နေချိုသွေး - ကမ္ဘာ့ဒုက္ခသည်များနေ့နဲ့ မြန်မာဒုက္ခသည် နိုင်ငံရေးအရွေ့အခြေအနေတွေ
ကမ္ဘာ့ဒုက္ခသည်များနေ့နဲ့ မြန်မာဒုက္ခသည် နိုင်ငံရေးအရွေ့အခြေအနေတွေ
နေချိုသွေး
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၃
ဒုက္ခသည်ဆိုတာ လူတဦးတယောက်က သူ့ မွေးဖွားရာဒေသမှာ လူမျိုးရေး၊ ယုံကြည်ကိုးကွယ်ရာ ဘာသာ တရား၊ ပရဟိတ လူမှုရေးလုပ်ငန်းတွေနဲ့ နိုင်ငံသားဖြစ်မှုအပါအဝင် တရားနည်းလမ်းကျတဲ့ နိုင်ငံရေးခံယူချက် တခုခုကို အမြဲတစေ နှိပ်ကွပ်ခံရတာ အသက်ကို ရန်ရှာ နှောင့်ယှက်ခံနေရတာအပါအဝင် လိုက်လံဖမ်းဆီး ခံနေရတာကြောင့် ထွက်ပြေးတိမ်း ရှောင်ရတဲ့သူလို့သတ်မှတ်ပရစေ။
နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်တဲ့အစိုးရကို အကြောင်းအမျိုးမျိုးကြောင့်နဲ့ မကျေနပ်လို့ ငြိမ်းချမ်းစွာဆန္ဒပြတာပဲဖြစ် ဖြစ်၊ လက်နက်ကိုင်တော်လှန်တာပဲဖြစ်ဖြစ်လုပ်ဆောင်ကြတဲ့အခါမှာ အုပ်ချုပ်တဲ့အစိုးရက ဖမ်းဆီးနှိပ်ကွပ်လာတဲ့အခါ တခြားနိုင်ငံထံမှာ သွားရောက်ခိုလှုံနေထိုင်ရင်း အဲဒီနိုင်ငံအစိုးရက တရားဝင်နေထိုင်ခွင့်ပေးလိုက်ရင် ဒုက္ခသည်အဖြစ်ကနေ “နိုင်ငံရေး ခိုလှုံခွင့်ရသူ” ဆိုပြီးတော့ ခေါ်ဆိုနိုင်ပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် နေရပ်ဒေသကို စွန့်ခွာ ရှောင်တိမ်းရတဲ့သူတွေကိုလည်း ဒုက္ခသည်စာရင်းထဲမှာ ထည့်သွင်း သတ်မှတ်ပါတယ်။
အာလုံးသိကြတဲ့အတိုင်း ရခိုင်ဒေသမှာ တိုက်ခတ်သွားတဲ့ မိုခါ မုန်တိုင်းကြောင့် ဒေသခံပြည်သူသိန်းချီ စားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက မုန်တိုင်းဘေးသင့်ဒေသက ပြည်သူတွေကို နိုင်သလောက် သွားရောက်ကူညီလှူဒါန်းကြတဲ့ ပရဟိတသမားတွေနဲ့ အသင်းအဖွဲ့တွေကို အချိန်ကြာမြင့်စွာ ပိတ်ပင်တား မြစ်နေတာတွေနဲ့ နယ်မြေခံစစ်တပ်ထံ ပေးအပ်ထားခဲ့ဖို့အထိ ပြောဆိုနေတာတွေ ရှိလာနေပါတယ်။
နိုင်ငံတကာက အကူအညီပေးရေးအဖွဲ့တွေအနေနဲ့လည်း ကိုယ်တိုင်ကိုယ် ကျ ဒုက္ခသည်တွေလက်ထဲအရောက် ပေးအပ်ဖို့အထိမင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ကခွင့်မပြုပဲ သူတို့စစ်တပ်ထံကိုတာ ပေးအပ်ထားခဲ့ဖို့အထိ ပြောဆိုနေတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေကနေတဆင့် သိရတယ်။
ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချ ဖမ်းဆီးထောင်ချပြီး အာ ဏာလုယူထားတဲ့ အာဏာလုစစ်အစိုးရဆိုတော့လည်း လူနာမျက်ဖြူဆိုက်လေ သမာယုတ်ကြိုက်လေဆိုသလိုပါပဲ။
အခုလိုစစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးကာလမှာ ‘ ကြွက်မနိုင် ကျီမီးနဲ့ရှို့ ’ ဆိုတဲ့စကားပုံလို အာဏာရှင် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရက်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် အရေးအတွက်က တနေ့တခြား များလာနေပါတယ်။ ဒုက္ခသည်တွေကို အခုဖြစ်ပျက်နေတဲ့ အခြေ အနေတွေမှာ စစ်ဘေးရှောင်ဒုက္ခသည်လို့ မသုံးနှုန်းတော့ပါဘူး။ စစ်ခွေးရှောင်လို့ပဲ သုံးနှုန်းပရစေ။ စစ်ခွေးရှောင်ဒုက္ခသည်တွေပေါ့ဗျာ။
အခုကျနော်တို့ နိုင်ငံမှာဖြစ်ပျက်တဲ့ နိုင်ငံရေးအခြေအနေက ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကို လက်နက်ကိုင်စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ဖမ်းဆီးထောင်ချပြီး နိုင်ငံတော်အာဏာကို လုယူသွားတာပါ။
ဒါကို မကျေနပ်လို့ သဘောမတူလို့ နိုင်ငံမှာပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေအတိုင်း ငြိမ်းချမ်းစွာဆန္ဒပြ ထုတ်ဖော်တဲ့ပြည်သူကို လက်နက်အားကိုးနဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖျက်မှုတွေက စတင်လာတဲ့ နိုင်ငံရေးအခြေ အနေတွေ။
ကျနော့်အနေနဲ့ ဒုက္ခသည်ဆိုတဲ့အဓိပ္ပာယ်အကြောင်းကို အထွေအထူးအနေနဲ့ ဋီကာချဲ့မနေတော့ပါဘူး။
ဒုက္ခသည်တွေ ဖြစ်ပေါ်လာစေတဲ့ ပဋိပက္ခအမျိုးမျိုးတွေကို အဆုံးသတ်ဖို့ နှစ်ပေါင်းများစွာကတည်းက နိုင်ငံတွေရဲ့ဒေသတော်တော်များများမှာ ဒုက္ခသည်တွေကိုယ်တိုင် စီစဉ်တဲ့ ဒုက္ခသည်များနေ့ဆိုတာ ကျင်းပလေ့ ရှိခဲ့တယ်။ သိရသလောက် ဒုက္ခသည်နေ့ကို ၁၉၁၄ ခုနှစ်ထဲမှာ ပုပ်ရဟန်း မင်းကြီး ဂျိုးဇက်ဆာတို JOSEPH SARTO( ST.PIUS X)က စတင်ဦး ဆောင်ကျင်းပပြီး ကူညီခဲ့တယ်လို့ သိရတယ်။
အာဖရိကနိုင်ငံတော်တော်များများက ဇွန်လ( ၂၀) ရက်နေ့မှာ ကျင်းပလေ့ ရှိတယ်။ ရိုမန် - ကတ်သလစ်တွေကတော့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်များနေ့ကို နှစ်စဉ် ဇန်နဝါရီလတိုင်း ကျင်းပခဲ့ကြတယ်။
ဒုက္ခသည်တွေကူညီရေးအခြေအနေနဲ့ပတ်သက်တဲ့ညီလာခံကို “ အာဖရိကသမဂ္ဂ (OAU- Organization of African Unity)”က ၁၉၅၁ ခုနှစ်ထဲမှာ စတင်ကျင်းပခဲ့တယ်။
၂၀၀၀ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံး ဖြတ်ချက်နဲ့ ၂၀၀၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ကို “ ကမ္ဘာ့ဒုက္ခသည်များနေ့(World Refugee Day)”အဖြစ် စတင်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့တယ်။
အာဖရိကနိုင်ငံတွေက သတ်မှတ်ကျင်းပခဲ့တဲ့ ဇွန်လ ၂၀ ရက်အတိုင်းပဲ နှစ်စဉ် ကျင်းပကြမယ်လို့ ဆုံးဖြတ်ပြီးသတ်မှတ် ကြေညာခဲ့ပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီဖြစ်တဲ့ UNHCR က နှစ်စဉ်နှစ်တိုင်း ဇွန်လ၂၀ ရက်နေ့ “ ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day) ” မှာ ကြွေးကြော်သံဆောင်ပုဒ်တခုရေးသားသတ်မှတ်ပြီး ကမ္ဘာတဝှမ်းက ဒုက္ခ သည်ဖြစ်လာရသူတွေကို လူသားအချင်းချင်း ကူညီကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံသား ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအနေနဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပထမဆုံးအကြိမ် စစ်တပ်က အာဏာသိမ်းခဲ့တဲ့နေ့ကနေစတင်ပြီး ပြည်တွင်းနဲ့ ပြည်ပမှာပါ ဒုက္ခသည်တွေအများအပြားရှိလာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ရတယ်။
ယနေ့မျက်မှောက်ခေတ်ကာလမှာ နိုင်ငံရဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေက ပြည်သူက ရွေးကောက်တင်မြေှာက်ထားတဲ့အစိုးရကို လက်နက်အားကိုးနဲ့ဖြုတ်ချဖမ်းဆီးထောင်ချပြီး အာဏာသိမ်းလိုက်တာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ထဲက၊ စစ်ဦးစီးချုပ်မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းတာကို ဆန့် ကျင်ကန့်ကွက်ကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းကို အကြမ်းဖက်ပစ်ခတ်သတ်ဖျက်ရာကနေ မခံနိုင်တဲ့အဆုံး နယ်ပယ်စုံ ဒေသပေါင်းစုံကလူတွေက လက်နက်ကိုင်ပြီး ခုခံတော်လှန်စစ်ကိုဆင်နွှဲလာနေကြတာ အင် မတန်မှဂုဏ်ယူဝမ်းမြောက်အား တက်ဖွယ်ပါပဲ။
မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို မြေပြင်စစ်ရေးမှာ မနိုင်တာနဲ့ ကျေးရွာတွေကို မီးရှို့၊စာ သင်ကျောင်းတွေ၊ ဗုဒွဘာသာဘုန်းတော်ကြီးကျောင်းတွေအပါအဝင် ဘာ သာရေးအဆောက်အအုံတွေကို လမ်းနည်းမျိုးစုံနဲ့ ဖျက်ဆီးနေကြတာ။PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကပဲ မီးရှို့နေသရောင် အကြမ်းဖက်စစ်တပ်က နည်းလမ်းမျိုးစုံနဲ့ ဝါဒဖြန့်နေတာ စစ်ရေးတခုလိုပါပဲ။
စစ်ကိုင်းတိုင်းဒေသကြီးက ကျေးရွာတွေအများဆုံး မီးရှို့ဖျက်စီးခံနေရတာ စစ်ရေးအရလည်း စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အင်အားအကောင်းဆုံးဆိုသာ ဘယ်လိုမှငြင်းလို့မရတဲ့ ပကတိအခြေအနေတွေပါ။
စစ်ကိုင်းတိုင်းထဲမှာ စစ်ကိုင်းဖိုရမ်ကို ပြီးခဲ့ရက် ၅ လပိုင်းထဲမှာ ၃၀ ရက် နေ့နဲ့ ၃၁ ရက်နေ့ထိ နှစ်ရက်တိုင်တိုင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းထဲက( ၂၈ ) မြို့နယ်တွေမှာအခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ( ၁၇၃ )ဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သဝဏ်လွှာပေးပို့ခဲ့ပြီးအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေနဲ့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တယ်လို့လည်း သိရတယ်။
စစ်ကိုင်းဖိုရမ်အနေနဲ့ နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍမှာ သပိတ်၊ CDM၊ သယံဇာတ၊ စစ်ရှောင်ကူကယ်ရေး စတဲ့ ကဏ္ဍကြီးတွေကိုစုပေါင်းဆွေးနွေးခဲ့ပြီး အဓိကကတော့ စစ်အာ ဏာရှင်စနစ် အပါအဝင်အာဏာရှင်စနစ်အားလုံး အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ် ထွန်းရေးတို့ပဲဖြစ်တယ်လို့ သိရတယ်။
ချင်းတွင်းမြစ်တလျှောက် နဲ့ စစ်ကိုင်းလွင်ပြင်ကို ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အလုံးစုံထိန်းချုပ်ပြီး နယ် မြေ စိုးမိုးအုပ်ချုပ်လာနိုင်ပြီးဆိုရင် တနိုင်ငံလုံး အာဏာရှင်မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ကလွတ်မြောက်ပြီဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။
အကြမ်းဖက်စစ်တပ်ရဲ့တပ်မကြီးတွေကိုပါ ဖွဲ့စည်းပုံပျက်စေပြီး တပ်ရင်းလိုက်ကျရှုံးတဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်တဲ့ ကရင်နီဒေသက ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲသတင်းတွေကလည်း ဂုဏ်ယူဝမ်းသာစရာတွေပါပဲ။
ခုခံတော်လှန်စစ်အားကောင်းတဲ့ တောင်တန်းဒေသ ချင်းပြည်နယ်ရဲ့ စစ်ရေးအရွေ့ကတော့ ချင်းပြည်နယ်ကို နယ်မြေစိုးမိုးထားနိုင်ပြီး ခုခံစစ်ကနေ မြေပြန့်အထိ တိုက်စစ်ဖွင့်ဆင်းလာတဲ့နေ့ဟာ မင်းအောင်လှိုင်ဦး ဆောင်တဲ့အကြမ်းဖက်စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြည်သူရှေ့မှောက်မှာ အပြစ်ပေးအရေးယူနိုင်တဲ့ နေ့ရဲ့အစပါပဲ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အများဆုံးရှိရာ တောင်ပေါ်ဒေသရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဧရာဝတီမြစ်ဘေးက မကွေးလွင်ပြင်ဒေသအပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအခြေအနေတွေက နေ့စဉ်အားကောင်းလာနေတဲ့အတွက် ခေတ်အဆက်ဆက် ပြည်သူကိုဗိုလ်ကျစိုးမိုးလာတဲ့စစ်တပ်ရဲ့အခန်းကဏ္ဍဟာလည်း ဒီတိုင်းပြည်မှာ ကျဆုံးပျက်သုဉ်းချိန် နီးကပ်လာနေပါပြီ။ ဒီနိုင်ငံမှာ စစ်တပ်မရှိလို့ မဖြစ်ဘူးဆိုပေမယ့် စစ်တပ်က ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်တဲ့စစ်တပ်ပဲ ဖြစ်ရမယ်။
စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်နေရာတွေမှာ တိုင်းရင်းသားပေါင်းစုံပါဝင်အမှုထမ်းခွင့်ရတဲ့ ဖက်ဒရယ် ပြည် ထောင်စု စစ်တပ်ဖြစ်ရမယ်။ စစ်တပ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ခိုင်းဖတ်ပဲ ဖြစ်ရမယ်။
စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက တိုင်းပြည်ရဲ့ ကြွယ်ဝမှုအစုစုတွေကို သူ့မိသားစုကောင်းစားရေးအတွက်ပဲ အသုံးချတာ မဖြစ်ရဘူး။
အစိုးရဆိုတာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတာပဲဖြစ်ရပြီး အစိုးရနဲ့ စစ်တပ်ဆိုသာ တိုင်းပြည်အတွက်ပုံပမာနှိုင်းပြရရင် ဘယ်နဲ့ ညာ အတူတကွ ရုန်းကန်နေတဲ့ နွားနှစ်ကောင်ထက်မပိုရဘူး။ လက်နက်ကိုင်ပြီး စစ်တိုက်နေတဲ့ ဘယ်လိုပုဂ္ဂိုလ် အဖွဲ့အစည်းပဲဖြစ်ဖြစ် ပြည်သူလုထု ထောက်ခံမှုမရှိရင် ကျဆုံးပျက်သုဉ်းရမှာပါပဲ။
အခုလက်ရှိ တိုင်းပြည်အခြေအနေတွေက မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ကို တိုင်းပြည်ကို လက်ဝါးကြီးအုပ်ပြီး အမြတ်ထုတ်လို့မရအောင် ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် သားတွေက ခုခံတွန်းလှန်နေတာပါပဲ။
အာဏာရှင်မင်းအောင်လှိုင်ဦးဆောင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တသွေးတသံနဲ့အမိန့်အတိုင်း ပြည်သူကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေတဲ့စစ်တပ်အနေနဲ့ ပြည်သူကို ရန်သူလိုဆက်ဆံပြုမှုနေတဲ့အတွက် ပြည်သူ့လက်ချက်နဲ့ မလွဲမသွေ ကျရှုံးပျက်သုဉ်းရမှာပါပဲ။
ဖွဲ့စည်းပုံအသစ်နဲ့ ပြည်သူ့ဖက်ဒရယ်တပ်မတော်ဖြစ်လာဖို့က နွေဦးတော် လှန်ရေးကနေ စတင်မြစ်ဖျားခံလာတဲ့ ဒေသ နယ်ပယ်အသီးသီးက “ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People Defense Force/PDF ” တွေကနေ စတင်သန္ဓေတည်လာနေပါပြီ။
နေချိုသွေး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar