ကိုအောင်မှိုင်း - ငြိမ်းချမ်းရေး ချိုးငှက်သို့

ကိုအောင်မှိုင်း - ငြိမ်းချမ်းရေး ချိုးငှက်သို့
(မိုးမခ) ဇွန် ၂၂ ၊ ၂၀၂၃
ကိုငြိမ်းချမ်း (ညီပုလေး)...
ခင်ဗျား သတင်း ပထမဆုံးကြားတော့ ကျနော်ပြောမိတာက " မဖြစ်နိုင်တာကွာလို့ "။
ကျနော် ဆုတောင်းနေမိတာက "မဖြစ်ပါစေနဲ့"လို့။
ခင်ဗျားကို ချစ်ကြတဲ့ သူတို့ သူတို့ သူတို့တွေ အားလုံးက ခင်ဗျားအပေါ် ထားကြတဲ့ မေတ္တာတွေကို မျက်ရည်တွေနဲ့ ဖော်ထုတ်ကြတယ်။
ကျနော်လဲ ခင်ဗျားကို ချစ်တဲ့အထဲမှာ ရှေ့ဆုံးကဆိုရင် မမှားဘူး ထင်ပါတယ်။
တကယ်တော့ ခင်ဗျားကို တကမ္ဘာလုံးက ချစ်ကြပါတယ်။
တနိုင်ငံလုံးက ချစ်ကြပါတယ်။
မန္တလေးမြို့ကလည်း ချစ်ကြပါတယ်။
ကျနော်တို့ မန္တလေးတက္ကသိုလ်က ခင်ဗျားဟာ မန္တလေးတက္ကသိုလ်ရဲ့ သားကောင်းရတနာတပါးလို ချစ်ကြပါတယ်။
ကျနော်တို့ ဘူမိဗေဒကျောင်းသားတွေထဲမှာတော့ ခင်ဗျားဟာ ကျော်ကြားသူတဦးပါ။
ကျနော် မန္တလေးတက္ကသိုလ်ကို ၁၉၇၃ ခုနှစ်မှာ ဘူမိဗေဒအဓိကနဲ့ စတက်တယ်။
အဲဒီနှစ်မှာ ကျနော်တို့ ဘူမိဗေဒက ပါချူပ်ရဲ့ ဘောလုံးဒိုင်းဆုကို ရတယ်။
ကျနော်လည်း ဘူမိလက်ရွေးစင် ဆိုတော့ ဆုရခဲ့တယ်ပေါ့ဗျာ။
၁၉၇၆ ခုနှစ်မှာတော့ မှိုင်းရာပြည့်မှာ ကျနော် ကျောင်းထုတ်ခံရတယ်။
ထောင်လည်း ကျခဲ့ပါတယ်။
ခင်ဗျား စာတွေ၊ ကဗျာတွေရေးပြီး အောင်မြင်နေတာတွေ့ရတော့ အားရတယ်ဗျာ။
အားလည်းကျပါတယ်။
အခု ကျနော် ကဗျာတွေ ရေးတယ်။
ခင်ဗျား ကျေနပ်မှာပါဗျာ။
ကျနော်တို့ ရည်မှန်းချက် မအောင်မြင်မချင်း ကျနော် ဆက်တိုက်ပွဲဝင်မှာ ဆိုတာကို ကတိပေးရင်း မျက်ရည်တွေနဲ့ပါဗျာ။
ခင်ဗျား... ကောင်းရာသုဂတိကို လားပါစေဗျာ။
ချစ်တဲ့
ကိုအောင်မှိုင်း
ဇွန်လ ၂၁ ရက် ၂၀၂၃ ခုနှစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar