Breaking News

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းသပိတ် လုပ်သူတချို့ ဖမ်းဆီးခံရ၊ ရန်ကုန်မြို့မှာ ရွှေဆိုင် ဓားပြတိုက်

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၉ မြင်ကွင်း

(မိုးမခ) ဇွန် ၂၀၊ ၂၀၂၃


ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းသပိတ် လုပ်သူတချို့ ဖမ်းဆီးခံရ၊ ရန်ကုန်မြို့မှာ ရွှေဆိုင် ဓားပြတိုက်

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ကို ပန်းပန်ခြင်း၊ ဘုရားပန်းတင်ခြင်း စတဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့ မြို့တွေမှာ သပိတ်အဖွဲ့တွေက ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို အသုံးပြုပြီး လူထုအနေနဲ့ ပါဝင်ကြဖို့ လှုံ့ဆော်ခဲ့ကြပြီး ဇွန်လ ၁၉ ရက်နေ့မှာ အများပြည်သူ သွားလာနေတဲ့နေရာတွေမှာ ပန်းပန်သူ၊ ပန်းထိုးဖို့ ပန်းဝယ်လာသူတချို့ကို စစ်ကောင်စီ တပ်တွေက သပိတ်လှုပ်ရှားမှုမှာပါဝင်သူဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ အနည်းဆုံး လူ ၁ ဒါဇင်ခန့်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အချို့ဖမ်းဆီးခံခဲ့ကြရတယ်လို့ သတင်းဖော်ပြမှုတွေအရ သိရှိရပါတယ်။ ပန်းပန်ရုံမျှ သို့မဟုတ် ဗုဒ္ဓဘာသာ အရ ဘုရားစင်မှာ ဘုရားပန်းဆပ်ကပ်ဖို့ ပန်းဝယ်လာရုံမျှနဲ့  စစ်ကောင်စီတပ်တွေက ဖမ်းဆီးတယ်ဆိုတဲ့ အဖြစ်က အခြားနိုင်ငံက သူတွေကြားသိရင် စစ်ကောင်စီလုပ်ရပ်က ရယ်စရာကောင်းတယ်လို့ ထင်မြင်စရာရှိပေမယ့် မြန်မာနိုင်ငံက လက်တွေ့ဖြစ်ရပ်တွေကတော့ ရယ်စရာထက် သင်္ကေတသဘောဆန်တဲ့ နိုင်ငံရေးလှုပ်ရှားမှု စစ်တပ်က အာဏာသိမ်းထားခြင်းကို အာခံခြင်း၊ အရှုံးမပေးခြင်း စတဲ့သဘောဆောင်တယ်လို့ ဆိုရမယ့်သဘော ဖြစ်ပါတယ်။ 

မြန်မာ့နိုင်ငံရေးမှာ အခုလို သင်္ကေတသဘောဆန်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ၁၉၉၀ ပြည့်နှစ်၊ ၂၀၀၀ ခုနှစ်တွေမှာ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၁ ကနေ ၂၀၂၀ အကုန်ထိက ပွင့်လင်းတဲ့ နိုင်ငံရေးဆန်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခွင့်ရှိခဲ့ပြီး စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်က တဖန် အရင်စစ်အစိုးရလက်ထက်ကလို နိုင်ငံရေးကို အခြားသော နည်းလမ်းတွေနဲ့ ပြန်ဖေါ်ပြခြင်းဖြင့် စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ခြင်း၊ နိုင်ငံရေးအာဏာကို စစ်တပ်က ချုပ်ကိုင်ခြင်း၊ စစ်အုပ်ချုပ်ရေးတွေကို ဆန့်ကျင်ခြင်း လက်မခံခြင်းကို ပြသကြရပြန်တဲ့ သဘော ဖြစ်ပါတယ်။ 

၂၀၁၀ ခုနှစ်မတိုင်ခင်ကာလတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းတဲ့ လှုပ်ရှားမှုတွေ၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကျင်းပခြင်း စတာတွေကို နိုင်ငံရေးအရ စစ်အစိုးရကို အံတုခြင်း အဖြစ်သတ်မှတ်ပြီး ဖမ်းဆီးခြင်း ထောင်ချခြင်းတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်တာကာလ ဆယ်စုနှစ်တခု နီးပါး လွတ်လပ်စွာ ကျင်းပခဲ့ ၊ နိုင်ငံတော် အတိုင်ပင်ခံရဲ့ မွေးနေ့အဖြစ် အန္တရာယ်မရှိတဲ့ အခမ်းအနား အဖြစ် ကျင်းပနိုင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဇွန်လက စလို့ တဖန်အရင်ခေတ်တုန်းကလို နိုင်ငံရေး အန်တုမှုလှုပ်ရှားမှု အသွင်ပြန်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

 အခုတဖန် ပြန်ပေါ်ထွက်လာတဲ့ မွေးနေ့လှုပ်ရှားမှုအသွင်သဏ္ဌာန်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆိုတဲ့ လှုပ်ရှားမှုထက် စစ်အာဏာသိမ်းမှု၊ နိုင်ငံရေးအာဏာ ရယူထားမှုကို ဆန့်ကျင်တဲ့ ရပ်တည်ချက်တရပ်အဖြစ် မြင်ရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဆိုတာတွေက ၂၀၁၀ မတိုင်ခင်က နိုင်ငံရေးကြွေးကြော်သံတွေ ဖြစ်ခဲ့ပေမယ့် အခုဒုတိယအကျော့ မွေးနေ့ လှုပ်ရှားမှုတွေမှာတော့ လွတ်မြောက်ရေးက ဆီလျော်ပေမယ့် တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ ကြွေးကြော်သံက မကြားရတော့ဘဲ စစ်အာဏာရှင်စနစ် လုံးဝဖယ်ရှားရေး၊ စစ်တပ်ကို အပြီးတိုင် တိုက်ထုတ်ရေး ဆိုတဲ့ရည်မှန်းချက် ကြွေးကြော်သံတွေသာ ဆီလျော်တဲ့ အခြေအနေမျိုး ရောက်ရှိနေပြီဖြစ်ပါတယ်။ 

၁၉၉၀/ ၂၀၀၀ ခုနှစ်များနဲ့ ၂၀၂၁ မှ ဒီဘက်နှစ်တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်၊ လှုပ်ရှားမှုတွေက ၂၀၁၀ မတိုင်ခင်က ရည်မှန်းချက်တွေနဲ့ များစွာခြားနားခဲ့ပြီ ဖြစ်ပါတော့တယ်။ ဂျပန်ခေတ်မှာ ဂျပန်ကို တော်လှန်နေကြသလိုမျိုး အခုမြန်မာပြည်သူတွေ၏ စစ်ကောင်စီကို ဆန့်ကျင်မှုက ပြင်းထန်တယ်လို့ ဆိုနိုင်ပါတယ်။

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ထဲက လူစည်ကားရာ ရပ်ကွက်လမ်းပေါ်က ရွှေဆိုင်တဆိုင်ကို မွန်းလွဲပိုင်းမှာ လက်နက်ကိုင်ဆောင်ထားသူတွေက ဓားပြတိုက်ခဲ့တဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။ 

ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (စျ) ရပ်ကွက်၊ မေဓာဝီလမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့သူ တချို့က ဆိုင်ကယ်နဲ့ လာရောက်ကာ ဓားပြတိုက်ခဲ့တာဖြစ်ပါတယ်။ ရွှေဆိုင်က အထွက်မှာ လုံခြုံရေးက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး အပြင်မှာစောင့်နေတဲ့ သူက ရွှေထည်တွေ ယူဆောင်ပြီး ထွက်ပြေးဖို့ လုပ်ဆောင်နေသူတွေကို ပစ်ခတ် ဖမ်းဆီးဖို့ကြိုးစားခဲ့တဲ့ အဖြစ်ကိုလည်း လုံခြုံရေးကင်မရာက ရိုက်ယူထားတဲ့ မှတ်တမ်းမှာ တွေ့ရှိရပါတယ်။ 

စစ်ကောင်စီက ထိန်းချုပ် အုပ်ချုပ်နေတယ်ဆိုတဲ့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ မကြာခဏ ဓားပြတိုက်မှုတွေ ဖြစ်ပွားနေတာ၊ လုယက်မှု သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာဟာ တဖက်က ကြည့်ရင် သေနတ်လို လက်နက်တွေ အလွယ်တကူ ဝယ်ယူရနိုင်တာကြောင့်လို့ ဆိုနိုင်ပေမယ့် တဖက်မှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု မရှိဘဲနဲ့ တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်လို့မရတာကို သက်သေပြနေသလို ဖြစ်ပြီး တပြိုင်နက်တည်းမှာ ပြည်သူလူထုအနေနဲ့လည်း အခုလို တရားဥပဒေ မစိုးမိုးမှု ဒဏ်ရော၊ နိုင်ငံရေးအရ ဖိနှိပ် ဖမ်းဆီးမှုဒဏ်ကို ခံစားနေကြရတာ ဖြစ်ပါတယ်။ 

အခုလို ရွှေဆိုင်ဓားပြတိုက်တာ၊ ဘဏ်ဓားပြတိုက်တာတွေ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာတို့မှာ အများအပြားဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဓားပြတိုက်သူတွေကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ကြေညာတာတွေရှိသလို ဖမ်းဆီးနိုင်ခြင်းမရှိတဲ့ အဖြစ်အပျက်လည်း အများအပြားရှိတာ တွေ့ရမှာပါ။ ဖမ်းဆီးခံရသူတွေဟာ အမှန်တကယ် ကျူးလွန်သူတွေလား၊ နိုင်ငံရေးအရ အသုံးချဖို့ အတွက် ဓားစာခံလုပ်ပြီး လက်သည်ရှာထည့်တာမျိုးလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိနိုင်ပါဘူး။ 

အခုလို သတင်းအချက်အလက်တွေ အတည်ပြုဖို့ခက်ခဲတဲ့ ကာလမှာ စစ်ကောင်စီအနေနဲ့ တရားဥပဒေ မစိုးမိုးမှုတွေက တဖက်မှာ စစ်ကောင်စီအနေနဲ့ ကောင်းမွန်စွာ မအုပ်ချုပ်နိုင်ဘူးဆိုတာကို သက်သေပြသလိုဖြစ်စေပေမယ့် တဖက်မှာ လူထုအနေနဲ့ ရာဇဝတ်မှုများပြားလာတဲ့အခါ အုပ်ချုပ်သူ လက်နက်ကိုင် အဖွဲ့သာလျှင် အားကိုးရာဆိုတဲ့ ယုတ္တိတခုကို ထည့်သွင်းသလားဆိုတာ တိတိကျကျ ပြောဖို့ ခက်တဲ့အနေအထားလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar