မောင်တူး - ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း ၄၇ နှစ်ပြည့်
ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း ၄၇ နှစ်ပြည့်
မောင်တူး
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၃
ဆလိုင်း ဆိုတာ၊ ရဲစွမ်းရာ "သား"
"ချင်း" စကားပင်၊ သတ္တိရှင်သားကလေးတဲ့။
တင်မောင်ဦးကား၊ ကျောင်းသားခေါင်းဆောင်
အင်းစိန်ထောင်မှာ၊ ကြိုးပေးတာခံ
အာဏာရှင်အောက်၊ ဒူးမထောက်သူ
တယောက်သာပေါ်၊ တထောင်ကျော်မှာ
မြန်မာပြည်ရဲ့ အာဇာနည်။
၁၉၇၆၊ ၂၆ ဇွန်၊ သူကွယ်လွန်ခဲ့
လေးဆယ့်ခွန်နစ်နှစ် ရှိပါပြီ ။ ။
ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးကို ဗိုလ်ချုပ်ကြီးနေဝင်းက အာဃာတကြီးစွာနဲ့ အင်းစိန်ထောင်အတွင်း ကြိုးပေးသတ်စေခဲ့တာ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ကပါ။ အခု ၂၀၂၃ ဇွန် ၂၆ မှာ ၄၇ နှစ်ကြာပြီပေါ့။ ဆယ်စုနှစ် ၅ ခု ကြာလာပြီဆိုပေမဲ့ သူ့ကိုမမေ့နိုင်ကြသေးပါဘူး။ သတိရဆဲ၊ လေးစားဆဲ၊ အလေးပြုနေကြဆဲပါ။
ဆလိုင်းတင်မောင်ဦး သေမယ်ထင်လို့
ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်
သတ်ဖြတ်ခဲ့တယ်
ငါတို့ နှလုံးသားထဲမှာတော့
ဆလိုင်းတင်မောင်ဦး
ဘယ်တော့မှမသေ
(လင်းခါး)
#စစ်အာဏာရှင်ကိုအညံ့မခံဒူးမထောက်သူ
ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင် အမှောင်တိုက် နံပါတ် ၁ မှာ ချုပ်နှောင်ထားခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ (မဆလ) မြန်မာ့ဆိုရှယ်လစ်ပါတီအစိုးရက မတရား စစ်ခုံရုံးတင်စီရင်ပြီး ဆလိုင်းတင်မောင်ဦးကို သေ ဒဏ်ချတယ်။စစ်ခုံရုံးကို အသနားခံစာ ပြင်ဆင်ချက်တင်ရင် တသက်တကျွန်း စသဖြင့် ပြစ်ဒဏ်လျှော့ပေးမယ်လို့ စစ်အာဏာရှင်တွေက ညှိခဲ့သေးပေမဲ့ " မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" လို့ ရဲဝံ့စွာပြန်ပြောခဲ့သူပါ။ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ မဆလ စစ်တပိုင်း အစိုးရက သူ့ကို အင်းစိန်ထောင်မှာ ကြိုးပေး စီရင် သတ်ဖြတ်ခဲ့တယ်။ ၄၇ နှစ် ကြာခဲ့ပြီ။
# လွန်ခဲ့သော ၄၇ နှစ်ကဒီနေ့ဒီရက်
တိုင်းပြည်တခုလုံးကို
ဟိန်းဟောက် ခြိမ်းခြောက်တဲ့ စစ်ဘီလူး
ဆလိုင်းတင်မောင်ဦးကိုတော့
တိတ်တဆိတ်သာ ကွပ်မျက်ဝံ့ခဲ့တယ်။
(လင်းခါး)
၂၆ ဇွန် ၁၉၇၆ ခုနှစ် မနက် ၄ နာရီမှာ အင်းစိန်ထောင်မှာ တွံတေးသိန်းတန်သီချင်းအကျယ်ကြီး ဖွင့်ထားတယ်။ သီချင်းသံကြားနေရကတည်းက ထောင်အာဏာပိုင်တွေက သီချင်းသံကိုအကာအကွယ်ယူပြီး မဟုတ်တာလုပ်တော့မယ်ဆိုတာ သိနေကြတယ်တဲ့။ အဲ့သည်အချိန် ထောင်ကျနေသူ နိုင်ငံရေးအကျဉ်းသား ဦးမောင်မောင်တိတ်က ပြန်ပြောပြခဲ့ဖူးတာပါ။ အဲ့သည်သီချင်းသံတွေကြားထဲကဘဲ "ဟေ့ကောင်တွေ ငါ့ကို လူမသိသူမသိ သတ်ဖို့ ခေါ်ထုတ်လာပြီ" ဆိုတဲ့ အသံ ကြားလိုက်ရတယ်။ ကိုတင်မောင်ဦးအသံ မဆုံးခင်ဘဲ ဟေး ဟေး ဆိုတဲ့ ထောင်ဝန်ထမ်းတွေရဲ့ အသံတွေ ဆက်တိုက်ကြားနေရတယ်။ ဟေး ဟေး အသံတွေဆုံးရင် ငါ့ကို သတ်ဖို့ ခေါ်လာကြပြီ ဆိုတဲ့ ကိုတင်မောင်ဦးအသံကို ကြားလိုက်၊ ဟေး ဟေး ဟေး ဆိုတဲ့ ထောင်ဝန်ထမ်းတွေ အသံနဲ့ဖုံးပစ်လိုက်နဲ့ ကြိုးစင်ကို ရောက်သွားတယ် " လို ဦးမောင်မောင်တိတ်က ပြောပြခဲ့တယ်။ "ငါတော့သွားပြီ။ မင်းတို့ ဆက်တိုက်ကြ " ဆိုတဲ့ ကိုတင်မောင်ဦးရဲ့ အသံဟာ တသက်လုံး ပြန်ကြားနေရပါတယ်တဲ့။ ကိုလိုနီခေတ်ကစပြီး ကိုဂျင်မီ၊ ကိုဇေယျာသော်တို့မတိုင်မီအထိ ပထဆုံးတဦးတည်းသော ကြိုးပေးခံကျောင်းသားခေါင်း ဆောင်ဟာ ဆလိုင်းတင်မောင်ဦးပါ။
# ဆလိုင်းတင်မောင်ဦးဘဝအကြောင်း
အရှိုချင်းလူမျိုး ဦးလှဒင်နဲ့ နှင့် ဒေါ်နှင်းမြိုင်တို့ရဲ့ ရင်သွေး ၈ ယောက်မှာ သူက အကြီးဆုံးပါ။ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒ အဓိနဲ့ ကျောင်းတက်ခဲ့ပြီး ပထမနှစ် တက်တဲ့ ၁၉၇၂ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားလို့ အဖမ်းခံခဲ့ရတယ်။ ၁၉၇၄ ဒီဇင်ဘာလ ဦးသန့်အရေးအခင်းကို သူဦးဆောင်ခဲ့တယ်။ တနှစ်ကျော်ကြာ ၁၉၇၄ ဇန်နဝါရီလ ၃ ရက်နေ့မှာ ပြန်လွှတ်တယ်။
၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ငြိမ်းချမ်းရေးစာဆိုကြီး သခင်ကိုယ်တောင်မှိုင်းရာပြည့်ပွဲ မတိုင်ခင်တရက်အလို အဖမ်းခံတယ်။ ၁၉၇၆ ခုနှစ် ဇူလိုင် ၂၆ ရက် မနက် ၄ နာရီမှာ ကြိုးပေးအသတ်ခံခဲ့ရတယ်။ အထူး ထောက်လှမ်းရေး အရာရှိဟောင်း ဦးသောင်းအေးကတော့ ကျောင်းသားလှုပ်ရှားမှုတွေ (၁၉၇၄၊ ၇၅၊ ၇၆) ပြင်းထန်နေချိန်မှာ ကြိုးပေး သတ်ပြလိုက်ရင် ကျောင်းသားထုတခုလုံး ကြောက်ရွံ့ နောက်တွန့်သွားစေဖို့ ဦးနေဝင်းစစ်အုပ်စုကရည်ရွယ်တာလို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ အဲ့သည်ခေတ်ကျောင်းသားတွေဟာ ဆလိုင်းတင်မောင်ဦးကိုကြိုးပေးခဲ့တာကြောင့် စစ်အာဏာရှင်ကို ပိုမိုနာကျည်းသွားပြီး ပိုမိုပြင်းထန်တဲ့ တော်လှန် ရေးကြီးတွေ ဖြစ်လာရတယ်လို့ ဦးသောင်းအေးက ဆက်ပြောပါတယ်။ နွေဦးတော်လှန်ရေးမှာ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ ၄ ဦးကို ကြိုးပေး သတ်လိုက်ရင် နောက်လူတွေ ကြောက်သွားမယ်လို့ မင်းအောင်လှိုင် တွေးခေါ်ပုံနဲ့ အတူတူပါပဲ။ ဒါပေမဲ့ နွေဦးတော်လှန်ရေးမှာ ကိုဂျင်မီတို့ကို သေဒဏ်ပေးလိုက်တဲ့နောက် အရှိန်လျော့မသွားဘဲ တော်လှန်စိတ်တွေ ပိုပြင်းထန်လာနေကြတာ ငြင်းမရပါဘူး။
# ဆလိုင်းတင်မောင်ဦးရဲ့နောက်ဆုံးဆန္ဒ
ကြိုးမပေးမီ မိသားစုတွေအားလုံးကို တွေ့သွားချင်တယ်။ သူ့အရိုးပြာကို ဂူသွင်းလိုတယ်လို့ ဆလိုင်းတင်မောင်ဦးက အာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့ အထူး ထောက်လှမ်းရေး တပ်ဖွဲ့ အရာရှိဟောင်း ဦးသောင်းအေးက ပြန်ပြောပြပါတယ်။ ဒါပေမဲ့ ကြိုးပေးပြီးတဲ့အခါမှာတော့ အလောင်းကို ချက်ချင်းကြံတောသုဿာန်ကိုအမြန်ပို့ပြီး မီးသင်္ဂြိုဟ်စက်ထဲကိုထည့် အစ ဖျောက်လိုက်ကြတယ်လို့ မျက်မြင်တွေ့ခဲ့သူ ထောင်မှူးကြီးဟောင်းဦးသိန်းဝင်းက ပြန်ပြောပြပါတယ်။ ဆလိုင်းတင်မောင်ဦးအရိုးဂူ တည်ထားရင် မျိုးဆက်သစ် ကျောင်းသားတွေက လာအလေးပြုကြမှာကို မလိုလားတဲ့သဘောပါ။ အခု နွေဦးတော်လှန်ရေးမှာလည်း ဆန္ဒပြရင်း စစ်ကောင်စီတပ်ကပစ်သတ်လို့သေသူတွေ၊ စစ်ကြောရေးမှာ သေသူတွေကိုအလောင်း ပြန်မပေးတာလည်း ဒီသဘောပဲလို့ ထင်ပါတယ်။ ဪ.. ဆလိုင်းတင်မောင်ဦးလို သူရဲကောင်းတွေ၊ နွေဦးတော်လှန်ရေး သူရဲကောင်း ကျဆုံးသူတွေရဲ့ ကျွင်းကျန် ရုပ်ကျွင်းတွေကိုတောင်မှ ကြောက်နေကြတဲ့ စစ်အာဏာရှင်တွေပါလား။ ဒါ ဘာဟုတ်ဦးမလဲ။ စစ်အာဏာရှင်တွေဟာ ပန်းပန်တာ၊ ပန်းကိုင်တာကိုတောင်မှ ကြောက်နေကြတာဘဲ မဟုတ်လား။
# ဆလိုင်းတင်မောင်ဦးကျဆုံး ၃၅ နှစ်ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်
"ဆလိုင်းတင်မောင်ဦးဟာ သူတဦးတည်းရဲ့ယုံကြည်မှုအတွက် အသက်စတေးသွားခဲ့တာမဟုတ်ပါဘူး။ ကျမတို့နိုင်ငံကို လူမျိုးပေါင်းစုံ ပြည်သူအားလုံးရဲ့ကွန်းခိုရာအဖြစ် မြင်တွေ့ချင်ကြတဲ့ မြောက်မြားလှစွာသော မြန်မာနိုင်ငံသားတို့ရဲ့ယုံကြည်ချက်တွေအတွက်ပါ အသက်စတေးသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို အောက်မေ့သတိရနေကြတဲ့အခါမှာ ရဲစွမ်းသတ္တိရှိတဲ့သူရဲကောင်းတဦးအတွက်တင်မက မြန်မာပြည်သူ ပြည်သား အားလုံးအတွက်ကိုပါ ရည်စူးအောက်မေ့ပြီး သတိရကြရမှာ ဖြစ်ပါတယ်။ ကျမတို့အားလုံးဟာ လွတ်လပ်စွာ တွေးတောပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ပြပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးဖွဲ့စည်းပိုင်ခွင့် အစရှိတဲ့ လွတ် လပ်မှုတွေကိုယုံကြည်တယ်ဆိုရင် ဆလိုင်းတင်မောင်ဦးကို အငြင်းပယ်ခံခဲ့ရတဲ့ ဒီအခွင့်အရေးတွေ အားလုံးရှင်သန်အောင် သူ့ရဲ့လုပ်ဆောင်ချက်တွေကို ကျန်ရှိနေတဲ့ကျမတို့တတွေက ဆက်လက်လုပ်ဆောင်ပြီး တိုက်ပွဲဝင်သွားကြရမှာဖြစ်ပါတယ်။ ဒီနေ့ လူမျိုးပေါင်းစုံပြည်သူလူထုက ဆလိုင်းတင်မောင်ဦး အောက်မေ့ဘွယ်နေ့ကျင်းပနေကြတာကို မြင်တွေ့ရတဲ့အခါမှာ ပြည်တွင်းမှာရုန်းကန်နေကြတဲ့ ကျမတို့ ပြည်သူတွေကို ခွန်အားရစေပါတယ်။ မကြာတော့တဲ့ကာလမှာ ကျမတို့ဟာ အာဇာနည်တွေ၊ သူရဲ ကောင်းတွေရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး ရဲဘော်တို့ရဲ့ပေးဆပ်မှုတွေဟာ ပေးဆပ်ရကျိုး နပ်ပါတယ်ဆိုပြီး ဥဒါန်းကျူးနိုင်တော့မှာ ဖြစ်ပါတယ်။
(မှတ်ချက်။ ။ ၂၀၁၁ ခုနှစ်က ဆလိုင်းတင်မောင်ဦး အောက်မေ့ဘွယ်အခမ်းအနားကို ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ ကျင်းပချိန် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တဲ့ အင်္ဂလိပ်ဘာသာ ဗွီဒီယိုအမှာစကားကို ဆလိုင်းကစ်ခိုလျန်ရဲ့ဘာသာပြန်ချက် ဖြစ်ပါတယ်။
# ဆလိုင်းတင်မောင်ဦးကိုအောက်မေ့ဂုဏ်ပြုခြင်းအစစ်
အခုအခါ လူထုဆက်သွယ်ရေးတွေအားကောင်း လွယ်ကူလာနေတာကြောင့် သူ့သမိုင်းကြောင်းကို အလွယ် တကူ ရှာတွေ့နိုင်ပါတယ်၊ သူ့ဂုဏ်ပြုပွဲတွေကို နှစ်စဉ် ဇွန်လ ၂၆ ရက်တိုင်းလည်း ကျင်းပနေကြပြီဆိုတာ လူတိုင်းသိနိုင်တာပေါ့။ အခုက အွန်လိုင်းကတောင် ကျင်းပနေကြပြီလေ။ ဒါပေမဲ့ ဆလိုင်းတင်မောင်ဦးကို လွမ်း ဆွတ်၊ အောက်မေ့၊ ဂုဏ်ပြုနေရုံနဲ့ မပြီးသေးဘူးလို့ ထင်ပါတယ် "ဆလိုင်းတင်မောင်ဦးကို အငြင်းပယ်ခံခဲ့ရတဲ့ အခွင့်အရေးတွေရရှိအောင် ဆက်လက် တိုက်ပွဲဝင်သွားကြရမှာ ဖြစ်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ နေကြရတဲ့ နွေဦးတော်လှန်ရေးကြီးမှာ အင်တိုက်အားတိုက် ပါဝင်လိုက်ကြပါ။ ဒါမှသာ ဆလိုင်းတင်မောင်ဦးကို တကယ့် စစ်စစ်မှန်မှန်ဂုဏ်ပြုရာ ရောက်ပါလိမ့်မယ်။ ။
မောင်တူး
* Photo-Credit
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar