Breaking News

စစ်အာဏာသိမ်းပြီးနောက် လပေါင်း ၂၀ အတွင်း အရပ်သား သေဆုံးမှုအကြောင်း နော်ဝေသုတေသနအဖွဲ့ရဲ့ အစီရင်ခံစာ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၄ မြင်ကွင်း

(မိုးမခ) ဇွန် ၁၅၊ ၂၀၂၃


စစ်အာဏာသိမ်းပြီးနောက် လပေါင်း ၂၀ အတွင်း အရပ်သား သေဆုံးမှုအကြောင်း နော်ဝေသုတေသနအဖွဲ့ရဲ့ အစီရင်ခံစာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု စတင်ဖြစ်ပွားတဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စလို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ဆုံးတဲ့ လ ၂၀ တာကာလအတွင်း အရပ်သား ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ နော်ဝေ နိုင်ငံက PRIO  သုတေသနအဖွဲ့ က ခုရက်ပိုင်းအတွင်း ထုတ်ပြန်လိုက်တဲ့ “Counting Myanmar’s Dead: Reported Civilian Casualties since the 2021 Military Coup” အစီရင်ခံစာမှာ ဖေါ်ပြခဲ့ပါတယ်။ ဒီအစီရင်ခံစာဟာ ပြည်ပအခြေစိုက် သုတေသနအဖွဲ့တဖွဲ့က စစ်ကောင်စီကို ထောက်ခံသူလို့ စွပ်စွဲပြီး PDF နဲ့ မြို့ပြပြောက်ကျားလို အဖွဲ့တွေက အရပ်သားတွေကို သတ်ဖြတ်မှုကို အရေအတွက်နဲ့ တကွ ပထမဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးကတော့ PDF တွေ လက်ချက်နဲ့ ကြံ့ခိုင်ရေးပါတီဝင်၊ အုပ်ချုပ်ရေးမှူး၊ စီဒီအမ် မလုပ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ နဲ့ ဘုန်းတော်ကြီး သီလရှင်နဲ့ ကလေးတွေအပါအဝင် ၅၄၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂ လက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

အခုလို နော်ဝေနိုင်ငံ သုတေသနအဖွဲ့က သုတေသီဖြစ်သူ Stein Tonnesson နဲ့ မြန်မာလူမျိုး ဒေါက်တာမင်းဇော်ဦးတို့ ပူးပေါင်းပြုစုထားတဲ့ အစီရင်ခံစာမှာ အရပ်သားသေဆုံးရမှု ဆိုတဲ့ အကြောင်းအရာကို မီးမောင်းထိုးပြလိုက်ပြီး ဒီသေဆုံးမှုတွေရဲ့ အဓိက လက်သည်က စစ်ကောင်စီဖြစ်ပြီး တဖက်မှာလည်း ပမာဏ အတိုင်းအတာတခုထိ ကျူးလွန်သူတွေက PDF နဲ့ မြို့ပြပြောက်ကျားလို့ ယေဘုယျ အားဖြင့်ခေါ်ဆိုကြတဲ့ အမည်အမျိုးမျိုးပေးထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ အချို့သော လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အခုလို နိုင်ငံရေးအရ ဘယ်ဘက်က ရပ်တည်သလဲဆိုတာထက် လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့ အရပ်သားသေဆုံးမှုတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ကာ ထုတ်ပြန်တဲ့ အစီရင်ခံစာက NUG၊ PDF နဲ့ မြို့ပြပြောက်ကျားအဖွဲ့ တွေကို ထောက်ခံသူတွေက နှစ်သက်ချင်မှ နှစ်သက်မှာဖြစ်ပါတယ်။ ဒီအကြောင်းအရာက နွေဦးတော်လှန်ရေးကို ထောက်ခံသူတွေအကြား အငြင်းပွားဖွယ် အကြောင်းအရာ တရပ်ဖြစ်နေခဲ့ပြီး အများစုက အရပ်သားတွေကို စစ်ဘက်ဆိုင်ရာပစ်မှတ်အဖြစ် သတ်မှတ်တဲ့ ယူဆချက် အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ လုပ်ကြံသတ်ဖြတ်တာကို အရေးတကြီးကိစ္စ အဖြစ် မယူဆကြတာလည်း ဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီဆန့်ကျင်သူတွေကို စစ်ကောင်စီထံ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး၊ စီဒီအမ် မလုပ်တဲ့ ဝန်ထမ်းတွေ၊ စီဒီအမ် လုပ်သွားတဲ့ လက်အောက်က ဝန်ထမ်းတွေကို စစ်ကောင်စီဘက်က တောင်းခံလာတဲ့အခါ စာရင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး၊ လက်အောက်ဝန်ထမ်းတွေ အပေါ် မောက်မာ အနိုင်ကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုး၊ အများပြည်သူထံက လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးတွေကို လက်နက်ကိုင် လုပ်ကြံသတ်ဖြတ်ကြတဲ့သူတွေက အကြောင်းပြချက် အနေနဲ့ ပေးလေ့ရှိကြတာလည်း သတင်းတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ 

အခု အစီရင်ခံစာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဖြစ်သူကို သတင်းမီဒီယာတခုက မေးမြန်းရာမှာ အရပ်သားတွေကို သတ်ဖြတ်တာတွေ မရှိတဲ့သဘော စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခံရလို့ တိုက်ခိုက်တာတွေ ရှင်းလင်းတာတွေ လုပ်ဆောင်ရတဲ့ သဘောမျိုး ဖြေကြားခဲ့တာ တွေ့ရပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ၂၀၂၁ ခုနှစ် မေလမှာ ဖွဲ့စည်းတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အတွက် “စစ်သည်တော်ကျင့်ဝတ်” ဆိုတာ ဖွဲ့စည်းစဥ်ကာလကတည်းက ချမှတ်ခဲ့ပြီး အခုလို ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့  ဖြစ်စေ၊ အရပ်သား သတ်ဖြတ်မှု ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဖြစ်စေ မေးမြန်းလာရင် ယေဘုယျအားဖြင့် စစ်သည်တော်ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်တာလို့ ပြောဆိုပေမယ့် အသေးစိတ်ဘယ်လို ကျင့်သုံးတယ်၊ ဘာကြောင့် အဆိုပါ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ စီဒီအမ် မလုပ်တဲ့ ပညာရေး ဝန်ထမ်း စတဲ့သူတွေက စစ်ရေး ပစ်မှတ်သဖွယ် သတ်မှတ်ရတယ်ဆိုတာမျိုး ရှင်းလင်းပြောဆိုတာမျိုး မတွေ့ရပါဘူး။ နောက်တချက်က မြို့တွေနဲ့ ကျေးလက်တွေမှာ စစ်ကောင်စီဘက်က ကျူးလွန်တာမဟုတ်တဲ့ အရပ်သား သေဆုံးမှုတွေ ပေါ်ပေါက်လာရင် ကျူးလွန်ကြတဲ့ အဖွဲ့တွေက အမျိုးသားညီညွတ်ရေးအဖွဲ့ လက်အောက်ခံ ဟုတ်၊ မဟုတ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိတဲ့ အနေအထား တွေ့ရပါတယ်။ 

မြို့တွေပေါ်က လုပ်ကြံသတ်ဖြတ်မှုတွေက မိမိတို့ ဆုံးဖြတ်ချက်နဲ့ မိမိတို့ဘာသာ သတ်မှတ်တဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ် သတ်မှတ်ချက် သို့မဟုတ် စစ်ကောင်စီ ဒေါက်တိုင်ဆိုတဲ့ ဝါဒဖြန့်ချိရေးဆန်တဲ့ စကားလုံးနဲ့ သတ်ဖြတ်ဖို့ ဆုံးဖြတ်ကာ လုပ်ဆောင်နေကြတာမျိုးလည်း ဖြစ်ပါတယ်။ ဒေါက်တိုင် ဆိုတဲ့ နိုင်ငံရေးစကားလုံးဟာ ကွန်မြူနစ်လက်နက်ကိုင် အဖွဲ့တွေရဲ့ အစွန်းရောက်တဲ့ ဝါဒဖြန့်အသုံးအနှုန်းတခုဖြစ်ပြီး ၁၉၆၀၊ ၇၀ ခုနှစ်ကာလတွေက ပဲခူးရိုးမလို နေရာမျိုးမှာ မူဝါဒကွဲလွဲသူ မထောက်ခံသူတွေကို စွပ်စွဲတဲ့ ဝါဒဖြန့်အသုံးအနှုန်းတခုဖြစ်ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့လို မူဝါဒတွေနဲ့ ဘယ်လိုမှ စပ်ဟပ်လို့မရတဲ့ စကားလုံးတလုံးဖြစ်ပါတယ်။ 

မြို့ပြပြောက်ကျား အဖွဲ့တွေက လုံခြုံရေးအရ နောက်ကွယ်မှာ ဘယ်အဖွဲ့နဲ့ ဆက်စပ်တယ်၊ ဘယ်အဖွဲ့က အကူအညီပေးထားတယ်ဆိုတာမျိုး သိရှိဖို့ မလွယ်ကူသလို ၄င်းတို့အနေနဲ့ စစ်သည်တော်ကျင့်ဝတ် ကို လိုက်နာဖို့ လက်နက်ကိုင် စစ်တပ်သဖွယ် အုပ်ချုပ်ရေး အမိန့် တာဝန်ခံမှုတွေ နဲ့ ဖွဲ့စည်းထားတာမျိုး မဟုတ်လို့ အခုလို အရပ်သား သတ်ဖြတ်ခံရမှုတွေမှာ တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်ဖို့ မလွယ်ကူတဲ့အနေအထားဖြစ်နေပြီး ရေရှည်မှာတော့ နွေဦးတော်လှန်ရေးမှာ ဦးစီးဦးဆောင်ပြုတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့  မူဝါဒအရ ခြုံငုံပြီး တာဝန်ခံရမှာ ဖြစ်ပါတယ်။ 

နော်ဝေ သုတေသနအဖွဲ့က အစီရင်ခံစာရဲ့ အနှစ်ချုပ်စာသားက စစ်ကောင်စီက အရပ်သား သတ်ဖြတ်မှုတွေမှာ အဓိက သတ်ဖြတ်သူဖြစ်နေတဲ့ အချက်နဲ့ စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့တွေရဲ့ လက်မှာလည်း သွေးစွန်းနေပြီး တာဝန်ခံမှုရှိလာမယ်ဆိုတဲ့ အချက်ဖြစ်တာတွေ့ရပါတယ်။ အရပ်သားဆိုတာ စစ်ရေးပစ်မှတ်ဖြစ်တယ်ဆိုတာတွေကို နိုင်ငံရေး ဘက် သူ့ထောက်ခံသူ ကိုယ့်ထောက်ခံသူထက် ရှင်းလင်းတိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ နဲ့ လိုက်နာဖို့ လိုအပ်လာနေပြီဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar