သီအိုဇော် - မင်္ဂလာမွေးနေ့နှစ်ခုနဲ့ နိုင်ငံ
သီအိုဇော် - မင်္ဂလာမွေးနေ့နှစ်ခုနဲ့ နိုင်ငံ
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၃
တခုက
လွတ်လပ်ရေး
အရသာပေးခဲ့တယ်
တခုကျ
ဒီမိုကရေစီ
မြည်းစမ်းကျွေးခဲ့တယ်
တကယ်တမ်းက
မွေးနေ့နှစ်ခု လက်ဆင့်ကမ်း
ထမ်းပိုးပေးထားခဲ့တဲ့နိုင်ငံ။
တော်လည်းသံ ကြားမကြား
နမိတ်ပုံရှိမရှိ
ငြင်းခုံနေကြဖို့မလို
လွန်ခဲ့တဲ့ (၇၈) နှစ်က
စစ်ဘီလူးတွေ ဆွေ့ဆွေ့ခုန်စေဖို့
မကြောက်တရားမျိုးစေ့
တပွေ့တပိုက်နဲ့
သူမ
ခပ်မိုက်မိုက် ရောက်ရှိလာခဲ့တယ်။
‘စပါတာ’ခေတ်ကလို
“ဒိုင်းကိုကိုင်ပြီး ပြန်လာရင်လာ
ဒိုင်းပေါ်အိပ်ပြီး ပြန်လာရင်လာ”
အဲဒီစိတ်ထားမျိုးမွေး *
အရှုံးမပေးတတ်ကြဖို့
‘သူမ’ပြောခဲ့တဲ့စကား
သူတို့ ကြားဖူးချင်မှ ကြားဖူးမယ်
ဒါပေမဲ့
ကြောက်ရွံ့ခြင်းမှ
လွတ်ကင်းသွားကြတဲ့
ဖူးငုံရွက်နု ပွင့်ဖတ်သစ်လေးတွေက
အဲဒီလိုစိတ်ဓါတ်မျိုးနဲ့
တနှစ်ပတ်လုံး ဝေပြီးရင်းဝေဆာ
ဒါဟာ အဓိပ္ပါယ်အပြည့်ဝဆုံး
မွေးနေ့အတွက် ပန်းလက်ဆောင်ပေါ့။
ကဲ
ဘာပဲဖြစ်ဖြစ်
မွေးနေ့ရှင်ကိုယ်တိုင်
ကိတ်လာခွဲစရာမရှိလည်း
စိတ်ထဲအခါခါသိ
မေတ္တာပေးသူ
မေတ္တာသာပြန်ရရှိသမို့
မြန်မာပြည်တနံတလျား
ဆုတောင်းသံများညံစီ
ခွပ်ဒေါင်းမာန်ချီနွှဲကြမယ့်
မင်္ဂလာရှိတဲ့ မွေးနေ့ရက်မြတ်။
*(၁၂-၂-၈၉-ဟိုပုံး၊စာ-၂၇၉ မိန့်ခွန်းကောက်နှုတ်ချက်များ
“ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး”- အောင်ဆန်းစုကြည်)