Breaking News

‌ခေတ်မောင်း - ပြည်တွင်းစစ်

ပြည်တွင်းစစ်
‌ခေတ်မောင်း
(မိုးမခ) ဇွန် ၁၅၊ ၂၀၂၃

မြေတလင်းပေါ်မဆန့်တော့တဲ့ 
အနာတရတွေက ပြင်းရှရှ။ 

ဆေးယဉ်ပါးသလို
ကုစားရခက်တဲ့ဝေဒနာတွေက
နာတာရှည်အဆင့်။

ရေခံမြေခံမကောင်းတော့
အပိုင်းပိုင်းအက်နေတဲ့မြေပုံပေါ်
ဓမ္မတေးသံတွေတိုးတိတ်
ရိုးရာဂီတသံတွေဆိတ်သုဉ်းလို့
အမုန်းတရားတို့က အလျှံညီးညီး။

အဝေးက
တောရိုင်းတောအုပ်တွေထဲမှာ 
မြုပ်နှံထားတဲ့အိမ်အလွမ်းတွေရှိတယ်။

အဝေးက 
တောင်နံရံတွေထက်မှာ
ပဲ့တင်နေတဲ့ဥဒါန်းတွေရှိတယ်။

အဝေးက 
လျှိုမြောင်ချိုင့်ဝှမ်းတွေထဲမှာ
လယ်ပစ် ယာပစ်
ကျောင်းပစ် အိမ်ပစ် 
ရပ်ပစ် ရွာပစ်နဲ့
ဘဝတစ်ခုလုံးပါပစ်သွားရသူတို့ရဲ့
နာကျင်မှုတွေရှိတယ်။

မျက်နှာချင်းဆိုင်ညှိနှိုင်းမှုရဲ့နောက်မှာ 
ဆုတ်ပြဲသွားတဲ့ပဋိညာဉ်တွေနဲ့
အစွယ်ပြင်ထားတဲ့ဗျူဟာတွေရှိတယ်။

နှစ်ပေါင်းများစွာကြာခဲ့ပေါ့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့
စစ်မှန်တဲ့အနှစ်သာရတွေ 
စိုက်ပျိုးမရတဲ့ငါတို့မြေပေါ်
ခေတ်အဆက်ဆက် 
ပစ်ခတ်သံတွေနောက်ခံထားပြီး 
သွေးညှီနံ့ဝနေတဲ့အလံတော်အောက်
နိုင်ငံတော်သီချင်းဟာ 
အစိတ်စိတ် အမွှာမွှာ။     ။

11.6.2023
Tue 1:00 P
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar