Breaking News

ဝင်းမြင့် - တရံရော အခါ

တရံရော အခါ
ဝင်းမြင့်
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၃

စလူရွက် ယပ်တောင်ထဲမှာ
နေရောင်ကို ပြုပြင်ပေးတဲ့
တိမ်ညိုတွေ နဲ့ ကြောင်အိုကြီးရှိတယ်။

သားရေဖိနပ်အစစ်က
စက်မှုခေတ်ကို ကျော်တက်ပြီး
ပဒေသရာဇ် နဲ့ ပန်းဝင်တယ် ။

မြေအိုးထဲကနေ
အဘွားထုပ်ပိုးပေးထား တဲ့
နားပေါက်ဟောင်းလောင်း ရဲ့
နားဋောင်းလေး ဖြစ်လာတယ် ။

ညရောက်ရင်
ထုံးကို စပယ်လို့ ခေါ် တဲ့
ဘကြီးမှုံ ငန်းဆေးလေးသောက်ပြီး အိပ်တော့
ဇော်ဂျီတွေ ဆေးကြိတ်တာ မြင်မယ် ။

ပုံပြင်တွေထဲမှာ
မပြင်ပဲ ထားတဲ့ ပုံကလေးက
လပြည့်မင်း ပုံ
ရှေးရှေးတုန်းက ယုန်ကလေးဟာ
ကျနော်လည်း ဖြစ်ချင်ဖြစ်မယ် ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar