Breaking News

လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၇)


လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၇)

(မိုးမခ) ဇွန် ၂၁ ၊ ၂၀၂၃


ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အဆိုပြုချက် (Global Security Initiative - G.S.I.)

အဲဒီ ရှဲန်ဂရိလာအစည်းအဝေးမှာ ဇွန်လ ၄ ရက်နေ့မှာ တရုတ်ကာကွယ်ရေး၀န်ကြီးက 'တရုတ်ပြည်ရဲ့ လုံခြုံရေးဆိုင်ရာ အဆိုပြုချက်'ဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောခဲ့ပါတယ်။

သူက အာရှ-ပစိဖိတ်ဒေသတွင်း လက်ရှိအချိန်မှာ မကြုံစဖူး ကြုံတွေ့နေရတဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို သတိပေး ပြောဆို သွားပါတယ်။

"ကျွန်တော်တို့ရဲ့ ဒီဒေသတွင်းမှာ ဘယ်သူက မငြိမ်ချမ်းအောင် လုပ်နေသလဲ ဆိုတာ မေးရမှာပဲ။ ဒီဒေသတွင်းရဲ့ မတည်ငြိမ်မှုနဲ့ ရှုပ်ထွေးနေမှုများရဲ့ အရင်းခံ အကြောင်းရင်းတွေက ဘာတွေလဲ။ ဒါတွေကို ဘယ်လို ရင်ဆိုင်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဘယ်လို ထိန်းသိမ်းကြမလဲ။ တချို့နိုင်ငံတွေဟာ တချို့အရပ်တွေမှာ အရောင်တော်လှန်ရေးတွေ၊ ကိုယ်စားပြုစစ်ပွဲတွေ (proxy war) ဖြစ်လာအောင် လှုံ့ဆော်ပေးပြီး အားလုံး ဝရုန်းသုန်းကား ရှုပ်ထွေးပြီး စုတ်ပြတ်သွားတဲ့အခါ ဘာတာဝန်မှမယူဘဲ အမှိုက်ထုတ်ပစ်သလို ပစ်ခဲ့ပြီး ရင်ကော့ ထွက်သွားခဲ့ကြတယ်။ ဒါမျိုး ကျွန်တော်တို့ အာရှ-ပစိဖိတ်ဒေသမှာ အဖြစ်အခံနိုင်ဘူး။ ဒီနေ့ ကျွန်တော်တို့ ဒေသမှာ လိုအပ်နေတာဟာ မျှမျှတတ ခွဲဝေစားသောက်နိုင်တဲ့ မုန့်ကြီးကြီးရရေးအတွက် အားလုံး ပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်ပြီး၊ အဖွဲ့တဖွဲ့လေး သို့မဟုတ် လက်တဆုပ်စာ လူတွေအတွက်ပဲ အကျိုးရှိစေနိုင်တဲ့ ခွဲခြားခွဲခြားလုပ်တဲ့ အစုအဖွဲ့ ဂိုဏ်းဖွဲ့မှု မဟုတ်ပါဘူး" တဲ့။

တကယ်တော့ ဒီတရုတ်ဝန်ကြီးရဲ့ မိန့်ခွန်းဟာ ၂၀၂၂ ခုနှစ် ဟိုင်နန်ကျွန်းမှာ လုပ်တဲ့ ပေါအာ့ (Boao) အာရှ စီးပွားရေးဆိုင်ရာ ဖိုရမ်ကြီးမှာ တရုတ်သမ္မတ ရှီ တင်ခဲ့တဲ့ 'ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အဆိုပြုချက်' ဆိုတာနဲ့ ဒီနှစ် ဖေဖော်ဝါရီလက တရုတ်ပြည်က ထုတ်ပြန်ခဲ့တဲ့ 'ကမ္ဘာ့လုံခြုံရေးဆိုင်ရာ စက္ကူဖြူစာတမ်း' ဆိုတာတွေအပေါ်  အခြေခံပြီး အာရှ-ပစိဖိတ်ဒေသအတွက် သက်ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်နုတ်ပြီး ပြောသွားတာပါ။

ဒီအဆိုပြုချက်များမှာ အတွေးသစ်၊ အမြင်သစ်များ ပါဝင်ပါတယ်။ ဥပမာအားဖြင့်—

၁။ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်ဖြစ်မှုများဟာ နိုင်ငံကြီးတချို့ရဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒနဲ့ ၀င်ရိုးစွန်းတခုတည်းရှိဝါဒတွေကို ကိုင်စွဲထားမှုတို့ကြောင့် ဖြစ်ပေါ်နေတာဖြစ်ပြီး၊ ဒါနဲ့ တဆက်တည်း ရှိနေတဲ့ စစ်အေးခေတ် အတွေးအခေါ်များကို ပယ်ဖျက်ဖို့လိုတဲ့ အကြောင်း။

၂။ အင်အားကြီးနိုင်ငံများအနေနဲ့ တာဝန်ယူမှုအပြည့်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝရေး၊ ကမ္ဘာကြီးရဲ့ ဘက်စုံလုံခြုံရေး ရေရှည် တည်တံ့ရေးများအတွက် အားလုံး တန်းတူညီမျှစွာ ဝိုင်းဝန်းဆွေးနွေးအဖြေရှာဖို့ လိုကြောင်း။

၃။ နိုင်ငံတိုင်းအတွက် လုံခြုံရေးဆိုင်ရာ အာမခံချက်ရှိရမှာဖြစ်ပြီး နိုင်ငံတချို့ရဲ့ လုံခြုံရေးအတွက် တခြားနိုင်ငံများရဲ့ လုံခြုံရေးကို မထိခိုက်စေသင့်ကြောင်း။

စတာများ ပါဝင်ပါတယ်။

ဒီအဆိုပြုချက်ကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ နိုင်ငံအတော်များများက ထောက်ခံကြပါတယ်။

ဒီအချက်တွေအပေါ် အခြေခံပြီး တရုတ်ကာကွယ်ရေးဝန်ကြီးက ရှဲန်ဂရီလာအစည်းအဝေးကြီးမှာမိန့်ခွန်းပြောအပြီးမှာလည်း နိုင်ငံတော်တော်များများက ထောက်ခံဆွေးနွေးကြပါတယ်။

ဒါကြောင့်ပဲ ဒီအစည်းအဝေးကြီးမှာ ပါဝင်ဆွေးနွေးသူ အများအပြားက အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် ဆွေးနွေးအဖြေရှာရေး လိုအပ်ကြောင်းကို အလေးပေး ပြောဆိုတာတွေ တွေ့ရပါတယ်။

သြစတြေးလျဝန်ကြှီးချုပ်က "ကျွန်တော်တို့ ဒီဒေသရဲ့ ကြီးပွားချမ်းသာလာမှုဟာ အခွင့်အလမ်းကောင်းများကို မျှဝေကြလို့ ဖြစ်တဲ့အတွက် ဒီဒေသရဲ့ တည်ငြိမ်ရေးဟာလည်း စုပေါင်း တာဝန်ယူမှုရှိမှသာ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တဦးကောင်း တယောက်ကောင်းထက် အားလုံး စုပေါင်းလုပ်ဆောင်မှသာ အောင်မြင်နိုင်ကြောင်းကို ဘုံ နားလည်သဘောပေါက်မှုအဖြစ် ခံယူကြရမှာပါ" လို့ ပြောသွားပါတယ်။

စင်ကာပူ ကာကွယ်ရေးဝန်ကြီးကတော့—

* ဥရောပနဲ့ အာရှမှာ ပဋိပက္ခတွေဖြစ်လာရင် နောင်မျိုးဆက်များအတွက် အလွန် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် ခေါင်းဆောင်များအနေနဲ့ ဒီလိုမျိုးအဖြစ်ဆိုးတွေ မကြုံအောင် အစွမ်းကုန်ကြိုးစားကြရမှာ ဖြစ်ကြောင်း၊

* တရုတ်-အမေရိကန် ဆက်ဆံရေးဟာ တည်ငြိမ်ရေးရဲ့ အချက်အချာ ဖြစ်ကြောင်း။

ဒီနေရာမှာ စင်ကာပူဟာ တခြား အေစီယမ်နိုင်ငံများနဲ့ အတူ ဘေးက ပွဲကြည့်ပရိသတ်လို နေမှာ မဟုတ်ဘူးတဲ့။

တီမော သမ္မတကလည်း "သေနင်္ဂဗျူဟာ ပြိုင်ဆိုင်မှုများဟာ ရှောင်လွဲလို့မရပေမယ့် တရုတ်-အမေရိကန်တို့အနေနဲ့ ဒီဒေသရဲ့ ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး ကူညီပြီး ပူးပေါင်းလုပ်ဆောင်ပေးသင့်ပါတယ်" တဲ့။

သီရိလင်္ကာက စစ်ဦးစီးချုပ်ကလည်း အိန္ဒိယသမုဒ္ဒရာတွင်း တင်းမာမှုများ တိုးလာမှုများအတွက် သူ့ရဲ့ ပူပန်မှုကို ပြောဆိုပြီး "ဒီဒေသတွင်းက ပါဝင်ပတ်သက်သူများအားလုံးအနေနဲ့ အကျိုးတူစီးပွားများအတွက် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းများကိုဦးစားပေးသင့်ပါတယ်" တဲ့။

ဒါတွေကို ကြည့်ခြင်းအားဖြင့် တရုတ်ရဲ့ လုံခြုံရေးဆိုင်ရာ နည်းလမ်းများဟာ နိုင်ငံအတော်များများကို ဆွဲဆောင်နိုင်လိုက်ကြောင်း သိနိုင်ပါတယ်။

စင်ကာပူဝန်ကြီးက ဒီလိုလည်း ထည့်ပြောသွားပါသေးတယ်။

"ဂျပန်အနေနဲ့ အေစီယမ်နဲ့ အာရှဒေသကြီး တည်ငြိမ်ရေးအတွက် လုပ်ရမယ့်တခုတည်းသောအရေးအကြီးဆုံးလုပ်ငန်းကတော့ တရုတ်နဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် လုပ်ရေးပါ" တဲ့။

ဒါကြောင့်ပဲ ဒီအစည်းအဝေးတွေမှာ တရုတ်က အလွန်အမြတ်ထွက်ပါတယ်လို့ လူတချို့က ပြောကြတာ ဖြစ်မှာပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar