Breaking News

နေသွင်နိုင်း _ ဗုဒ္ဓသစ်သီးရချင်တယ်

Art by Than Htay Maung
ဗုဒ္ဓသစ်သီးရချင်တယ်
နေသွင်နိုင်း
(မိုးမခ) ဇွန် ၃၊ ၂၀၂၃

ပျင်းပျင်းရှိတဲ့တနေ့
ဘာရချင်လဲမေးတော့
ဗုဒ္ဓသစ်သီးရချင်တယ်လို့ ငါ့သားလေးက ဖြေရှာတယ်ကွာ

ဘဝကို ပင်လယ်လို့ ဘယ်သူဖွင့်ဆိုခဲ့ပါသလဲ
ကဗျာ မရ
သီချင်း မပွင့်
မီးခက်တွေပန်ဆင်ပြီး ဒုက္ခတွေက လှပြတယ်

နာကျင်နေရတဲ့လက်တဖက်ရယ်
ဆာလောင်နေရတဲ့ ပခုံးသားရယ်
ကြယ်ရောင်တွေကို အားနာရ
ချစ်ခြင်းတရားသာ ပို့သနိုင်တော့တယ်

မြစ်ကကျယ်လာပြီး ရေကခန်းလာ
အဆင်ပြေသလားဆို ပြေတယ်
အဆင်မပြေဘူးလားဆို မပြေဘူး 

စူပါမင်းပဲဖြစ်ချင်တယ်
ဗုဒ္ဓသစ်သီး ရချင်တယ်

မင်းက သေတယ်ရှင်တယ် မသိ
ငါတို့က သေမယ်ရှင်မယ် မသိ

စာလည်း မလာ
သတင်းလည်း မကြား
ဘယ်သူတွေမေ့ထားကြပါသလဲ

စစ်ကြီးပြီးရင်လို့ တွေးပြီး
ရန်လည်း ဖြစ်ချင်တယ်
ပြန်လည်းချစ်ချင်တယ် ငါ့ညီ

မင်းကိုသေနတ်ကိုင်ဖို့ ပြောခဲ့ပြီး
နောက်ကနေ လက်ခုပ်တီးနေရတာ
အရှက်ကြီး ရှက်လာရပါပြီ

ပြန်မလာသူရဲ့အခန်းကို ပိတ်ထားမိတဲ့နေ့
မျက်ရည်တွေက သော့တချောင်းလို မာကျောလာ

ဘာရချင်လဲမေးရင်
ဗုဒ္ဓသစ်သီးရချင်တယ်လို့ ငါဖြေမယ် ။ ။

၃၁၅၂၀၂၃
_
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar