လင်းလက်နွေဦး - ဂစ်တာတီးတဲ့ ကောင်းကင်
လင်းလက်နွေဦး
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၃
ဂစ်တာမတီးဖြစ်တဲ့
နေ့အသေတွေမှာ
ငါ ဒီလမ်းပေါ်လျှောက်မိတယ်
တခွင်လုံးမှောင်မည်းနေပါစေ
တိမ်နဲ့ခြစ်မိလို့
ပွန်းပဲ့သွားတဲ့ကောင်းကင်မျိုး
ရှိလို့လား
အကောင်းမြင်စိတ်ကို
ပိုးမွေးသလို မွေးထားရ
ပိုးမွေးချင်စိတ်ကို
ပိုးမွေးသလို ထပ်မွေးရ
ဒီလို ဂစ်တာမတီးချင်တဲ့
နေ့အပုပ်တွေမှာ
ငါ ဒီလမ်းကို ဆက်လျှောက်မိတယ်
ပြော
ဘယ်တိမ်များ
ကောင်းကင်ပွန်းအောင်
တိုက်နိုင်မလဲ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar