ငါန်းဇွန်မြို့နယ်က ကင်းတော်ကျေးရွာ PDF စခန်း ဝင်စီးခံရ၊ စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုးတက်လာတဲ့ မြန်မာနိုင်ငံ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၆ မြင်ကွင်း
(မိုးမခ) ဇွန် ၂၇၊ ၂၀၂၃
ငါန်းဇွန်မြို့နယ်က ကင်းတော်ကျေးရွာ PDF စခန်း ဝင်စီးခံရ၊ စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုးတက်လာတဲ့ မြန်မာနိုင်ငံ
စစ်ကိုင်းတိုင်း ငါန်းဇွန်မြို့နယ်ထဲမှာရှိတဲ့ ကင်းတော်ကျေးရွာက PDF စခန်းတခုကို စစ်ကောင်စီတပ်တွေက နံနက်စောစောမှာ ဝင်ရောက်စီးနင်းပြီး PDF တပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးနဲ့ အရပ်သား ၃ ဦးကို သတ်ဖြတ်ကာ လက်နက်တွေ သိမ်းဆည်းသွားခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြသလို စစ်ကောင်စီ ထောက်ခံတဲ့ Telegram ချယ်နယ်တွေမှာလည်း အားရစွာ ရေးသားနေကြတာ တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းထဲက ဧရာဝတီမြစ်ကမ်းနံဘေးမှာ ရှိတဲ့ ကင်းတော်ကျေးရွာက PDF စခန်းကို စစ်ကောင်စီတပ်တွေက နံနက် ၅ နာရီဝန်းကျင်မှာ အင်အား ၁၀၀ လောက်နဲ့ ဝင်စီးနင်းခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်သတ်ဖြတ်ကာ သေနတ်၊ ကျည်ဆံ၊ လောင်ချာနဲ့ ရှော့တိုက်ဒုံးတွေကို သိမ်းဆည်းသွားတာ ဖြစ်ပါတယ်။
PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ နံနက်စောစောပိုင်း ကင်းချမထားချိန် အိပ်ပျော်နေချိန်မှာ အလစ် အငိုက်တိုက်ခိုက်ခံရတာဖြစ်လို့ ပြန်လည် ခုခံနိုင်တဲ့ အနေအထားမျိုး ရှိပုံမရခဲ့ပါဘူး။ အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ တပြိုင်တည်း သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်မျိုး ယခင်က ဖြစ်ပွားခဲ့တာ ရှိပေမယ့်လည်း လက်နက်စုံစုံလင်လင် မရှိခင် အနေအထား၊ မောင်းပြန်လက်နက်လို လက်နက်နဲ့ ကျည်တွေ မတပ်ဆင်နိုင်သေးခင် အနေအထားမျိုးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ယခုအဖြစ်အပျက်ကတော့ လက်နက်နဲ့ ကျည်ဆန်တွေ ရှိပေမယ့် ကင်းချမထားမိတဲ့ အနေအထားမှာ ရန်သူရဲ့ အလစ်အငိုက် တိုက်ခိုက်မှုကို ခံလိုက်ရတဲ့သဘော ဖြစ်ပါတယ်။
ကင်းတော် ကျေးရွာက PDF စခန်းကို စီးနင်းတိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်တွေအနေနဲ့ လက်နက်တွေ သိမ်းယူသွားခဲ့ပြီး စစ်ကောင်စီတယ်လီဂရမ်တွေက ဒီသေနတ်တွေဟာ ကေအိုင်အေက ထုတ်လုပ်တဲ့ သေနတ်တွေလို့ ရေးသားနေကြတာလည်း တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းမှာ နေရာဒေသ အများအပြားကို စစ်ကောင်စီတပ်တွေ မစိုးမိုးထားနိုင်တဲ့ အနေအထားမှာ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ PDF တွေအနေနဲ့ ရန်သူ ဝင်ရောက်လာနိုင်တဲ့ အန္တရာယ်ကို လျှော့ပေါ့တွက်ဆထားမိခဲ့ကြတဲ့ သဘောမျိုးလို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။
ကင်းတော်ကျေးရွာက စခန်းဝင်စီးရုံတင်မကပဲ အနီးတဝိုက်က ကျေးရွာတွေကိုပါ အင်းအား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက် ဖမ်းဆီးတာ ၊ နေအိမ်တွေ မီးရှို့တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သတင်းတွေထဲ ဖော်ပြထားကြပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်တွေမှာတော့ ကင်းတော်ရွာက PDF စခန်း ဝင်စီးနင်းတိုက်ခိုက်ခဲ့တဲ့ တပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီနေ့ညမှာပဲ စားသောက်ဆိုင် သို့မဟုတ် ထမင်းစားဆောင်လို နေရာတခုမှာ ဂုဏ်ပြုပွဲလုပ်ခဲ့တယ် ဆိုတဲ့ သတင်းဓာတ်ပုံတချို့ ဖော်ပြထားကြတာလည်း တွေ့ရပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း တိုက်ပွဲတွေမှာ ဒဏ်ရာရခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေကို ငပလီ အပန်းဖြေစခန်းကို ပို့ဆောင်ပေးတယ်ဆိုတဲ့ သတင်းတွေ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီအနေနဲ့ ၄င်းတို့ရဲ့ လက်နက်ကိုင်တပ်ကို ယခင်ထက်ပိုပြီး စည်းရုံးရေးလုပ်နေကြရတဲ့ အသွင်မျိုး ဖြစ်နေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ အောင်သေအောင်သား စားတယ် ဆိုတဲ့သဘောမျိုးလို့လည်း ဆိုကောင်းဆိုနိုင်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီက နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်နေရေးနေ့မှာ ကြေညာခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ကျရောက်တဲ့အခါတိုင်းလို မူးယစ်ဆေးဝါးတွေ တန်ချိန်နဲ့ချီ၊ ဒေါ်လာသန်း ရာဂဏန်းနဲ့ချီ ဖျက်ဆီးလေ့ရှိပေမယ့်လည်း လက်တွေ့မြေပြင်မှာလည်း မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးထုတ်လုပ်မှုက တနှစ်ထက် တနှစ် တိုးတက်များပြားလာနေတာ တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီ က မီးရှို့တဲ့ ပမာဏကို ထုတ်ပြန်သလောက် ထုတ်ပြန်နေပေမယ့် တကယ့် မြေပြင်မှာ ဘယ်လောက်ထုတ်လုပ်နေသလဲဆိုတာကို တိတိပပ ဘယ်သူမှ မသိရှိနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက် လျော့ရဲလာတဲ့ တရားဥပဒေစိုးမိုးမှု အားနည်းချက်တွေကြောင့်ရော ငွေကြေးလိုအပ်ချက်၊ လာဘ်စားမှုတွကြောင့် တဖက်မှာ လက်နက်ကိုင် ဆန္ဒပြမှုတွေ ဖြစ်ပွားနေခြင်းက မူးယစ်ဆေးဝါး ကုန်ကူးမယ့်သူတွေအဖို့ မူးယစ်ဆေးဝါး ထုတ်လုပ်တာ၊ သယ်ဆောင်တာတွေအတွက် အားသာချက်တွေ ဖြစ်စေပါတယ်။ နိုင်ငံရေးအရ စစ်ရေးအရ တနိုင်ငံလုံး လှုပ်ခတ်နေချိန် မတည်မငြိမ်ဖြစ်ေနချိန်မှာ မူးယစ်ဆေးဝါး ကုန်ကူးသူတွေ စိုက်ပျိုး ထုတ်လုပ်သူတွေက စျေးကွက်က ဝယ်လိုအားရှိသလောက် ၄င်းတို့ အနေနဲ့ ပိုမိုထုတ်လုပ်ကြပြီး ပြည်တွင်းကို ဖြတ်သယ်ဆောင်ကာ နိုင်ငံတကာ ဒုစရိုက်ဂိုဏ်းတွေနဲ့ ချိတ်ဆက်ပို့ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း မြန်မာနိုင်ငံက ထုတ်လုပ်ဖြန့်ချိတဲ့ မူးယစ်ဆေးဝါး ပမာဏတွေ တိုးတက်လာတာ ဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခကို အမြတ်ထုတ်ပြီး စံချိန်တင်ထုတ်လုပ်နေကြတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar