Breaking News

ကိုသန်းလွင် - အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေဗီယို ဘာလပ်စကိုနီ (၁၉၃၆-၂၀၂၃)

ကိုသန်းလွင် - အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေဗီယို ဘာလပ်စကိုနီ (၁၉၃၆-၂၀၂၃)

(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၃


( ၁ ) 

ဆေဗီယို ဘတ်လပ်စကိုနီ (Salvio Belusconi) ခေါ်ကြမ်းတမ်းသော မီဒီယာပိုင်ရှင်ကြီးသည် အီတလီ တယ်လီဗီးရှင်းကို လွတ်လပ်သော ကိုယ်ပိုင်ချယ်နယ်များနှင့် တိုးတက်အောင် ပြုလုပ်ပေးခဲ့ပြီး လူတွေကို အမျိုးမျိုး ကွဲပြားသွားအောင် အုပ်ချုပ်၍ ရာဇဝတ်ပြစ်မှုများနှင့် အများဆုံးအစွဲခံရသူ ပုဂ္ဂိုလ်ကြီးသည် လွန်ခဲ့သော တနင်္လာနေ့ (ဇွန် ၁၂) က ကွယ်လွန်သွားခဲ့ပါပြီ။ အီတလီနိုင်ငံ၌ ၂၅ နှစ် တာကာလအတွင်း အရေးကြီးဆုံးပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်လည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပါသည်။

သူ ကွယ်လွန်သည့် သတင်းကို သတင်းစာအမြောက်အမြားက ဖော်ပြကြသော်လည်း ဘာရောဂါနှင့် ကွယ်လွန်သည်ကို မဖော်ပြကြပါ။ သို့သော် ယခင်အပတ်က မီလန်ဆေးရုံ တင်၍ သွေးကင်ဆာရောဂါ ဖြစ်နေကြောင်း သိရပါသည်။

( ၂ )

အီတလီနိုင်ငံသားတို့အဖို့ ဘာလပ်စကိုနီသည် အမြဲတမ်း ခင်မင်နှစ်လိုဖွယ်ရှိပြီး သူ့ကို စင်ပေါ်မှာ ဟစ်အော် ဆန္ဒပြကြမှသာ ဆင်းပေးမည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပါသည်။ သို့သော် သူသည် မကြာမီမှာပင် စင်ပေါ် သို့ ပြန်ရောက်လာပြီး ပုံစံမပျက် ဆက်လက် ဟောပြောနေမည်သာ ဖြစ်သည်။ သူသည် အီတလီနိုင်ငံ၏ စီးပွားရေးကို ပျက်စီးစေခဲ့သူလည်း ဖြစ်သည်။ နိုင်ငံရေး အကဲဖြတ်ပုဂ္ဂိုလ်များကမူ သူသည် တယ်လီဗီးရှင်းနှင့် မဲဆွယ်ခြင်းနည်းလမ်းကို အသစ်အသစ်များဖြစ်အောင် အမြဲပြုပြင်နေပြီး အသစ်ပေါ်သော နည်းလမ်းများကို အသုံးပြုခဲ့သူလည်း ဖြစ်သည်။ သတင်းရှာနေသော သတင်းထောက်များအတွက်မှု သူသည် ရိုးသားမှုမရှိသော သံသယဖြစ်ဖွယ် ကိစ္စများကို ဖန်တီးတတ်သူဖြစ်ပြီး ကြမ်းတမ်းစွာ ပြောဆိုတတ်သူ၊ ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်တတ်သူ၊ လိင်ကိစ္စ အမှု ရှုပ်ထွေးနေသူဟူ၍လည်း ဆိုနိုင်ပါသည်။

သူ ငယ်စဉ်က ခရီးသွားဇိမ်ခံသင်္ဘောပေါ်တွင် သီချင်းဆိုခဲ့ပြီး စကားကို ဖောင်နေအောင် ပြောနိုင်သူ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် အီတလီနိုင်ငံဝန်ကြီးချုပ်အဖြစ် အရွေးချယ်ခံခဲ့ရပါသည်။ နောက် အီတလီနိုင်ငံတွင် ဘရိုက်ဗီး (Bribesville၀ ခေါ် သံသယဖြစ်ဖွယ်ကိစ္စများ ပေါ်ပေါက်လာသောအခါ ထိုအရှုပ်အထွေးများကြားမှ သူ ပေါ်ထွက်လာခဲ့ပါသည်။ အီတလီနိုင်ငံကို စီးပွားရေးဆိုင်ရာ နည်းလမ်းများဖြင့် ပြုပြင်မည်ဟု ကြွေးကြော်လာခဲ့သည်။ ထိုပြုပြင်ရေးလုပ်ငန်းများကို ကိုယ်ကျိုးမဖက်သောသူများဖြင့် ပြီးမြောက်စေရမည်ဟု ဆိုခဲ့သည်။ သူ့ကို ဝေဖန်သူများက ကောက်ကျစ်သော အပြုအမူတရပ်အဖြစ် ရှုတ်ချခဲ့ကြပြီး သူ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုမူ အစိုးရက အရေးယူခြင်းမရှိအောင် ကာကွယ်ရန် ဖန်တီးခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။    

သူ၏ ပထမအကြိမ် ဝန်ကြီးချုပ်ရာထူးမှာ တာရှည်မခံခဲ့ပါ။ သူ၏ “အီတလီနိုင်ငံသားများနှင့် မိတ်ဆွေ ဖွဲ့ခြင်း” (Contract With Italian) ခေါ် သီချင်းမှာ လူအများက ဝိုင်းဝန်းထောက်ခံမှုရခဲ့ပြီး အီတလီနိုင်ငံတွင် အကြွယ်ဝဆုံး သူဌေးကြီး ဖြစ်လာပါသည်။ ၂၀၀၁ ခုနှစ်တွင် သူ့ကို ဝန်ကြီးချုပ်ဖြစ်အောင် ထိုသီချင်းကပင် လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။ သူ၏ပါတီ (Forza Italia) မှာ ဒုတိယကမ္ဘာစစ်အပြီးတွင် မဲအများဆုံးနှင့် ဦးဆောင် ပါတီကြီး ဖြစ်လာခဲ့ပါသည်။

၂၀၀၅ ခုနှစ်တွင် သူ၏ ဗဟိုမှ လက်ယာယိမ်းသောပါတီသည် စစ်ကြီးပြီးကတည်းက တခြားပါတီများနှင့်စာသော် အီတလီနိုင်ငံကို အကြာဆုံးအုပ်ချုပ်နိုင်သော ပါတီ ဖြစ်လာခဲ့ပါသည်။ သူသည် အစိုးရက ဝန်ကြီးများ အပြောင်းအလဲလုပ်ရာတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ထိုအချိန်တွင် နောက်တစ်ကြိမ် ဝန်ကြီးချုပ် ရွေးလျှင် သူသာလျှင် အကောင်းဆုံးနေရာ၌ ရှိစေရန် ဖန်တီးခဲ့ပါသည်။ သို့ရာတွင် ၂၀၀၆ ခုနှစ် ဝန်ကြီးချုပ် ရွေးချယ်ပွဲတွင် ရှုံးနိမ့်ခဲ့ပါသည်။ သို့သော် ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲလုပ်သောအခါ သူ၏ နေရာယူတတ်မှုကြောင့် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခြင်း ခံရပါသည်။

သူ၏ အောင်မြင်မှုများက လက်ဝဲဘက် အယူအဆရှိသူများကို စိတ်ဓာတ်ကျဆင်းစေခဲ့ပါသည်။ ဆန့်ကျင်သူများက သူ့ကို ရွံရှာမုန်းတီးနေကြသည်။ နိုင်ငံရေးနှင့် ပတ်သက်လျှင် တက်ဖလွန် (Teflon) ကဲ့သို့ ခံနိုင်ရည်ရှိသူမှာ နိုင်ငံတကာမှ ရှုတ်ချသူများစွာ ရှိခဲ့သည်။ သူက ပေးသော ကတိများမှာလည်း ပြည့်ဝအောင် ဖန်တီးပေးပုံ မရ၊ ဆိုးရွားလာသော အီတလီနိုင်ငံ၏ စီးပွားရေးမှာလည်း အထောက်အကူ မဖြစ်ခဲ့ပေ။

သူ အစိုးရက ပြဋ္ဌာန်းပေးသော ဥပဒေအသစ်များမှာလည်း သူ့ကို အရေးမယူနိုင်အောင် အကာအကွယ် ပေးသည့် ဥပဒေများသာ ဖြစ်ကြသည်။ ဆယ်နှစ်မျှချီ၍ ကြာခဲ့သည့်တိုင်အောင် သူ့ကို အရေးယူရန် ဥပဒေ မရှိဘဲ ဖြစ်နေသည်။ သူနှင့် ရင်းနှီးသူများက သူ့ကို အဘယ်ကြောင့် နိုင်ငံရေးလောကထဲကို ဝင်ရောက်လာပါသနည်းဟု မေးခွန်းထုတ်လာကြသည်။ 

ဥပဒေတခုက သူ့ကိုယ်ပိုင် တီဗွီချန်နယ် တစ်ခုကို စွန့်လွှတ်ရန် ဆုံးဖြတ်ချက် ချထားသော်လည်း တရားရုံးက ထိုဆုံးဖြတ်ချက်ကို ပြောင်းပြန်ဖြစ်သွားအောင် လုပ်နိုင်ခဲ့သည်။ တရားသူကြီးကို လာဘ်ပေး၍ လည်းကောင်း၊ ပါတီရန်ပုံငွေကို အလွဲသုံးစားလုပ်၍ လည်းကောင်း နည်းလမ်းပေါင်းစုံအောင် သုံးခဲ့သည်။ အခြားတခုမှာ စာရင်းလိမ်၍ ပြထားသော ပြစ်မှုကို လျှော့ပေါ့စဉ်းစားစေနိုင်ရန် ဖြစ်သည်။ (Statue Of Limitation) ကို တဝက်သို့ လျှော့ချလိုက်သောအခါ သူ့ပြစ်မှုမှာ ပြစ်မှုမမြောက်တော့ချေ။ သူ့စီးပွားရေး လုပ်ငန်းများစွာတို့မှာ ဤနည်းဖြင့် ဥပဒေ၏ အကျိုးသက်ရောက်မှုမရှိ ဖြစ်ရသည်။ ၂၀၀၃ ခုနှစ်တွင် သူကိုယ်တိုင် ပြစ်မှုကို ကျူးလွန်ခဲ့သော်လည်း သူ၏ ပါလီမန်အမတ် ဖြစ်နေသောကြောင့် အရေးယူပိုင်ခွင့် မရှိဘဲ ဖြစ်နေသည်။ သူသည် ခြစားမှုနှင့် ပတ်သက်၍ ကျူးလွန်ထားခဲ့ခြင်းမှာလည်း ပြစ်မှုကို မစစ်ဆေးနိုင်ဘဲ လွတ်မြောက်ခဲ့သည်။ ထိုဥပဒေများမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံနှင့် မကိုက်ညီဘူးဆိုကာ ပယ်ချလိုက်ပြန်သည်။ ၂၀၀၉ ခုနှစ် ရောက်သောအခါမှ ထိုဥပဒေကင်းလွတ်ခွင့် (Immunization Law) ကို တရားရုံးချုပ်မှ ပယ်ဖျက်လိုက်ရသည်။

ခြစားသည့်အမှုများကို ပိုမို၍ ဆိုးရွားသွားစေခဲ့သည်မှာ အသက်မပြည့်သေးသော မိန်းကလေးနှင့် လိင်ကိစ္စ ကျူးလွန်သည်ဟု စွပ်စွဲခံရသည်။ အမှုကို (Ruby Heart Stealer) ဟုခေါ်သည်။ နောက်ပိုင်းတွင် ဤကိစ္စနှင့်ပတ်သက်၍ တရားရုံးက တရားသေလွှတ်ခဲ့သည်။ သို့သော် အပြည်ပြည်ဆိုင်ရာ သတင်းစာများမှ ရှုတ်ချရေးသားခြင်းကိုကား သူဘာမှ မတတ်နိုင်ပါချေ။ သူသည် အပျော်လိင်ဆက်ဆံသူ မိန်းကလေးများနှင့် တရင်းတနှီး ပတ်သက်ခဲ့သည်ဟုလည်း နာမည်ကြီးခဲ့သည်။ တယ်လီဗီးရှင်း သတင်းကြေညာသူများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအမျိုးသမီးများနှင့်လည်း သူတို့ကို အလုပ်ပေးခြင်း၊ ကောင်ဆယ်လာများ ခန့် အပ်ခြင်း စသည်တို့ကိုပြုလုပ်ခဲ့သည်။ သူ့တွင် မိန်းကလေးအသိမိတ်ဆွေများခြင်းကို ညစာစားပွဲအဖော်များအဖြစ် ရှင်းပြခဲ့သည်။

ထိုသတင်းများအပေါ် အီတလီအမျိုးသမီးထုက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသည်။ အီတလီတွင် တန်ခိုးကြီးသော ရိုမင်ကက်သလစ်ဘုန်းတော်ကြီးများကလည်း  သူ့လုပ်ရပ်များကို တော်လောက်ပါပြီ၊ ရပ်တန်းကရပ်ရန် မေတ္တာရပ်ခံခဲ့ကြသည်။ သို့သော် ဘာလပ်စကိုနီကို ထိုမိန်းမများ အရှုပ်အရှင်းများက ပြုတ်ကျသွားအောင် မတတ်နိုင်ခဲ့ပေ။ ဥရောပ၏ အကြွေးအခက်အခဲ (Debt Crisis) ကြောင့် နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံခြားမှ ခေါင်းဆောင်များက ဘာလပ်စကိုနီ ရှိလျှင် ဥရောပ၏ အကြွေးကိစ္စ ပြေလည်မှာ မဟုတ်ဘူးဟူ၍ မှတ်ချက်ပေးကြသည်။ ထိုအဖြစ်ကြောင့် သူသည် အီတလီဝန်ကြီးချုပ် ရာထူးကို စွန့်လွှတ်လိုက်ရသည်။

၂၀၁၁ ခုနှစ် သူ ရာထူးမှ နုတ်ထွက်ချိန်တွင် အီတလီစီးပွားရေးအတွက် ကြီးစွာသော ဆုံးရှုံးမှုများကို ဖြစ်စေခဲ့ပြီးပါပြီ။ အီတလီနိုင်ငံ၏ Track Record နှင့် နိုင်ငံတကာအတွင်း ရပ်တည်မှု စီးပွားရေးအခြေအနေကို ဘာလပ်စကိုနီက ကြီးမားစွာ ဆုတ်ယုတ်စေခဲ့သည်ဟု အများက ယုံကြည်ကြသည်။ သူ အုပ်ချုပ်နေသော အချိန်များသည် နိုင်ငံအတွက် ပျောက်ဆုံးနေသော အချိန်များ (Lost Decades) ဖြစ်သည်ဟု ပြောကြသည်။ အီတလီနိုင်ငံသည် ယခုအချိန်အထိ နာလန်မထူနိုင် ဖြစ်နေသေးသည်မှာ ဘာလပ်စကိုနီကြောင့်ဟု အပြစ်ပြောကြသည်။

( ၃ )

ဘာလပ်စကိုနီသည် သူအုပ်ချုပ်သည့် အချိန်ထက်များစွာ ပို၍ အခြားအချိန်များ၌လည်း အီတလီနိုင်ငံ၏ စီးပွားရေးကို ပျက်စီးစေခဲ့ပါသည်။ သူ၏ ပေါ်လစီအမှားများကြောင့် သူနှင့် ရင်းနှီးစွာ ဆက်ဆံကြသော မိတ်ဆွေများမှာ နိုင်ငံကောင်းဖို့ကို ဘာမှ မလုပ်ဆောင်နိုင်ခဲ့ကြပါ။ သူ၏ မတည်ငြိမ်သော အမြင် (Berlusconism) ခေါ် ဘတ်လစ်စကိုနီ၏ ဝါဒသည် သူ့ကို မွတ်ဆိုလိုနီ ပြီးကတည်းက အီတလီ နိုင်ငံရေးတွင် အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်အောင် ဆောင်ရွက်ခဲ့သော်လည်း သူ့လုပ်ဆောင်ချက်များမှာ အမေရိကန်ပြည်မှ ဒေါ်နယ်ထရန့်ကို သတိရစေနိုင်လောက်သည်။

ကိုသန်းလွင်

Ref:A Showman who upended Italian Politics and Culture By Jason Robowitz. N.Y Times June13, 2023



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar