Breaking News

ကိုသန်းလွင် - အေအိုင်၏အန္တရာယ်

ကိုသန်းလွင် - အေအိုင်၏အန္တရာယ်

(မိုးမခ) ဇွန် ၂၇ ၊ ၂၀၂၃


( ၁ ) 

စက်မှုစီးပွားရေးတွင် ရှေ့တန်းရောက်နေကြသည့် ကုမ္ပဏီကြီး နှစ်ခုရှိရာ မိုက်ခရိုဆော့နှင့် အယ်လဖာဘက် (ဂူးဂဲလ်)  (Alphabet/google) တို့သည် အေအိုင်(AI Artificial Intelligence) က လွှမ်းမိုးထားမည့် လူတို့၏ အနာဂတ်ကို ပုံဖော်ရာတွင် အရေးကြီးဆုံးနေရာသို့ ရောက်ရှိနေကြပါသည်။ ထိုသို့ ကုမ္ပဏီ နှစ်ခုတည်းသာ ရောက်ရှိနေကြခြင်းသည် ကောင်းသောသတင်း မဟုတ်ပါ။ သမိုင်းကြောင်းအရ ပြောရလျှင် သတင်း ဖြန့်ချိရေးတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း၏ လက်ထဲတွင် ရှိနေပါက နိုင်ငံရေးနှင့် စီးပွားရေး နယ်တို့တွင် အနိုင်ကျင့်မှုများ ပေါ်ပေါက်နိုင်ပါသည်။ လက်ရှိ အခြေအနေကို သည်အတိုင်း လွှတ်ထားပါက သမိုင်းသည် တကျော့ပြန်လည်နိုင်သည့် အနေအထားတွင် ရှိပါသည်။

( ၂ )

လပေါင်းအနည်းငယ်အတွင်း ချပ်ဂျီပီတီ (ChatGPT) ကို လူတိုင်း၏ လက်ဝယ်သို့ အရောက်ပို့ခဲ့ပြီးနောက် မိုက်ခရိုဆော့က ဤ ချပ်ဂျီပီတီ သုတေသနအတွက် ဒေါ်လာငွေ ၁၀ ဘီလီယံမျှ သုံးမည်ဟု ကြေညာခဲ့သည်။ လွန်ခဲ့သောလက အယ်လဖာဘက် စီအီးအို စွန်ဒါပီချိုင်း (Sundar Pichai) က အေအိုင်နှင့်ပတ်သက်၍ လူတို့ အသုံးပြုနိုင်သော ကိရိယာများကို ချပြခဲ့သည်။  အီးမေးလ်၊ Spread Sheet နှင့် စာရေးသားရာတွင် အသုံးပြုနိုင်သော အခြေခံလက်နက်ကိရိယာများ ဖြစ်ပါသည်။

အေအိုင်က လုပ်နိုင်စွမ်းရှိသည်များကို ကြည့်၍ ဘေးမှ အရံအတားမထားဘဲ ကုမ္ပဏီများ တစ်ခုအပေါ်  တစ်ခု ကျော်လွှားလုပ်ကိုင်နေသည်များကို မြင်ရသည်မှာ အန္တရာယ်ကြီးမားလှပါသည်။ အလုပ်အကိုင်များ လုံခြုံရေးကိစ္စ၊ လူတို့၏ လျှို့ဝှက်ချက်များကိစ္စ၊ လက်နက်ထိန်းချုပ်ရေးကိစ္စများတွင် ဘေးမှ ကာရံထားသည့် အကန့် အသတ်များမရှိဘဲ သူ့အလိုအတိုင်း လွှတ်ထားခြင်းမှာ အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ရှိပါသည်။

သမိုင်းက သက်သေပြခဲ့သည်မှာ သတင်းအချက်အလက်များကို ထိန်းချုပ်နိုင်မှုသည် ထိုသတင်း အချက်အလက်ကို မည်သူက ပိုင်ဆိုင်သည်၊ ဘာကို လုပ်နိုင်သည် ဆိုခြင်းထက် ပို၍အဓိကကျပါသည်။ မက်ဆိုပိုတေးမီးယားတွင် စာရေးခြင်းအတတ် ပေါ်ခါစက စာတတ်သူ လူနည်းစုမှာ ငွေရေးကြေးရေး တတ်နိုင်သူ မိသားစုများ၏ သားသမီးများ ဖြစ်ကြပါသည်။ အလယ်ခေတ် ဥရောပတွင်လည်း လူများစွာတို့တွင် စာတတ်သူ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် စာရေးစာချီ စာတတ်ပုဂ္ဂိုလ်များသာ တွင်ကျယ်ခဲ့ကြပါသည်။ သူတို့၏ လူနေမှုအဖွဲ့အစည်းတွင် ဝင်ဆံ့နိုင်သူနှင့် လူထုအပေါ် အုပ်ချုပ်ခွင့်ရသူများ ဖြစ်ကြပါသည်။

စက်မှုပညာ တိုးတက်လာသည့်ခေတ်တွင်လည်း စာတတ်သူ အရေအတွက်မှာ တဟုန်ထိုး များပြားလာခဲ့ပါသည်။ ထို့အတူ သတင်းစာများတွင် ရေးသားနိုင်သူ ရေဒီယိုနှင့် တယ်လီဗီးရှင်းများတွင် စကားပြောနိုင်သူတို့ကို ညွှန်ကြားသူတို့မှာ ပိုမို၍ အင်အားတောင့်တင်းခဲ့ကြပါသည်။

တချိန်တည်းမှာပင် ဗဟုသုတနှင့် ၎င်းကို ဖြန့်ချိခြင်း၊ ဆက်သွယ်ခြင်း အတတ်ပညာများသည် တပြိုင်တည်း တိုးတက်လာခဲ့ကြသည်။ ပြင်ပကမ္ဘာကြီးအကြောင်းကို ရှာဖွေသတင်းယူ၍ ဖြန့်ချိနိုင်လာကြသောအခါ ဆိုဗီယက်ယူနီယံ၏ ပိုလန်၊ ချက်ကိုဆလိုဗားကီးယား၊ ဟန်ဂေရီ၊ အရှေ့ဂျာမနီနိုင်ငံတို့အပေါ် လွှမ်းမိုးထားနိုင်မှုကို ဖယ်ရှားနိုင်ခဲ့ကြပါသည်။

၁၉၉၀ ပြည့်နှစ်များမှစ၍ အင်တာနက်သည် လူတို့၏ အတွေးအခေါ် အယူအဆများကို ပိုမို၍ ဈေးနှုန်း သက်သာစွာဖြင့် ဖလှယ်နိုင်ခဲ့ကြသည်။ သို့သော် ဖေ့စ်ဘွတ် အပါအဝင် ဆက်သွယ်ရေးပလက်ဖောင်းများဖြင့် ဆက်သွယ်ရသောအခါ နိုင်ငံရေးအမြင် ကွဲပြားခြင်း (Polarization)၊  လူမျိုးရေး မုန်းတီးခြင်း၊ အသားအရောင် ခွဲခြားသူများပေါ်ပေါက်လာခဲ့ကြသည်။ နောက်ပိုင်းတွင် တရုတ်ပြည်မှာကဲ့သို့ အာဏာရှင်များ၏ အသုံးချရာ နည်းလမ်းများပေါ်ပေါက်ခဲ့ရသည်။ စက်မှုတိုးတက်မှုများမှာ မိမိပြည်သူများအပေါ်  ဖိနှိပ်ရာ လက်နက်များကို ဖန်တီးပေးခဲ့ပါသည်။

အေအိုင် ပေါ်ပေါက်လာခြင်းကြောင့် ထိုထိန်းချုပ်မှုများသည် ပိုမိုဆိုးရွားလာရန် အကြောင်းရှိပါသည်။ အကြောင်းကိစ္စတခုနှင့်ပတ်သက်၍ စုံစမ်းလေ့လာစရာဖြစ်လာပြီဆိုလျှင် သတင်းဌာနများစွာတို့ထံမှ ချိန်ညှိပြီး သတင်းကို နားထောင်သင့်သည်။ မိမိအားကိုးရာ၊ သိကျွမ်းရာ သတင်းဌာနတခုတည်းမှ အမြင်သည် တဖက်သတ်အမြင်များသာ ဖြစ်ဖို့ များပါသည်။ ဖြစ်သင့်သည်မှာ သတင်းဌာနပေါင်းစုံမှ သတင်းများကို အချိန်ယူ ၍လေ့လာသင့်သည်။ သတင်းများ၏ အောက်ခြေတွင်ပါသော အချက်အလက်များ (Foot note) များ၊ သတင်းဌာနအချင်းချင်း ရည်ညွှန်းလိုလျှင် ပေးထားသော (Link) များကို နှိပ်၍ ကြည့်ခြင်းများကို ကြည့်ရှုရန် ပျက်ကွက်ခြင်းသည် သတင်းကို မျှမျှတတ လေ့လာရန် အခွင့်အရေးကို ဆုံးရှုံးခြင်းပင် ဖြစ်သည်။

ဤနည်းပညာကို ပိုင်ဆိုင်သူတို့မှာ ဤကုမ္ပဏီနှစ်ခုမှသာ ဖြစ်ပြီး ၎င်းတို့သည် အေအိုင်နှင့် ပတ်သက်၍ အခြေခံအပြောင်းအလဲများကို ပြုလုပ်လိုလျှင် (Algorithm) ကို ပြောင်းလဲနိုင်သော ကုမ္ပဏီများ ဖြစ်ကြသည်။ ဥပမာ ချက် (Chess) ကစားနည်းကို တတ်ကျွမ်းပိုင်ဆိုင်သည့် Deep Mind ခေါ် ကုမ္ပဏီ သည် ဂူးဂဲလ်က ပိုင်ဆိုင်ထားသောကုမ္ပဏီ ဖြစ်သည်။

အေအိုင်တော်လှန်ရေးသည် လွန်ခဲ့သည့် နှစ်တရာကျော်က ဂျာမနီတွေးခေါ်ပညာရှင် ကားလမတ် ကြိုတင်ပြောဆိုထားသော အမှောင်ခေတ်ကို သယ်ဆောင်လာနိုင်သည့် နည်းလမ်းကိုလည်း တွေ့နေရပါသည်။ ကားလမတ် က ယုံကြည်ခဲ့သည်မှာ အရင်းရှင်စနစ်သည် တဖြည်းဖြည်း တစ်ဦးတည်းပိုင် ဖြစ်လာပြီး ကုန်ထုတ်လုပ်ရန် နည်းလမ်းများကို ပိုင်ဆိုင်သူတစ်ဦးတည်း ဖြစ်လာပြီး ပိုင်ရှင်က သူ့စိတ်ကြိုက်ဖြစ်အောင် ဖန်တီးသောအခါ ဝိုင်းဝန်းလုပ်ဆောင်ပေးသူ လုပ်သားများအဖို့ တဖြည်းဖြည်း ဆင်းရဲလာရမည်ဟူ၍ ဖြစ်သည်။

ကံကောင်းတောက်မစွာပင် ၁၉ ရာစု စက်မှုစီးပွားရေးခေတ်ကြီးတွင် ကားလမတ်၏ ကြိုတင်ဟောကိန်းများမှာ သူ မျှော်မှန်းခဲ့သလို ဖြစ်မလာဘဲ ပြောင်းပြန်အဖြေထွက်လာခဲ့ပါသည်။ ဖန်တီးလိုက်သော လုပ်ငန်းအသစ်များက စက်မှုလုပ်ငန်းအဟောင်းများကို ဖျက်ဆီးလိုက်ကြပြီး ထရိတ်ယူနီယံများ ပေါ်ပေါက်လာခဲ့သည်။ 

စက်မှုလုပ်ငန်းနှင့် ပတ်သက်၍ အလုပ်သမားများဘက်က ရပ်တည်မည့်သူများ ပေါ်ပေါက်လာခဲ့ သည်။ အစိုးရများကလည်း ကုန်ထုတ်လုပ်ငန်းကို ကာကွယ်သည့် ဥပဒေများ ချမှတ်လာခဲ့ကြရာ လုပ်ငန်းများမှာ အပြိုင်အဆိုင်ဖြစ်လာကြပြီး ရှင်သန်တိုးပွားလာခဲ့ကြသည်။ အကျိုးကျေးဇူးမှာ လုပ်သားများ၏လစာမှာ နည်းမသွားသည့်အပြင် ခေတ်နှင့်အမီ တိုးတက်လာကြသည်။ အခြေအနေ အကောင်း အဆိုးကို ကြံ့ကြံ့ခံနိုင်သည့် ဒီမိုကရေစီနိုင်ငံများ ပေါ်ပေါက်ထွန်းကားလာခဲ့သည်။

အေအိုင်လုပ်ငန်းအတွက် မ တည် ရင်းနှီးရမည့်ငွေရင်းပမာဏမှာ အလွန်ကြီးမားပါသည်။ လူအများ လုပ်ကိုင်နိုင်သည့် အထည်ရက်လုပ်သော စက်ရုံများ၊ သံမဏိစက်ရုံများ တည်ရသည့်ထက် ငွေပမာဏမှာ အဆမတန်ကြီးမားသည်။ ထို့ကြောင့် ဖြစ်လာမည့် အကျိုးကျေးဇူးများကို လူနည်းစုသာ ခံစားရရှိပေလိမ့်မည်။ မိုက်ခရိုဆော့၏ ရင်းနှီးငွေပမာဏမှာ (Market Capitalization) မှာ ၂ ဒသမ ၄ ထရီလီယံ ဒေါ်လာမျှရှိပြီး အယ်လဖာဘက်ကုမ္ပဏီ၏ အရင်းအနှီးမှာ ၁ ဒသမ ၆ ထရီလီယံ ရှိပါသည်။

တချိန်တည်းမှာပင် အလုပ်သမားယူနီယံများ၏ လုပ်ဆောင်ပိုင်ခွင့် စွမ်းအားမှာလည်း ကျဆင်း၍ လာနေသည်။ သမ္မတ လေးဆက် ရီဂင်၊ ဘုရှ် သားအဖနှင့် ကလင်တန်တို့ လက်ထက်များတွင် ကျဆင်းခဲ့သည်။ ၎င်းနှင့်အတူ အစိုးရ၏ စက်မှုလုပ်ငန်းများအပေါ် လွှမ်းမိုးထားနိုင်မှုမှာ မရှိသလောက်ပင် ကျဆင်းလာခဲ့သည်။ ကွန်ဂရက်အနေဖြင့်ကလည်း စက်မှုလုပ်ငန်းများကို ထိန်းချုပ်နိုင်ဖို့ ဝေးစွ၊ သူတို့ ပြောသလိုလုပ်၍ သူတို့ မဖြစ်စေလိုသည်များကို မမြင်ရအောင် တစ်ဖက်သို့ ရှောင်နေကြသည်။

ဒေတာ ပိုင်ဆိုင်မှုက ကျွန်တော်တို့ ဘဝများကို အသေသတ်နိုင်သဖြင့် ၎င်းကို ကာကွယ်ရန် အစီအစဉ်များစွာ ချမှတ်ရန်လိုသည်။ မိမိဒေတာများကို မိမိက မပိုင်ဘဲ ကုမ္ပဏီကြီးများက ပိုင်ဆိုင်နေခြင်းမှာ မဖြစ်သင့်ပါ။ အေအိုင်ကုမ္ပဏီများအနေဖြင့် လူပုဂ္ဂိုလ်တို့၏ ဒေတာများကို သိရှိဖို့ လိုအပ်နေသဖြင့် မိမိဒေတာကို မပေးအပ်မီ လုံခြုံစိတ်ချရအောင် အရံအတား လုပ်ထားရန် လိုသည်။

( ၃ )

ယေးတက္ကသိုလ်တွင် ပြုလုပ်သော စီအီးအိုများ တွေ့ဆုံပွဲတွင် ၄၂ ရာခိုင်နှုန်းမျှသော အီအီးအိုများက အေအိုင်ကို သည်အတိုင်း လွှတ်ထားပါက လူသားမျိုးနွယ်ဆက်ကို ၅ နှစ်မှ ၁၀ နှစ်အတွင်း ဖျက်ဆီးပစ်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ အေအိုင်၏ ဂေါ့ဖားသားဟု အမည်ပေးခြင်းခံရသော ဂျက်ဖရီဟင်တန်က အေအိုင်သည် လူ့ထက် ပို၍ ကျွမ်းကျင်စမတ်ဖြစ်သောကြောင့် ဘာတွေ ဖြစ်လာမည်ကို ပြောရန်ခက်သည်။ သူသည် ထိုအခက်အခဲများကြောင့် အေအိုင်ကို အထိန်းမဲ့ အသိမ်းမဲ့ တိုးတက်လာမှုကို တားဆီးနိုင်ရန် ဂူဂဲလ်က နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အေအိုင်ကို တားဆီးရန်အတွက် နည်းလမ်းမမြင်မိပါဟုလည်း ပြောသည်။ အချို့ကလည်း ကျားသတ္တဝါတွင် ချွန်ထက်သောသွားများ ရှိသည်။ ထို့ကြောင့် ကျားကို လှောင်အိမ်ထဲတွင် လူတို့ ထည့်သွင်းရသည်။ လူသည် ပင်ဒဲမစ်ကို လည်းကောင်း၊ နျူကလီယားလက်နက်ကို လည်းကောင်း ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် အေအိုင်ကိုလည်း ထိန်းသိမ်းနိုင်ပါလိမ့်မည်ဟု ယူဆသူများလည်း ရှိသည်။

Ref; Big Tech is bad. AI will be worse By Daron Acemoglu,  N.Y. Times June 10.2023


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar