Breaking News

စစ်ကိုင်း ဖိုရမ်၊ မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁ မြင်ကွင်း

(မိုးမခ) ဇွန် ၂ ၊ ၂၀၂၃


စစ်ကိုင်း ဖိုရမ်၊ မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

စစ်ကိုင်းတိုင်းထဲမှာ လှုပ်ရှားနေကြတဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ သပိတ်ကော်မတီ၊ လူမှုရေးအဖွဲ့တွေပါဝင် စုဝေးပြီး စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာကိစ္စရပ်တွေကို အွန်လိုင်းကနေ ဆွေးနွေးကြတဲ့ စစ်ကိုင်းဖိုရမ် လို့ အမည်ပေးထားတဲ့ ဖိုရမ်တခုကို မေလ ၃၀ နဲ့ ၃၁ ရက်မှာ ကျင်းပခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်၊ သပိတ်ကော်မတီ၊ အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၁၇၀ ကျော် တက်ရောက်ခဲ့တယ်လို့  ဖိုရမ်ကျင်းပဖို့ စည်းရုံးခဲ့တဲ့ အဖွဲ့ကပြောဆို ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ယခင်နှစ်ကတည်းက အဖွဲ့အစည်း ၃၀ လောက် စုစည်းဆွေးနွေးပြောဆိုမှုတွေ ရှိခဲ့ရာက အဆိုပါ အဖွဲ့အစည်း ၃၀ လောက်က ကမကထလုပ်ပြီး စုဝေးဆွေးနွေးကြဖို့ ပြောဆိုကြရာကအနေ အခုမှာအခါမှာတော့ အဖွဲ့အစည်းပေါင်း ရာကျော် သတ်သတ်မှတ်မှတ် ဖိုရမ်လို့ အမည်ပေးကာ ဆွေးနွေးမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းဖိုရမ်ရဲ့ ထူးခြားချက်တွေလို့ ဆိုရင် အန်ယူဂျီက ကမကထ လုပ်တာမဟုတ်တဲ့ နိုင်ငံရေး စစ်ရေး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲတခုဖြစ်ခြင်း၊ ဒေသအလိုက် တည်ထောင်ထားကြတဲ့ LPDF လို့ခေါ်တဲ့ NUG လက်အောက်က မဟုတ်တဲ့ PDF  လက်နက်ကိုင် အဖွဲ့ ၇၀ ရာခိုင်နှုန်းပါဝင်ကြတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ စစ်ကိုင်းဖိုရမ်ကို မဟာမိတ် အဖွဲ့အစည်းတွေ ဖြစ်တဲ့ NUG, ABSDF အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက သဝဏ်လွှာတွေ ပေးပို့ကြတာလည်းသတင်းတွေမှာ ပါရှိတာတွေ့ရပါတယ်။ 

စစ်ကိုင်းဖိုရမ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းမှာ အန်ယူဂျီရဲ့ ထိန်းချုပ်မှု မရှိတဲ့အချက်ကို ဒီဖိုရမ်က ဖော်ပြလိုက်တာလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတာတွေ့ရပါတယ်။ ဒီဖိုရမ် ကျင်းပဖို့ နှိုးဆော်စည်းရုံးသူ တဦးက သတင်းမီဒီယာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ ဒီဖိုရမ်ဟာ အမျိုးသားညီညွတ်ရေးက ခွဲထွက်ပြီး တစင်ထောင်တာ မဟုတ်၊ ဘာအဖွဲ့အစည်းမှ အသစ်ဖွဲ့စည်းတာလည်းမဟုတ်ဘဲ ပလက်ဖောင်းတခုကနေ စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးကြတာသာ ဖြစ်တယ်လို့ အလေးအနက်ထား ပြောဆိုတာ တွေ့ရပါတယ်။ 

စစ်ကိုင်းတိုင်းဟာ အချို့သော ပြည်နယ်တွေလို ပြည်နယ် သို့မဟုတ် တိုင်း အတိုင်ပင်ခံကောင်စီ မဖွဲ့စည်းနိုင်သေး သလို တိုင်းအတွင်းမှာ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား နိုင်ငံရေး၊  စစ်ရေးနည်းလမ်းတွေအရ ပူးပေါင်း လုပ်ဆောင်နိုင်တဲ့ နည်းလမ်း ဆက်သွယ်ရေး စနစ်တခုခု ရှိဖို့လိုအပ်နေတယ် ဆိုတာကိုလည်း နှိုးဆော်ထားပါတယ်။ 

ဒီဖိုရမ်ကျင်းပခြင်းဟာ စစ်ကိုင်းတိုင်းအတွင်း တရွာကို တဖွဲ့ သို့မဟုတ်တမြို့ကို တဖွဲ့အနေနဲ့ ရပ်တည်လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို စုစည်းကာ နိုင်ငံရေး စစ်ရေး စုစည်းမှု တရပ်အဖြစ် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ အချက်က ထင်ရှားပြီး ဖိုရမ်က ရလာတဲ့ ဆွေးနွေးချက် အကြံပြုချက် အကောင်အထည်ဖေါ်ဖို့ သဘောတူကြတဲ့ အချက်တွေကို ဘယ်လောက် အချိန်ကာလအတွင်း အကောင်အထည်ဖေါ်နိုင်ကြမလဲဆိုတဲ့ အချက်က စိတ်ဝင်စားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်အကြောင်းအရာ တခုကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းလားမှာတွေ့ဆုံကြတဲ့ သတင်းဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ တရုတ်နိုင်ငံရဲ့ ကမကထ နှိုးဆော်မှုကနေ ပေါ်ထွက်လာတယ်ဆိုတဲ့ အချက်က သံသယဖြစ်စရာမရှိပါဘူး။ အခုလို နိုင်ငံရေး ခြေလှမ်းတွေ နောက်မှာ တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှု၊ ၄င်းရဲ့ သြဇာကို အသုံးပြုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကို လက်နက်ကိုင်တိုက်ပွဲတွေကနေ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်အောင် အတင်းတွန်းတင်မှု အဖြစ် သုံးသပ်ရှုမြင်နိုင်ပြီး အခု ခြေလှမ်းဟာ ပြီးခဲ့တဲ့လ မေလ ၃ ရက်နေ့က ကဆုန်လပြည့်နေ့ကို အကြောင်းပြုကာ နိုင်ငံရေး ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရသူ ၂ ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးခြင်းနဲ့ သေဒဏ်ချမှတ်ခံထားရသူ ၃၈ ဦးကို သေဒဏ်အမိန့်ကနေ ပယ်ဖျက်ခြင်း စတဲ့ ရလဒ်တွေ ပေါ်ထွက်လာပြီးနောက် နောက်ထပ် ခြေလှမ်းတလှမ်းလို့ ဆိုရမယ့် သဘောဖြစ်ပါတယ်။ 

အခု ၃ ဖွဲ့မှာ ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေပြီး မြောက်ပိုင်း လိုင်ဇာကနေ သန္ဓေတည်ခဲ့တဲ့ Arakan Army, ကိုးကန့်အဖွဲ့လို့ အရပ်သားအခေါ် ခေါ်ကြတဲ့ MNDAA နဲ့ TNLA တအန်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ ဖြစ်ပြီး မြောက်ပိုင်း အဖွဲ့တွေထဲ စစ်ကောင်စီနဲ့ တိုက်ခိုက်မှု အများဆုံးဖြစ်ခဲ့တဲ့ ဖြစ်နေတဲ့ အဖွဲ့တွေလို့ ဆိုရင် မမှားပါဘူး။ 

တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို စစ်ပွဲကနေ ဆွေးနွေးပွဲစကားဝိုင်းကို ဆွဲခေါ်ဖို့ ကြိုးပမ်းမှုလို့ ယေဘုယျအားဖြင့် ကောက်ချက်ချရင် မှားမယ်မထင်ပါဘူး။ စစ်အာဏာသိမ်းမှု မဖြစ်ခင်ကာလတွေမှာလည်း တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်းအဖွဲ့တွေကို နေပြည်တော်က ငြိမ်းချမ်းရေး ညီလာခံတက်ဖို့ တွန်းတင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပြီး အခု စစ်အာဏာသိမ်းပြီးနောက် ကျယ်ပြန့်လာတဲ့ မြန်မာနိုင်ငံက လက်နက်ကိုင် တိုက်ခိုက်မှု နောက် တရုတ်နိုင်ငံအနေနဲ့ ၄င်းတို့နဲ့ အိမ်နီးချင်းဖြစ်နေတဲ့ နိုင်ငံ၊ ၄င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေရှိတဲ့ နိုင်ငံ၊ နိုင်ငံရေးပထဝီအရ တရုတ်နိုင်ငံအရှေ့တောင် ဘက်ဒေသတွေကနေ အိန္ဒိယ သမုဒ္ဒရာကို ထွက်ပေါက် ဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်မီးတောက်လောင်နေမှာ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေမှာကို လိုလားမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တဖက်မှာလည်း တရုတ် အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုက ၄င်းတို့အတွက် လိုအပ်ချက်တခု ဖြစ်တာကြောင့် ဒီလို တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုကို ဘယ်လို ကိုင်တွယ်လုပ်ဆောင်ကြမလဲ ဆိုတာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar