Breaking News

လှကျော်ဇော - တရုတ်ပြည်မှာ မက်စီရောဂါ ထတဲ့ နေ့ရက်များ

Photo- Credit
တရုတ်ပြည်မှာ မက်စီရောဂါ ထတဲ့ နေ့ရက်များ
လှကျော်ဇော
(မိုးမခ) ဇွန် ၂၄ ၂၀၂၃

၁၅-၆-၂၀၂၃ ရက်နေ့ညက စပြီး တရုတ်တပြည်လုံးသာမက တကမ္ဘာလုံးကို အုတ်အော်သောင်းနင်းပျံ့နှံ့သွားတဲ့ ဓာတ်ပုံတပုံ။
အဲဒီနေ့ကပီကင်းကလူ (၅ သောင်းဆန့်) လုပ်သားအားကစားကွင်းကြီးမှာ အာဂျင်တီးနားဘောလုံးအသင်းနဲ့သြစတြေးလျဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပွဲကစားကြရာမှာ ကွင်းလုံးပြည့်ပရိသတ်ကြီး (တပြည်လုံးကလာကြတာ) ကွင်းပြင်မှာလည်းအဲဒီလောက်နီးပါးလက် မှတ်ဝယ်မရသူမျာ;နဲ့ တဝုန်းဝုန်း တရုန်းရုန်းနဲ့ ။
ဘောလုံးပွဲကိုလည်း တိုက်ရိုက်လွှင့်ပြသနေစဉ် မက်စီနာမည်နဲ့အမှတ် (၁၀) တံဆိပ်ရိုက်ထားတဲ့အာဂျင်တီနားဘောလုံးသမားများဝတ်တဲ့အင်္ကျီ (တကွင်းလုံးနီးပါး ပွဲကြည့်ပရိသတ်များရော အပြင်လမ်းတွေပေါ်ကလူတွေရော ဒီအတိုင်းဝတ်ထားတာပါ။) ကိုဝတ်ဆင်ထားတဲ့ တရုတ်လူငယ်လေးတယောက်ဘောလုံးကွင်းထဲရုတ် တရက်ပြေးလွှားဝင်ရောက်ပြီး မက်စီကိုပွေ့ဖက်နှုတ်ဆက်လိုက်တာတွေ့ရပါတယ်။

မက်စီလည်းပထမတော့လန့်သွားဟန်နဲ့နောက်တွန့်သွားပေမဲ့ ပြန်ဖက်လိုက်ပါတယ်။ (အထက်ပါပုံကြည့်ပါ။) ခဏအတွင်းမှာပဲ သူ့နောက်ပြေးလိုက်လာတဲ့ လုံခြုံရေးရဲတွေလက်ကလွတ်ဖို့ အဲဒီလူငယ်လေးဟာတကွင်းလုံး လှည့်ပတ်ပြေးပါတော့တယ်။ ပြေးရင်းလွှားရင်းလမ်းတွေ့တဲ့ ဘောလုံးသမားတွေကိုလည်း လက်ပြနှုတ်ဆက်လိုက် လက်ချင်းရိုက်နှုတ်ဆက်လိုက်နဲ့ ရုပ်ရှင်ကားလိုလို ဘာလိုလို၊ နောက်ကတပြုံလုံးလိုက် ဖမ်းတဲ့အုပ်ကလည်း မနည်းလှဘူး။ တရုတ်ရဲတင်မက သူတို့ဘောလုံးအသင်းတွေက လုံခြုံရေးအရာရှိတွေလည်း ပါတယ်။ နောက်ဆုံးအဲဒီလူငယ်လေး ခလုတ်တိုက်လဲသွားတော့မှပဲ ဖမ်းမိပါတော့တယ်။ အဲဒီကလေးကလည်းအတော်သန်မာပုံရတယ်။ ထတောင်မထနိုင်တော့ပေမဲ့ လက်တွေခြေတွေရုန်းကန်နေတာ လေးဘက်လေးတန်လုံး ရဲတွေချီမပြီးကွင်းထဲက ထုတ်သွားရပါတယ်။

အဖြစ်အပျက်အစအဆုံးကို ပွဲကြည့်ပရိသတ်ကမြင်တွေ့ရရုံမက တိုက် ရိုက်ထုတ်လွှင့်နေသူများကလည်း ထုတ်လွှင့်နေတာဖြစ်လေတော့ တခဏချင်း တပြည်လုံး ပြန့်သွားပါတော့တယ်။ ဒီနောက်မှာတော့ ဗွီဒီယို အတို အစလေးတွေ သီချင်းအမျိုးမျိုးနဲ့ ထွက်လာပါတော့တယ်။

အဲဒီနေ့ညက မက်စီကိုအရူးအမူးစွဲလမ်းတဲ့ ဘောလုံးဝါသနာအိုးလေးတယောက်က ဘောလုံးကွင်းထဲက မက်စီကိုပြေးဖက်လိုက်တာ ... ဆိုတဲ့ခေါင်းစဉ်နဲ့တရုတ် အင်တာနက်(Sina-Weibo)မှာ တင်လိုက်တဲ့ ဗွီဒီယိုလေးကိုကြည့်တဲ့လူနဲ့အကြိမ်ရေ သန်း (၆၅၀)ကျော် သွားပါတယ်။

သတင်းကွန်ရက်တွေမှာလည်း အဲဒီ ၁၈ နှစ်ရွယ်အထက်တန်းကျောင်းသားလေး(အမည်-တိကွမ်ရန်း)ရဲ့လုပ်ရပ်ကို ဘယ်လိုကြည့်မြင်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး ငြင်းကြခုန်ကြ အတော်ပွဲဆူသွားပါတယ်။
သာမန်လူငယ်တယောက်ရဲ့ရဲစွမ်းသတ္တိလို့ ချီးကျူးရမှာလား။ လိုက်နာရမဲ့လုံခြုံရေးစည်းကမ်းတွေကိုဖောက် ဖျက်မှုနဲ့အရေးယူရမှာလား။နောက်နေ့ အဲဒီရပ်ကွက်က ရဲဌာနက ဒီလိုကြေညာပါတယ်။
အဲဒီလူငယ်လေးကို တရားဥပဒေနဲ့ အညီ ထိန်းသိမ်းထားပြီးဖြစ်ကြောင်းနဲ့ ဒီလူငယ်လေးအနေနဲ့နောက် ၁၂ လတိတိ အားကစားရုံများဝင်ခွင့်ကို ပိတ်လိုက်ကြောင်း၊ ပွဲကြည့်ပရိသတ်များအနေနဲ့ လိုက်နာရမဲ့စည်းကမ်းများကိုဖောက်ဖျက်ရင်တော့ တရားဥပဒေနဲ့အညီ အပြစ်ဒဏ်ပေးရမှာဖြစ် ကြောင်း  ... စတာတွေပါလာပါတယ်။
တကယ်တော့ ဒီ မက်စီရောဂါ တရုတ်ပြည်မှာ ထတာ အချိန်ကာလတခုရှိပါပ​ြီ။ မက်စီကိုချစ်မြတ်နိုးသူများအဖွဲ့ (Messe Fan Club)ဆိုတာတွေတောင်ရှိပါတယ်။

မက်စီတို့အဖွဲ့ပီကင်းရောက်တဲ့နေ့ကလည်း လေယဉ်ကွင်းမှာသွားကြိုသူများဟာ နာရီအချို့ စောင့်ကြိုကြတာပါ။ မက်စီ ဗီဇာကိစ္စပြသာနာတက်ပြီး (၃) နာရီလောက် လူဝင်မှုကြီးကြပ်ရေးဌာနမှာ သောင်တင်နေပါတယ်။ မက်စီထွက်လာတော့ အဲဒီအုပ်တွေက ပန်းစည်းတွေ၊ ဗီနိုင်းတွေနဲ့ အကြီးအကျယ်ကြိုပါတယ်။ မက်စီတို့တည်းတဲ့ ဟော်တယ်မှာလည်း လူအပြည့်ပါ။ တချို့ ညလုံးပေါက်တောင်စောင့်နေကြဆိုပဲ။ ဘောလုံးသမားတွေ ဘတ်စ်ကားကြီးများနဲ့ ဘောလုံးကွင်းသွားဖို့ထွက်လာတော့လည်း ဘတ်စ်ကားဘေးတဖက်တချက် ပြေးလိုက်၊ ဓာတ်ပုံရိုက်ကြ၊အော်ဟစ်နှုတ်ဆက်ကြနဲ့၊ လုံခြုံရေးဆိုင်ရာ ရဲတွေ အတော်မသက်သာရှာဘူး။ ကားတွေကလည်း ဘီးလှိမ့်ရုံလေးမောင်းရတာ။
.... ကဲလိုက်ကြတာလေ ...
ဪ ... ပြောရဦးမယ်။ အဲဒီနေ့က အဲဒီမက်စီနဲ့ တရုတ်ကလေးတို့နှစ်ယောက်တွဲရက်ဓာတ်ပုံအပြင် တပြည်လုံးပြန့်ပြီး လူပြောသူပြောများတဲ့ နောက်ဓာတ်ပုံတပုံလည်း ရှိပါသေးတယ်။
Photo- Credit

အဲဒီတရုတ်ကလေးကို ရဲတွေက မ ချီပြီး ဘောလုံးကွင်းထဲက ထုတ်လာတဲ့ပုံပါ။
ကြည့်ပါဦး။ အဲဒီကောင်လေးက ပြုံးပျော်နေပုံ၊ ဘေးက ရဲတွေကလည်း စပ်ဖြီးဖြီး။ ရဲတွေမှာဘာလက်နက်မှမပါ။ တုတ်ကလေးတောင်မပါ။
 ရင်ထဲကို ဆွေးသွားတာပါပဲ။
ဗမာပြည်မှာ ၂၀၂၁ အာဏာသိမ်းပြီးစ ဆန္ဒပြပွဲတွေအတွင်းက ဓာတ်ပုံတွေ အစီအရီ မျက်စေ့ထဲမှာပြန်ပေါ်လာလို့၊ လူနာလိုက်ကောက်တဲ့ ပရဟိတ သမားလေးတွေကိုရဲနဲ့စစ်သားများက သေနတ်ဒင်နဲ့ ထုရိုက်နေတဲ့ပုံ။
ကြည်မြင်တိုင် ပန်းပင်ကြီးလမ်းပေါ်ဆန္ဒပြနေတဲ့လူငယ်တွေကို စစ်ထောက်လှမ်းရေးကကားနဲ့ဝင်တိုက်ပြီး သွေးသံရဲရဲလဲကျနေတဲ့သူတွေကို ကားပေါ်ဆွဲတင်သွားပုံ၊ စစ်ထောက်လှမ်းရေးတွေဝိုင်းဖမ်းလို့ အိမ်အမြင့်ပေါ်ကခုန်ချလို့ လမ်းပေါ်မှာခွေခွေလေးလဲကျသေဆုံးနေကြတဲ့ ပုံ။ 
ပုံတွေ ... ပုံတွေ ...
ပြီးတော့လည်း အဲဒီတရုတ်ကလေးကိုရဲတွေက ဘောလုံးကွင်းကသယ်ထုတ်လာပ​ြီး ပွဲခင်းထဲပဲပြန်လွှတ်ပေးလိုက်တယ်။(ပွဲပ​ြီးနောက်နေ့မှဖမ်းတာ။)
အမယ် အဲဒီကလေးကလည်း ချက်ချင်းပဲ ဆယ်လီ ဖြစ်သွားတာ၊ လူတွေကသူနဲ့ ဓာတ်ပုံတွဲရိုက်၊ သတင်းသမားတွေက ချက်ချင်းအင်တာဗျူးလုပ်နဲ့။
ဪ ... ဒင်းလေးတို့တွေကတော့ ကုသိုလ်ကောင်းလှချည့်လား။

လှကျော်ဇော
၂၃-၆-၂၀၂၃
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar