ရှိတယ်ဆိုတာ ဒီအစည်းအဝေးမျိုးမှာ သိနိုင်တာဖြစ်ပြီး မိမိအမြင်တွေကို ရှင်းလင်းပြောဆိုမလား။ ဒီလိုနေရာမျိုး ရှောင်ကြမလားဆိုတာ တရုတ်ပြည်အနေနဲ့ ရွေးချယ်ခွင့်ရှိပါတယ်" တဲ့။
ဒုတိယ ဖြေတဲ့သူကတော့ စိတ်လှုပ်ရှားစွာနဲ့ သမိုင်းကြောင်းချီပြီး ရှည်ရှည်ဝေးဝေး ရှင်းပြသွားပါတယ်။
သူက" ကျွန်တော်တို့ ဒီစည်းအဝေးတွေကို ၂၀၀၂ ခု မေလ ဒီအခန်းထဲမှာ စတင်ကျင်းပခဲ့တာပါ။အဲဒီတုန်းက အိန္ဒိယနဲ့ ပါကစ္စတန် အဏုမြူစစ်ပွဲဖြစ်တော့မလားဆိုပြီး တကမ္ဘာလုံး ရင်မနေရချိန်ပါ။ အဲဒီအချိန်က ဒီစင့်မြင့်ပေါ်မှာပဲ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ဂျော့ဖာနန်ဒတ်စ်က (သူ့တိုင်းပြည်နဲ့ ပြည်သူများအတွက် စိတ်ပူပန်မှုကြီးစွာနဲ့) မျက်ရည်စက်လက်နဲ့ ပါကစ္စတန်နဲ့ အိန္ဒိယအကြား သဘောတညီချက်ရဖို့ အရေးကြီးကြောင်းနဲ့ အဲဒါမရရင် ဘယ်လောက် အန္တရာယ်ကြီးကြောင်းကို ပြောပါတယ်။ ဒီနောက်မှာတော့ ဒီအစည်းအဝေးတက်လာတဲ့ နိုင်ငံအသီးသီးက ကာကွယ်ရေးအရာရှိတွေ ဝိုင်းဝန်းဆွေးနွေးတာတွေရော၊ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးနဲ့ နှစ်နိုင်ငံတွေအကြား ဆွေးနွေးတာတွေရော လုပ်ဆောင်ကြကာ ညှိနှိုင်း အဖြေရှာကြပြီး စစ်ပွဲကိုရှောင်လွှဲခဲ့နိုင်ပါတယ်။ ဒါဟာ ရှဲန်ဂရီလာ အစည်းအဝေးအနေနဲ့ ပထမဆုံးသောနှစ်မှာတင် ဘယ်လိုအကျိုးပြုခဲ့တယ် ဆိုတဲ့ ပြယုဂ်ပါ။ ဒါ့အပြင် ဒီဆွေးနွေးပွဲတွေမှာ နိုင်ငံအသီးသီးက အစိုးရအရာရှိကြီးများအကြား ရင်းနှီးမှုနဲ့ နားလည်မှုများကနေ ပြသာနာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်တဲ့ ယန္တရားတွေ ဥပမာအားဖြင့် အာစီယံနိုင်ငံများက ကာကွယ်ရေးဝန်ကြီး ဆွေးနွေးပွဲများ၊ စတာတွေ ပေါ်လာတဲ့အပြင် တရုတ်ပြည်အနေနဲ့လည်း အာစီယံ + တရုတ် ဆိုတဲ့ အဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်းတွေကို အသေးစိတ် ပြောပြသွားပါတယ်။ တရုတ်ပြည်အနေနဲ့လည်း ဒီအစည်းအဝေးကနေ အကျိုးအများကြီးရှိခဲ့ကြောင်း ဥပမာ မနှစ်က တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ ပထမဆုံးအကြိမ်အဖြစ် (၁၀ နှစ်တာအတွင်း) ဒီမှာပဲ တွေ့ဆုံခဲ့ဖူးကြောင်း၊ မိမိတို့အနေနဲ့ကတော့ တရားဝင်မဟုတ်ဘဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ နိုင်ငံတွေအကြားက အတွေးအခေါ်အမြင်တွေကို ဖလှယ်ကြ၊ ဆွေးနွေးကြ၊ အတွေးအမြင်သစ်တွေ၊ နားလည်မှုသစ်တွေရကြပြီး ပိုမို လုံခြုံအေးချမ်းတဲ့ ဒေသကြီးဖြစ်လာဖို့ ရည်ရွယ်တာပါ" တဲ့။
တကယ်တော့ တရုတ်ပြည်အနေနဲ့ ဒီလိုမျိုး နိုင်ငံတကာမျက်နှာစာတွေကို တက်ရောက်ပြီး မိမိတို့အမြင်တွေကို တင်ပြပြောဆိုပြတာတွေ၊ တခြားနိုင်ငံတွေက တင်လာတဲ့ အမေးတွေ (တခါတရံနားလည်မှု လွဲမှားနေတာ)ကို ပြန်လည်ဖြေရှင်းနိုင်တာတွေဟာ အလွန်အကျိုးရှိပြီး မိမိတို့ရဲ့ မဟာမိတ်တပ်ပေါင်းစုကိုလည်း တိုးချဲ့နိုင်တာပါ။
ဒါ့ကြောင့် တရုတ်က ဒီလိုပွဲမျိုးကို သံခင်းတမန်ခင်း လုပ်ငန်းများအတွက် အခွင့်ကောင်းအဖြစ်အသုံးချတတ်ပါတယ်။ ဒါ့အပြင် မိမိတို့နိုင်ငံရဲ့ သံတမန်မွေးမြူရေးလုပ်ငန်းအတွက်လည်း ကျောင်းသင်ခန်းစာပို့ချမှု တရပ်အနေနဲ့လည်း သဘောထားတာပါ။
(ဒီနေရာမှာ ကြုံလာလို့ ကိစ္စတခု ပြောပြပါဦးမယ်။ ၁၉၆၀ အစောပိုင်းများက အဲဒီခေတ် ဝန်ကြီးချုပ် ချိုအင်လိုင်းက အဲသလို နိုင်ငံခြားခရီးများထွက်တဲ့အခါ နိုင်ငံခြားရေးရုံးက ၀န်ထမ်းအများအပြားကို ခေါ်သွားတတ်ပါတယ်။ အဲဒီဝန်ထမ်းတွေက ခရီးမထွက်ခင် မိမိတို့သွားရမယ့် နိုင်ငံတွေအကြောင်း အသေအချာ လေ့လာရပြီး စာမေးပွဲဖြေရပါတယ်။ အဲဒီစာမေးပွဲတွေ အောင်မှ လိုက်ရတာပါ။ ပြန်ရောက်ရင်လည်း မိမိတို့ ရရှိချက်တွေကို သုတေသနစာတမ်းတစောင်လို ရေးတင်ရပါတယ်။ ဒါတွေဟာ အဲဒီဝန်ထမ်းတွေ ရှေ့ရာထူးတိုးရေးအတွက် အမှတ်တွေ ဖြစ်ကုန်ပါတယ်။) အခုလည်း တရုတ်ပြည်က လာတဲ့ အဖွဲ့ဟာ နည်းတဲ့လူတွေ မဟုတ်ပါဘူး။ လူစုံဖြစ်လေတော့ အမြင်ကလည်း အမျိုးမျိုးပါ။ ဒီအထဲမှာ ဒီအဖွဲ့အစည်းကို ငွေရေးကြေးရေးထောက်ပံ့သူများဟာ အနောက်နိုင်ငံများက သူကြွယ်ကြီးများ ဖြစ်နေတာကြောင့် တချို့ တရုတ်များက အမြင်သိမ်မကြည်ပါဘူး။ (ဒါကြောင့် ဒီလို မေးခွန်းများ ပေါ်လာတာပါ။)
သတင်းထောက် တယောက်က တရုတ်ဗိုလ်ချုပ်တယောက်ကို ထိုင်ဝမ်ကို ၀င်တိုက်ဖို့ အခြေအနေတွေကိုမေးတော့ အဲဒီဗိုလ်ချုပ်က ဒီလိုဖြေသွားပါတယ်။
"အခြေအနေ ၃ ရပ်ထဲက တခုခုဖြစ်ပေါ်လာရင် ၀င်တိုက်ရလိမ့်မယ်။
၁။ ထိုင်ဝမ်က လွတ်လပ်ရေး ကြေညာရင်။
၂။ ပြင်ပ နိုင်ငံတနိုင်ငံငံက ထိုင်ဝမ်ကို ၀င်သိမ်းရင် (သို့မဟုတ်)၀င်ရှုပ်ရင်။
၃။ ပြည်မကြီးနဲ့ ထိုင်ဝမ်အကြား ငြိမ်းချမ်းစွာ ပေါင်းစည်းရေး လုံးဝမဖြစ်နိုင်တော့ရင်။ ၀င်တိုက်ရမှာပဲ။
ပြည်မကြီးဘက်ကတော့ ငြိမ်းချမ်းစွာ ပေါင်းစည်းနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားမယ်။ ဒီလိုပေါင်းစည်းနိုင်တဲ့ မျှော်လင့်ချက်ရောင်ခြည်လေး ရှိနေသရွေ့ ဘယ်တော့မှ ၀င်မတိုက်ပါဘူး" တဲ့။
ဒီလိုနည်းနဲ့လည်း တရုတ်တွေအနေနဲ့ မနက်ဖြန် သန်ဘက်ပဲ ထိုင်ဝမ်ကို ဝင်တိုက်တော့မယ် ဆိုတဲ့ အနောက်မီဒီယာတွေရဲ့ ပြောဆိုချက်တွေအပေါ် ချေပနိုင်လိုက်ပါတယ်။
ဒါတွေကတော့ အဲဒီအစည်းအဝေးပွဲကြီးတွေမှာ တရုတ်တွေ ဝင်ရောက်ပါဝင်ခြင်းဖြင့် ရရှိတဲ့ အကျိုးကျေးဇူးတွေပါ။
တခြားရရှိချက်တွေလည်း ရှိပါသေးတယ်။
နောက်ဆောင်းပါးမှာ ရေးပါဦးမယ်။
လှကျော်ဇော
၁၂-၆-၂၀၂၃။
ကိုးကား။ ။ China PLA member asks about role of Shangri-La Dialogue, if it's serving interest of US and allies - YouTube
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar