Breaking News

ကရင်ပြည်နယ် တခုတည်း စစ်ပြေးဒုက္ခသည် ၆ သိန်းကျော်ရှိ၊ ဆိုရှယ်မီဒီယာမှာ မွေးနေ့ဆုတောင်းတင်သူတွေ ဖမ်းခံရပြန်

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၀ မြင်ကွင်း

(မိုးမခ) ဇွန် ၂၁၊ ၂၀၂၃


ကရင်ပြည်နယ် တခုတည်း စစ်ပြေးဒုက္ခသည် ၆ သိန်းကျော်ရှိ၊ ဆိုရှယ်မီဒီယာမှာ မွေးနေ့ဆုတောင်းတင်သူတွေ ဖမ်းခံရပြန်

လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်မြင့်လာပြီး ဖြစ်ပွားရာနေရာတိုးပွားလာနေတဲ့ ကရင်ပြည်နယ်ထဲမှာ စစ်ပြေးဒုက္ခသည်အရေအတွက်ဟာ ၆ သိန်းကျော်ရှိလာပြီလို့ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့ ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ဖေါ်ပြထားကြပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လက်နက်ကိုင် အဖွဲ့သစ်တွေ အများအပြားပေါ်ထွက်လာသလို ကေအန်ယူတို့လို နကိုက အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အာဏာသိမ်းလိုက်တဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာကြတာကြောင့်  နှစ်နှစ်အတွင်း စစ်ပြေးဒုက္ခသည် ၁ သန်းခွဲကျော်လာပြီး ဒီအတိုင်းဆက်လက်တိုးလာခဲ့ရင် မကြာခင် ၂ သန်း ကျော်သွားနိုင်ခြေလည်း ရှိနေတဲ့ သဘောဖြစ်ပါတယ်။ 

နိုင်ငံရဲ့ မြေပုံကို ကြည့်ရင် ကရင်ပြည်နယ်ဟာ တောင်ဘက်မှာ မွန်ပြည်နယ်နဲ့ ထိစပ်နေရာကနေ အလယ်ပိုင်းမှာ ပဲခူးတိုင်း၊ အဲဒီနောက် ကယားပြည်နယ် အထက်ဖက်မှာ မန္တလေးတိုင်း နဲ့အနည်းငယ်ထိစပ်နေတဲ့ အထိ နယ်မြေအနေအထားအရ ရှည်လျားတဲ့ ထိစပ်မှုတွေ ရှိတဲ့ပြည်နယ်တခုဖြစ်ပါတယ်။ လတ်တလော ပြင်းထန်တဲ့ တိုက်ပွဲတွေက တပ်မဟာ ၆၊ တပ်မဟာ ၇၊ တပ်မဟာ ၁ နဲ့ ၃ တို့မှာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေက အဆိုပါတိုက်ပွဲဖြစ်ပွားရာဒေသတိုင်းလောက်မှာ ရှိနေပြီး ဒေသခံတွေ အနေနဲ့ ပြည်တွင်းမှာ ထွက်ပြေးတိမ်းရှောင်ရတာရှိသလို အချို့ဒေသတွေမှာ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က စစ်ဆင်ရေး သို့မဟုတ် နေရာယူစစ်ပွဲတွေ ဆင်နွှဲရာမှာ ဒေသခံတွေ ပိုပြီးထွက်ပြေးတိမ်းရှောင်ရအောင် ရည်ရွယ်ကာ အရပ်သားတွေကို စွပ်စွဲသတ်ဖြတ်တာ၊ နေအိမ်တွေ ကျေးရွာတွေကို လက်နက်ကြီးနဲ့ တမင်တကာပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ကေအန်ယူ ခေါင်းဆောင်တချို့က ပြောဆိုဖူးပါတယ်။ စစ်ပွဲကို လက်နက်ကိုင်သူတွေချည်း တိုက်ခိုက်တာမဟုတ်ပဲ လက်နက်ကိုင် တပ်ဖွဲ့တွေကို ထောက်ခံအားပေးသူ သို့မဟုတ် ၄င်းတို့က အကာအကွယ်ပေးထားရတဲ့ လူမှုအသိုင်းအဝိုင်းကိုပါ စစ်ပွဲရဲ့ သက်ရောက်မှုတွေ ရှိအောင် ဆွဲသွင်းလာကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်နဲ့ အလားတူ အနေအထားဖြစ်တဲ့ စစ်ပြေးဒုက္ခသည်အများအပြား ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြားဒေသတခုက စစ်ကိုင်းတိုင်းဖြစ်ပါတယ်။ လူဦးရေ ၇ သိန်းကျော် စစ်ဘေးရှောင်တိမ်းနေရတယ်လို့ ကုလသမဂ္ဂကိန်းဂဏန်းတွေမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ 

နိုင်ငံတကာ ဒုက္ခသည်များနေ့ ဖြစ်တဲ့ ဒီနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဖြစ်သူကလည်း စစ်ပွဲတွေကို ထိထိရောက်ရောက် မတားဆီးနိုင်တဲ့ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီကို အပြစ်တင်ပြောဆိုလိုက်တဲ့အကြောင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံကိုလည်း ရည်ညွှန်းပြောဆိုထားတယ်လို့ သတင်းမှာဖေါ်ပြကြပါတယ်။  မြန်မာနိုင်ငံပြည်တွင်း လက်နက်ကိုင် အကြမ်းဖက်မှုတွေ အရပ်သားသေဆုံးမှုတွေ၊ စစ်ဘေးကြောင့်နေရပ်စွန့်ခွာ တိမ်းရှောင်ရသူတွေ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ၃ ဆမက တိုးမြင့်လာနေပြီး အသက်သေဆုံးရတဲ့ အရေအတွက် ကိန်းဂဏန်းတွေလည်း တဖြည်းဖြည်းချင်း မြင့်တက်လာနေတာ ယခုထက်တိုင် ဖြစ်ပါတယ်။ 

ဒီနေ့အတွက် အခြားသောသတင်းတပုဒ်ကတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးနဲ့ ဆိုရှယ်မီဒီယာကို စောင့်ကြည့်ကာ စစ်ကောင်စီကို ဆန့်ကျင်သူ၊ ဝေဖန်သူ၊ အန်အယ်လ်ဒီ၊ ဒေါ်အောင်ဆန်းစုကြည်၊ NUG, CRPH, NUCC စတဲ့အဖွဲ့အစည်းတခုခုကို ထောက်ခံကြောင်း ဖေါ်ပြတဲ့စာ၊ သင်္ကေတ၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်း ပို့စ်ရေးသားသူတွေကို ဖမ်းဆီးထောင်ချဖို့ ၊ ငွေကြေးလာဘ်လာဘ တောင်းခံပြီး ပြန်လွှတ်ပေးတာတွေ လုပ်ဆောင်နေတဲ့ အကြောင်းဖြစ်ပါတယ်။ 

ဇွန်လ ၁၉ ရက်နေ့မှာ လူသိများတဲ့ အနုပညာရှင်တွေထဲက နောက်ထပ် အနည်းဆုံး ၂ ဦး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း ဆိုရှယ်မီဒီယာ မှာ ရေးသားလို့ ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ တီဗွီဇတ်လမ်းတွဲ သရုပ်ဆောင် ပိုးကြာဖြူခင်၊ သရုပ်ဆောင် ခင်ဝင့်ဝါတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့အကြောင်း ဖျော်ဖြေရေး ဝက်ဆိုက်တချို့က ရေးသားထားကြပါတယ်။ 

သာမန်ပြည်သူတွေ၊ ထင်ရှားလူသိများသူတွေရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို စောင့်ကြည့်ပြီး စစ်ကောင်စီဆန့်ကျင်သူတွေ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို ထောက်ခံသူတွေကို ဖေါ်ထုတ်ဖို့ စစ်ကောင်စီက တာဝန်ပေးထားတဲ့ ဟန်ငြိမ်းဦး၊ ကျော်စွာ အစရှိတဲ့ အကောင့်တုတွေ ဖန်တီးပြီး ဖမ်းဆီးဖို့ လှုံ့ဆော်နေတဲ့ တယ်လီဂရမ် ချယ်နယ်တွေက အဆိုပါ လူသိများထင်ရှားသူတွေနဲ့ အချို့သော သာမန်သူတွေရဲ့ အကောင့်တွေကို ဖမ်းဆီးဖို့ လှုံ့ဆော်ပြီး နေ့ချင်းသို့မဟုတ် ရက်ပိုင်းအတွင်း သက်ဆိုင်ရာ နယ်မြေက ရဲနဲ့ ထောက်လှန်းရေးတွေက ဖမ်းဆီးလေ့ရှိတာဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ကောင်စီကို လက်နက်နည်းလမ်း မဟုတ်ပဲ လူထုလှုပ်ရှားမှုနဲ့ ဆန့်ကျင်ကြောင်း ပြသဖို့ လှုပ်ရှားမှုတွေကို စစ်ကောင်စီဘက်က အခုလို စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူတာ အချို့သော ဖမ်းဆီးမှုတွေကို ငွေကြေးလာဘ်ယူပြီး ခံဝန်ထိုးကာ ပြန်လွှတ်ပေးတဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar