Breaking News

ပုဏ္ဏားကျွန်းဇူးဝေ - ပြောပြချင်တယ် မခင်စိန်(၂)

ပြောပြချင်တယ် မခင်စိန်(၂)
ပုဏ္ဏားကျွန်းဇူးဝေ
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၃

လေဟာ နှုတ်ဆက်စကားတွေ
လာပြောနေသလို
မေပယ်ရွက်တွေနဲ့တခြား
အရောင်အဆင်းမျိုးစုံ
အသံပေးပြီးဝတ်တွားသွားကြတယ်
လွှင့်မျောသွားကြတယ်
ဆောင်းဦးပေါက်ရာသီဟာ
စကားလုံးတွေ တလုံးမှမဆိုဘဲ
ဟိုးအဝေးကြီးက
အတိတ်ကမ္ဘာဆီ
စိတ်တွေသွန်ချပစ်ခဲ့တယ် မခင်စိန်။

အကြားသံသရာထဲမှာ
နာတာရှည်ဖြစ်နေတဲ့
စိတ်ရောဂါသမားတွေကြောင့်
အသားစတွေကြွေလွင့်သွားတဲ့
ပဇီကြီးဆိုတဲ့ရွာမှာ
ဟိုးဘက်ခြမ်းကနွေက
ဒီဘက်ဆောင်းဦးကို
တိုက်ရိုက်ပူလောင်စေခဲ့တယ် မခင်စိန်။

တရားသမားတွေ အုပ်စုဖွဲ့ပြီး
မိုက်ရိုင်းလေသောခါ
ဓမ္မဟာ ထွက်လေ ဝင်လေ
ပုံမှန်မမှတ်နိုင်ဘဲ
သေရမယ့်ကိန်းမျိုး
ကိုယ်သတ်မှတ်တဲ့ ဥပဒေကို
ဓမ္မလို့ ကိုယ့်ဟာကိုယ်ထင်ပြီး
လက်နက်အရောင်းအဝယ်ပြုကြတဲ့အခါ
ငြိမ်းချမ်းရေးစကားတွေပြောပြီး
အခမ်းအနားတွေဖွင့်ကြတယ် မခင်စိန်။

ကိုယ်ဘက်က ရိုးရှင်းတာကိုပြောရရင်
ဒီကမ္ဘာကြီးကို သေကြောင်းမကြံစည်မိဘူး
ခြိမ်ခြောက်စာတစောင်တောင်
ကိုယ်မရေးပို့ခဲ့ဘူး မခင်စိန်။

ဥတုရာသီ ပြောင်းလဲဖြစ်စဉ်မှာ
ကိုယ်ဘာတခုမှ အမှားမလုပ်ထားဘူး
မနှစ်ကဒီအချိန်နဲ့ ဒီနှစ်ဒီအချိန်
ခံစားမှုတွေ ကွဲလွဲမှုဖြစ်နေလို့
ကိုယ်ပေါက်ကွဲခဲ့ရပြီ မခင်စိန်။

ခံစားမှုတွေက
ရိုးရိုးရှင်းရှင်းဖြစ်မလာတဲ့အခါ
တိုက်ပွဲဖြစ်နေတဲ့ အရပ်ဆီ
လွမ်းစာပို့ချင်ပို့ရမယ်
အဓမ္မသမားတွေက
လှုပ်လှုပ်မြင်သမျှကို
ပြောင်းဝနဲ့ထိုးချိန်ထားတယ်ဆိုရင်
ကိုယ်ကလည်း
တလှုပ်လှုပ်ကြွေကျလာတဲ့
ရွက်ဝါလေးတွေနဲ့အတူ
လွမ်းနေဦးမှာပါ မခင်စိန်။

30/Apr/23
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar