စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံတဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၂ မြင်ကွင်း
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၃
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံတဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေ
ဒီနေ့သတင်းတွေထဲမှာတော့ မကြာသေးတဲ့ သီတင်းပတ်တွေအတွင်းက စစ်ကောင်စီ ရဲ့ ငြိမ်းချမ်းမှုဆွေးနွေးရေးနဲ့ ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချထားရာ အကျဥ်းထောင်ထဲ သွားရောက်တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းက ခေါင်းစီးသတင်း အဖြစ် သတင်းဌာနတွေက ဖော်ပြကြတာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ အတည်ပြုတာ သို့မဟုတ် ငြင်းချက်ထုတ်တာမျိုး မတွေ့ရဘဲ အချို့ကတော့ တရားဝင် အတည်ပြုဖို့ခက်ခဲတာကြောင့် တွေ့ခဲ့တယ် မတွေ့ခဲ့ဘူး စသဖြင့်အငြင်းပွားကောင်းပွားနိုင်တာဖြစ်ပါတယ်။ သို့သော် ဒီသတင်းအချက်အလက်မျိုးကို နေပြည်တော်က အကျဥ်းဦးစီးလို သတင်းရင်းမြစ်က ရရှိနိုင်တာလည်း ဖြစ်ပါတယ်။ အကျဥ်းထောင်ကို လာရောက်တဲ့ အဖြစ်အပျက်ကို ဖုံးဖိထားဖို့ ခက်ခဲတဲ့ ကိစ္စဖြစ်တာကြောင့် ဘယ်သူတွေ လာသလဲ၊ ဘယ်ကိုလာသလဲဆိုတဲ့အချက်ကို ကြည့်ပြီး ဘယ်သူနဲ့တွေ့ဖို့လာတယ်ဆိုတာ ကောက်ချက်ချနိုင်ပါတယ်။ ဘာတွေပြောဆိုကြသလဲဆိုတာတော့ ပါဝင်သူတွေက ထုတ်မပြောရင် သိနိုင်ဖို့ မလွယ်ပေမယ့် လတ်တလော ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြမယ် ဆိုတာတော့ သံသယဖြစ်စရာ မရှိပါဘူး။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာ ဇော်မြင့်မောင် နဲ့အခြားသော ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး တရားရုံးမှာ အမှုနဲ့စွဲဆိုခါစ ကာလတွေမှာ ရှေ့နေတွေနဲ့ သီးခြား တွေ့ဆုံခွင့်ပေးခဲ့ဖူးပြီး ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲဆိုတဲ့ သတင်းစကားတွေကို သတင်းမီဒီယာကို ပြန်ပြောပြခဲ့ကြတဲ့ အချိန်ကာလ တခုရှိခဲ့ပါတယ်။
အဲဒီကာလကတည်းက လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဖောက်ခွဲမှုတွေ တစတစ ကျယ်ပြန့်လာနေတဲ့ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်က သဘောမကျကြောင်း ပြောဆိုမလားဆိုတဲ့ မှန်းဆချက်မျိုး စစ်ကောင်စီဘက်မှာ ရှိခဲ့လိမ့်မှာ အသေအချာဖြစ်ပါတယ်။ အမှုရုံးချိန်းနေ့တွေမှာ အမှုမစစ်ဆေးမီ သို့မဟုတ် အမှုစစ်ဆေးပြီး နာရီဝက်ခန့် ပေးတွေ့တဲ့ကာလမှာ ပြင်ပမှာ ဖြစ်ပျက်နေတာတွေကို ရှေ့နေတွေဆီက တဆင့် ဒေါ်အောင်ဆန်းစုကြည်ကို ကြားသိစေလိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီလို တိုက်ခိုက်မှု၊ လက်နက်ကိုင် လမ်းစဥ်၊ လုပ်ကြံသတ်ဖြတ်မှုတွေကို သဘောမတူကြောင်းပြောဆိုခဲ့ရင် စစ်ကောင်စီအဖို့ နိုင်ငံရေးအရ အကျိုးအမြတ်ရှိလိမ့်မယ်လို့ တွက်ဆထားခဲ့ပုံရခဲ့ပါတယ်။ သို့သော်လည်း ဒီလို ထုတ်ပြောမှု မရှိခဲ့တာကြောင့် သီတင်းပတ် အနည်းငယ် အကြာမှာ အဲလိုတွေ့ဆုံခွင့်၊ သတင်းမီဒီယာနဲ့ ရှေ့နေတွေ အမည်နဲ့တကွ ကိုးကားဖော်ပြခြင်း မလုပ်နိုင်အောင် ရှေ့နေတွေတဦးချင်းစီကို တရားသူကြီး လက်မှတ်နဲ့ မီဒီယာနဲ့ ပြောဆိုခွင့်ပိတ်ပင် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအဖြစ်အပျက်တွေနောက်ပိုင်း စစ်ကောင်စီဘက်က ဗိုလ်ချုပ်တချို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်မှာ သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ သတင်းလည်း တကြိမ်မက ထွက်ပေါ်ခဲ့ဖူးပြီး စစ်ကောင်စီဘက်က မတုံ့ပြန်ခဲ့ အတည်မပြုခဲ့ပါဘူး။ ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်က အကျဥ်းထောင်ကို တကြိမ်မက လာရောက်ခဲ့တယ် ဆိုတဲ့သတင်းမျိုးတွေလည်း အကျဥ်းထောင်မှာ ကျခံနေကြပြီးနောက် လွတ်မြောက်လာသူတချို့က ပြောပြဖူးပါတယ်။ ပြင်ပက သတင်းအချက်အလက်တွေ သိရအောင် ဆိုတဲ့သဘောမျိုးနဲ့ စစ်ကောင်စီက ထုတ်ဝေတဲ့ သတင်းစာတွေကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ဆောင်တာ ယူဆောင်လာပြီးပေးတာမျိုး လုပ်တယ်လို့လည်း အကျဥ်းကျရာက ပြန်လွတ်မြောက်လာသူတချို့က ဆိုပါတယ်။
တဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲထားပုံရတဲ့ သဘောထားက သူ့ကို အကျဥ်းချထားချိန် ပြင်ပမှာ ဖြစ်ပျက်နေတဲ့ ဖွဲ့စည်းတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ စတာတွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ တိတိပပ မသိရှိတာကြောင့် ဘာမှ မှတ်ချက်မပေးလိုဘူးဆိုတဲ့ သဘောထား ဖြစ်တယ်လို့ နေပြည်တော် အကျဥ်းထောင်၊ ရမည်းသင်းအကျဥ်းထောင်တို့ကနေ လွတ်မြောက်လာသူတချို့က ပြောဆိုဖူးပါတယ်။
နီးစပ်တဲ့ အန်အယ်လ်ဒီပါတီထဲက ခေါင်းဆောင်တချို့ကိုလည်း လူချင်းဆုံတဲ့အခိုက်အတန့် အဲလို မူကိုလိုက်နာဖို့ ညွှန်ကြားဖူးတယ်လို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်တွေ ဖမ်းဆီးခံထားရချိန် အပြင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို သေသေချာချာ မသိရှိဘဲ မှတ်ချက်မပေးဖို့ မပြောဆိုဖို့ မူမျိုးကို ဒေါ်အောင်ဆန်းစုကြည်က ကိုင်စွဲထားတဲ့သဘော ဖြစ်ပါတယ်။
အခု နောက်ဆုံးတွေ့ဆုံမှုတွေမှာလည်း ဒီလို သဘောထားမျိုး ရပ်တည်ချက်မျိုး ကိုင်စွဲထားလိမ့်မယ်လို့ ယူဆရပါတယ်။ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းပြီး နိုင်ငံရေးအရ ထိန်းသိမ်းထားတာမျိုး အနေအထားမှာ အဂတိလိုက်စားမှု၊ လျှို့ဝှက်ချက် ဖောက်ဖျက်မှု စတဲ့ ရွေးကောက်ပွဲ မသမာမှုဆိုတဲ့ စွဲဆိုချက်ပေါင်း ၁ ဒါဇင်ကျော်နဲ့ ထောင်ဒဏ် နှစ် ၃၀ ကျော်ချမှတ်ခဲ့တဲ့ လုပ်ရပ်က နိုင်ငံရေး ပြဿနာကို ရာဇဝတ်မှု ကျူးလွန်သူသဖွယ် နာမည်ဖျက်တဲ့ လုပ်ရပ်တွေကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီကို ကောင်းကောင်းမွန်မွန် လက်ခံပြောဆိုဖို့ မဖြစ်နိုင်တဲ့ အနေအထားဖြစ်နိုင်ပါတယ်။
စစ်ကောင်စီဘက်ကတော့ လက်ရှိဖြစ်ပျက်နေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှု ၊ ဗုံးခွဲမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေကို ဦးဆောင်နေသူတွေဟာ NUG အစိုးရ၊ အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း စတဲ့သူတွေ အများစုဖြစ်လို့ ၄င်းရဲ့ သြဇာကို သုံးပြီး လက်နက်ကိုင် တိုက်ခိုက်မှုတွေကို အရှိန်လျှော့ချဖို့ လိုလားလိမ့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ရာဇဝတ်မှုတပိုင်း၊ ဥပဒေချိုးဖောက်မှုတွေလို့ ပုဒ်မတပ် နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်ခံထားရသူတယောက်ကို ပြန်ပေးဆွဲထားရာက မိသားစုထံမှ ပိုက်ဆံပြန်တောင်းခိုင်းတဲ့ သဘောမျိုးဆန်တဲ့ နိုင်ငံရေး သြဇာသုံးခိုင်းတဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေက အောင်မြင်ဖို့ ခဲယဥ်းတာအမှန်ပဲဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar