မောင်လင်းရိပ် - ကြယ်တစင်းနှင့် စံပယ်တခင်း
ကြယ်တစင်းနှင့် စံပယ်တခင်း
မောင်လင်းရိပ်
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၃
ဓူဝံကြယ်ဆိုတာ
ရှိနေရုံနဲ့ လုံလောက်ပြီ
အလင်းနှစ် ၇၈ နှစ် ဝေးကွာကွာ
ရောင်ခြည်တန်း ၇၈ သွယ်ဟာ
ဒီဖုန်းဆိုးမြေပေါ် အသေအချာ ကျရောက်ပြီ
ကြယ်ကို ကြည့်ပြီး (ကိုယ့်အတွက်) ဆုတောင်းရတာ
ကြယ်ကို ချစ်လို့ (သူ့ အတွက်) ဆုချွေရမှာ
ကြည်တကာ့ကြည်မှာ အကြည်ဆုံး တကယ့်ကြည်
ဘယ်အမှောင် ဘယ်ထောင့်ထဲဖြစ်ဖြစ် လင်းသည်
ကြယ်ဆိုတာ ဘယ်သူက ဖယ်ချနိုင်မလဲ
ငါတို့ရဲ့ ရင်ထဲအရောက် လင်းနေမှဖြင့်
ဒီလောက် ဝင်းပတဲ့ ဆုလာဘ်ဟာ ပြယ်နိုင်ပါ့ဦးမလား
မုန်တိုင်းထဲ လျှောက်နေရတဲ့ မိန်းမဟာ
ဘယ်လိုမှ မယိမ်းတဲ့ မီးတောက်လို
အလင်းရောင်ကို မပျောက်တမ်း ထိန်းပြနေတာ
မြင့်မြတ်ခြင်းဆိုတာ သပ်သပ် မဟုတ်
ချစ်ခြင်းမေတ္တာနဲ့ တစပ်တည်း
ဇွန် စံပယ်ဖြူရဲ့ ရနံ့သာလျှင် အမွှေးဆုံး။
၂၀၂၃၊ ဇွန် ၁၉
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar