ထိုင်းနိုင်ငံက ကမကထလုပ်တဲ့ မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၈ မြင်ကွင်း
(မိုးမခ) ဇွန် ၁၉၊ ၂၀၂၃
ထိုင်းနိုင်ငံက ကမကထလုပ်တဲ့ မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲ
ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကမကထလုပ်ဖိတ်ကြားတဲ့ မြန်မာ့နိုင်ငံအရေးကိစ္စ အဖြေရှာဖို့ မြန်မာနိုင်ငံက စစ်အစိုးရနိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာ့အရေးကြောင့် သက်ရောက်မှုရှိနိုင်တဲ့ နိုင်ငံတွေကို ဖိတ်ကြားတဲ့ အစည်းအဝေးကို နကို စီစဥ်တဲ့ ဇွန်လ ၁၈ ရက်ထက် တရက်နောက်ဆုတ်ပြီး ဇွန်လ ၁၉ ရက်နေ့ တနင်္လာနေ့မှာ ကျင်းပမယ်လို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဒီအစည်းအဝေးကို အာဆီယံအဖွဲ့ အနေနဲ့ ဖိတ်ကြားတာထက် မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ နယ်နိမိတ်မထိစပ်သော်လည်း အာဆီယံအဖွဲ့ထဲ အဖွဲ့ဝင်ဖြစ်တဲ့ နိုင်ငံတွေကို ဖိတ်ကြားခဲ့တာ ဖြစ်ပြီး အိန္ဒိယ၊ တရုတ်နိုင်ငံတို့ပါဝင် နေတာတွေ့ရမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံထဲကတော့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က တက်ရောက်မှာမဟုတ်ပဲ အခုလိုစီစဥ်တာကို သဘောမကျတဲ့ မှတ်ချက်လည်း ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကြိုးပမ်းဆောင်ရွက်နေတာတွေ ရှိနေနှင့်ပေမယ့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားအပြီး ၂ နှစ်ကျော်ကြာသည်အထိ အာဆီယံမူ ၅ ချက်ကို အကောင်အထည် မဖေါ်နိုင်သေးတဲ့အပြင် လက်နက်ကိုင် ပဋိပက္ခ အရှိန်ပိုမြင့်တက်လာနေတာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ နိုင်ငံတွေအဖို့ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူတွေကို သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ လက်ခံထားရတာဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ဖြစ်ပွားတဲ့ လက်နက်မှောင်ခိုမှုလို တရားမဝင် ဝင်ရောက်မှုတွေလည်း ကြုံတွေ့နိုင်ရတာကြောင့် မြန်မာ့အရေးမှာ တိုက်ရိုက် သက်ရောက်မှုရှိနေတဲ့ နိုင်ငံတွေလို့ဆိုရင် ဆိုနိုင်တာ ဖြစ်ပါတယ်။
ဒီလို ဆွေးနွေးပွဲကို ထိုင်းနိုင်ငံအနေနဲ့ ကမကထ လုပ်ဆောင်ခြင်းက လုံးဝမှားယွင်းတယ်ဆိုတာထက် စစ်ကောင်စီအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးကိုသာ အသိအမှတ်ပြု ဖိတ်ကြားတဲ့အချက်ကို မြန်မာ့တော်လှန်ရေး အင်အားစုတွေက မကျေမနပ်ဖြစ် ကန့်ကွက်ကြတာလည်း ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေဘက်မှာ အမျိုးသားညီညွတ်ရေး အစိုးရ တနည်းအားဖြင့် စင်ပြိုင်အစိုးရ တရပ်ဖွဲ့စည်းထားပေမယ့် ထိုင်းနိုင်ငံအစိုးရက အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ပတ်သက်လို့ အသိအမှတ်မပြုသလို အခုလို မြန်မာ့အရေး အဖြေရှာရေးဆွေးနွေးပွဲတွေမှာလည်း ဖိတ်ကြားတာ မရှိပါဘူး။ ဒီလို ရှုမြင်မှု ချဥ်းကပ်မှုက မြန်မာ့အရေးမှာ လက်ရှိအာဏာကို ချုပ်ကိုင်ထားတာ တိုင်းပြည်ကို အုပ်ချုပ်နေတာ စစ်ကောင်စီသာဖြစ်တယ်ဆိုတဲ့ ရှုမြင်ချက် ရပ်တည်ချက်ကို ဝေဖန်မေးခွန်းထုတ်ကြတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အနေနဲ့ စစ်ကောင်စီကို သံတမန်ရေးအရ ဖယ်ကျဥ်ထားရေးကို ဦးတည်ပြီး တော်လှန်ရေးအင်အားစုတွေက တောင်းဆိုနေတာဖြစ်ပြီး အာဆီယံအနေနဲ့ စစ်ကောင်စီကိုယ်စားပြုသူကို အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပေးတာ ၂ နှစ်နီးပါးရှိလာပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကိုလည်း တရားဝင် ထိတွေ့ဆက်သွယ်တာမျိုးတော့ မရှိသေးတဲ့အနေအထားဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ လက်ရှိအာဏာရ အစိုးရအဖွဲ့ကိုယ်၌က စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အလိုကျ အခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲကာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရလာတဲ့ တပ်ကဗိုလ်ချုပ်ကြီးတွေ ဖြစ်လို့ မြန်မာ့အရေးမှာ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တွေကို နားလည်ရပ်တည်တာ အံ့အားသင့်ဖွယ် မဟုတ်ပါဘူး။ သို့ပေမယ့် တဖက်မှာ အရပ်သားတွေ ရာနဲ့ချီ သတ်ဖြတ်တာ၊ နေအိမ်တွေ သောင်းနဲ့ချီမီးရှို့ဖျက်ဆီးတာတွေလို နိုင်ငံတကာကအသိုင်းအဝိုင်းက လက်မခံကြတဲ့ လုပ်ရပ်တွေကို ကျူးလွန်ထားတဲ့ စစ်ကောင်စီကို ဆွေးနွေးဘက်အဖြစ် သတ်မှတ်ဖိတ်ခေါ်တာကို မကြေလည်ကြတာ ဖြစ်ပါတယ်။
လက်ရှိ ထိုင်းအစိုးရအနေနဲ့ကတော့ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကို လုံးဝဖယ်ရှားလို့ မရဘူးဆိုတဲ့အချက်ကို ထောက်ခံထားတဲ့ သဘောတွေ့ရပြီး မြန်မာစစ်တပ်ရဲ့ အရပ်သားသတ်ဖြတ်မှုတွေ မီးရှို့မှုတွေ ဖမ်းဆီးနှိပ်စက်မှုတွေလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုတော့ တိုက်ရိုက်ထောက်ခံအားပေးတဲ့ သဘောမျိုး မဟုတ်ဘူးလို့ ယူဆရပါတယ်။ အခုလို အလွတ်သဘော ဆွေးနွေးမှုက ထိုင်းနိုင်ငံမှာ တတိယအကြိမ် ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း တကြိမ်လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒီဆွေးနွေးပွဲတွေကနေ မြန်မာစစ်ခေါင်းဆောင်တွေကို ဘယ်လောက်ထိ သဘောထားပြောင်းလဲအောင် သိမ်းသွင်း ပြောဆိုနိုင်မလဲ ဆိုတာတော့ လောလောဆယ် အဖြေမရှိသေးတဲ့ မေးခွန်းတရပ်ဖြစ်ပါလိမ့်မယ်။
နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားမှုအရ တက်ရောက်မယ့် နိုင်ငံတွေထဲ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ နဲ့ တရုတ်နိုင်ငံတို့ဖြစ်တယ်လို့ သတင်းတရပ်မှာ ဖေါ်ပြထားတာဖြစ်ပါတယ်။
ဒီအစည်းအဝေး စီစဥ်ဖိတ်ကြားတာနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းအစိုးရထံကို ပြန်ရုပ်သိမ်းဖို့ စာပို့ခဲ့သလို မြန်မာအရပ်ဘက် အဖွဲ့အစည်း ၃၀၀ ကျော်ကလည်း ထိုင်းအစိုးရထံ ကန့်ကွက်ကြောင်း စာပေးပို့ခဲ့ကြပေမယ့် ထိုင်းအစိုးရဘက်ကတော့ တုံ့ပြန်ပြောဆိုခြင်းမတွေ့ရပါဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar