Breaking News

လက်နက်ကိုင်ပဋိပက္ခမှာ အရပ်သား သေဆုံးမှုလျော့ကျအောင် လုပ်ဆောင်နိုင်မလား


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၆ မြင်ကွင်း

(မိုးမခ) ဇွန် ၁၇၊ ၂၀၂၃

လက်နက်ကိုင်ပဋိပက္ခမှာ အရပ်သား သေဆုံးမှုလျော့ကျအောင် လုပ်ဆောင်နိုင်မလား 

အရပ်သား သေဆုံးမှုတွေ နေ့စဥ်နဲ့အမျှ သတင်းတွေမှာ ဖတ်ရှု၊ နားထောင်နေကြရသည်။ ခုရက်ပိုင်းအတွင်း မိုးဗြဲမြို့အနီးအနားမှာ ဖြစ်ပွားတဲ့ စစ်ကြောင်းထိုးခြင်းနဲ့ အရပ်သားများ ဖမ်းဆီးခံရခြင်းတွေ အရေအတွက် ၂၆ ယောက်အထိ ရှိသည်ဆိုသည့် သတင်းဖတ်ရှုရသည်။ ခု ရက်ပိုင်း အရပ်သားသေဆုံးမှုက မိုးဗြဲတနေရာထဲ မကပါ။ မန္တလေးတိုင်း သပိတ်ကျဥ်းမြို့နယ်ထဲမှာ သတ်ဖြတ်ခံထားရသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေတွေ့ရှိရသလို၊ လက်နက်ကြီးကျည် ကျ၍ ကလေးမြို့နယ်ထဲ၊ ပဲခူးတိုင်း ထန်းတပင်မြို့နယ်ထဲက ကျေးရွာမှာ သေဆုံးမှုနဲ့ ဒဏ်ရာရတဲ့ အဖြစ်အပျက်၊ ခုရက်ပိုင်းမှာပင် စစ်ကိုင်းမြို့နယ်ထဲက ဆားတောင်နဲ့ အနီးတဝိုက်က ရွာတွေမှာ ဖမ်းဆီးခံရတာ၊ စစ်ကြောင်းဝင်လို့ ထွက်မပြေးနိုင်သည့် အသက်အရွယ်ကြီးရင့်သူ တဦး သေဆုံးရသည့်သတင်း၊ စသည့်သတင်းများကို  နေ့စဥ် သတင်းတွေထဲ တပြိုင်နက်တည်း ဖတ်ရှုနေရသည်။ 

လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်သည့် အရပ်သားများ သေဆုံးရသည့်ဖြစ်ရပ်တွေက နေ့စဥ်နှင့်အမျှ မြန်မာနိုင်ငံ၏ နေရာအနှံ့တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ စစ်ကောင်စီက အများဆုံးသတ်ဖြတ်သူဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့၊ PDF လက်နက်ကိုင် တပ်ဖွဲ့များက ပျူစောထီး ထောက်ခံသူ၊ ပျူစောထီးအဖွဲ့ဝင် အစရှိသည့် စွပ်စွဲချက်များဖြင့် သတ်ဖြတ်မှုများလည်း အနည်းငယ်ပါဝင်သည်ကို တွေ့ရမည်ဖြစ်သည်။ အဓိက လက်သည်ဖြစ်သူကတော့ စစ်ကောင်စီတပ် နှင့် ရဲ၊ ပြည်သူ့စစ်ဟု ၄င်းတို့ကိုယ်၄င်းတို့ နာမည်ပေးထားသော်လည်း စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဘက်က အခေါ်အဝေါ်အားဖြင့်တော့ ပျူစောထီး ဟုခေါ်ဆိုသည့် ပြည်သူ့စစ် အဖွဲ့ဝင်များ ဖြစ်သည်။ 

ယခုလို အရပ်သား သေဆုံးမှု များပြားနေခြင်းကို လျော့ချနိုင်မည့် နည်းလမ်းများ မရှိဘူးလား ဆိုသည့် မေးခွန်း စောကြောမှုရှိလာနိုင်ပါသည်။ စစ်ကောင်စီဘက်ကတော့ ၄င်းတို့ကို ဆန့်ကျင်တိုက်ခိုက်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွင်ပါဝင်ခြင်းသာမကပဲ အားပေးခြင်း၊ ထောက်ခံခြင်း၊ ကူညီခြင်း လက်ခံခြင်း စသည့် အကြောင်းတချက်ချက်နှင့် သံသယရှိလျင် သို့မဟုတ် အထောက်အထားတွေ့ရလျင် ဖမ်းဆီးခြင်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ဖို့ ဝန်လေးမည့် အနေအထားမရှိဟု ဆိုရမည်ဖြစ်သည်။ တဖက်တွင် အရပ်သားများ သေဆုံးမှု ခုထက် လျော့နည်းအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် နည်းလမ်းရှာဖွေနိုင်မလားဆိုသည့် အချက်ကို စောကြောကြည့်လိုပါသည်။ 

ပြည်သူ့ကာကွယ်ရေး အဖွဲ့များအနေဖြင့် ပြောက်ကျားစစ် နည်းဗျူဟာကို အသုံးပြုသည်ဟု ဆိုပါက ဥပမာအားဖြင့် တိုက်ပွဲဖေါ်ဆောင်ခြင်းကို ကျေးရွာများ အနီးတွင် လုပ်ဆောင်ခြင်း မပြုဘဲ လူနေထိုင်သည့် ကျေးရွာများနှင့် ဝေးသည့် နေရာများတွင် ဖေါ်ဆောင်ရန် ဖြစ်နိုင်ချေရှိ၊ မရှိ။ ကျေးရွာများသို့ စစ်ကြောင်းဝင်ရောက်ခြင်းကို မဝင်နိုင်အောင် တားဆီးတိုက်ထုတ်နိုင်ခြင်း ရှိမည်လား။ မတိုက်ထုတ်နိုင်ပါက ကျေးရွာအနီးအနား နေရာများတွင် ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းတို့ မပြုလုပ်ပါက ကျေးရွာကို ပစ်မှတ်ထား ဖျက်ဆီးခြင်း ကျေးရွာရှိ အရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းမှ ကာကွယ်နိုင်မည်လား ဆိုသည့် နည်းလမ်းများလည်း ရှိကောင်းရှိနိုင်ပါသည်။ 

အရပ်သား သေဆုံးမှုနှင့် နေအိမ်၊ ရိက္ခာ ဖျက်ဆီးခံရမှုများသည် တဖက်တွင် နိုင်ငံရေးအရ စစ်ကောင်စီကို စိတ်နာကျည်းစရာဖြစ်စေ၍ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအနေဖြင့် တော်လှန်ရေး အတွက် နိုင်ငံရေးအရပိုမိုစည်းရုံးရ လွယ်ကူစေပြီး ဒေသခံများအနေဖြင့် လက်နက်ကိုင် တိုက်ပွဲကို အပြည့်အဝ ပါဝင်ရန် သို့မဟုတ် ကူညီရန် ပိုင်းဖြတ်မှုဖြစ်စေလိမ့်မည် ဆိုသည့် တွေးဆချက်မျိုးလည်း ဖြစ်နိုင်ချေလည်း ရှိသလို တဖက်တွင် ယခုလို လက်နက်ကိုင် တော်လှန်ရေးအတွက် လူအင်အား၊ ငွေအင်အား ဖြင့်ပါဝင်ကူညီနေသူတွေ မိသားစုဝင်တွေ ဆုံးရှုံးရမှု၊ နေအိမ် ရိက္ခာဆုံးရှုံးရမှုတွေက ဆက်လက်ပါဝင်ဖို့ အင်အားမရှိသလို ၊ သို့မဟုတ် အရင်းအမြစ်များ ကုန်ခမ်းသွားသဖြင့် တော်လှန်ရေးမှာ ပါဝင်ကူညီမှု ကျဆင်းသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ 

ပထမတွေးဆချက်ဖြစ်သည့် စစ်ကောင်စီက ရက်စက်လေ ၊ တော်လှန်ရေးအတွက် စည်းရုံးဖို့ ပိုကောင်းလေ ဆိုသည့်အယူအဆက မစာနာရာ၊ မိမိတို့ကို ထောက်ခံသည့် လူထုကို မညှာတာရာ ၊ လူ့အသက်နှင့် နေအိမ်ပိုင်ဆိုင်မှုများကို တန်ဖိုးမထားရာ ကျနိုင်သည့် တွေးတောစဥ်းစားချက် ဖြစ်နိုင်ပြီး တော်လှန်ရေးက မကြာခင် လပိုင်း သို့မဟုတ် တနှစ် နှစ်နှစ်အတွင်း အောင်ပွဲရမည်ဟု ယုံကြည်လျင်တော့ အဆိုပါ ရှုထောင့်ကို မဆန့်ကျင်လိုသော်လည်း ရေရှည်တိုက်ရမည့် တိုက်ပွဲဖြစ်ပါက တနည်းအားဖြင့် မိမိတို့ဘက်က အင်အားစုတွေ သက်လုံကောင်းဖို့ တိုက်ပွဲလည်း တိုက်ရင်း အသက်ရှင်သန်ရပ်တည်ရေးလည်း လုပ်ရင်းသွားရမည့် အနေအထားဆိုလျင် ထိုသို့ မစဥ်းစားသင့်ပဲ မိမိတို့ဘက်က လူအင်အား၊ ရိက္ခာအရင်းအမြစ်အင်အားကို စိစစ်သုံးစွဲသင့် ချွေတာဖို့ လိုအပ်လိမ့်မည် ဖြစ်ပါသည်။ 

လက်ရှိ မြန်မာနိုင်ငံ၏ လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာဒေသပေါ်မူတည်၍ တိုက်ပွဲ မဟာဗျူဟာ၊ နည်းဗျူဟာ ကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါသည်။ သို့ရာတွင် အရပ်သား သေဆုံးမှု မြင့်တက်လာခြင်း၊ နေအိမ် ရိက္ခာဖျက်ဆီး ယူဆောင်ခံခြင်းများ များပြားသည့် အနေအထားတွင်မူ ကရင်နီဒေသ၊ စစ်ကိုင်း နှင့် မကွေးတိုင်း အထက်ပိုင်းတို့မှာ အတူတူပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ 

လက်နက်ကိုင် တိုက်ပွဲနှင့်  ပြောက်ကျားစစ်ကို ဆယ်စုနှစ်များစွာ ဆင်နွှဲလာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင် ယခု အခြေအနေနှင့်ပတ်သက်သည့် အတွေ့အကြုံနည်းဗျူဟာ ရှိပြီးဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ကေအန်ယူလို၊ ကေအိုင်အေ၊ ကေအန်ပီပီ၊ တီအန်အယ်လ်အေ လို လက်ရှိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်များတွင် ၄င်းတို့အခြေခံဒေသများမှ ဒေသခံလူထု ထိခိုက်နစ်နာမှုနည်းအောင် တိုက်ပွဲဖော်ဆောင်ရာတွင် အချိန်ကာလရွေးချယ်ခြင်း နေရာရွေးချယ်ခြင်း နည်းလမ်းရွေးချယ်ခြင်းမျိုး အစရှိသည့် လက်တွေ့ဘဝက ရသည့် အတွေ့အကြုံများ ရှိပါလိမ့်မည်။ ထိုသို့သော အတွေ့အကြုံတွေကို အသုံးချပြီး ၆ လ၊ တနှစ်၊ နှစ်နှစ်နှင့် အဆုံးအနိုင် ရလဒ် မပေါ်ထွက်လာသည့်အခါ ရေရှည်စစ်ဆင်နွှဲနိုင်ရန် အခြေအနေကို ပြန်လည်သုံးသပ်ကာ မဟာဗျူဟာ နည်းဗျူဟာများ ပြောင်းလဲသင့်သည်ဟု ထင်မြင်မိပါသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar