အသေးစားငွေချေး လုပ်ငန်းလုပ်တဲ့ နိုင်ငံတကာ အန်ဂျီအို PGMF မြန်မာနိုင်ငံက ထွက်ခွာ၊ ပုလဲမြို့နယ်ထဲက ကျေးရွာကို ဗုံးကြဲမှုကြောင့် လူ ၁၂ ဦး သေဆုံး
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၈ မြင်ကွင်း
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၃
အသေးစားငွေချေး လုပ်ငန်းလုပ်တဲ့ နိုင်ငံတကာ အန်ဂျီအို PGMF မြန်မာနိုင်ငံက ထွက်ခွာ၊ ပုလဲမြို့နယ်ထဲက ကျေးရွာကို ဗုံးကြဲမှုကြောင့် လူ ၁၂ ဦး သေဆုံး
အမေရိကန်နိုင်ငံ အခြေစိုက် အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်တဲ့နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ ဖြစ်တဲ့ Pact Global Microfinance Fund အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီး ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက အသိပေးကြေညာလိုက်ပါတယ်။
ထွက်ခွာရတဲ့ အကြောင်းရင်းတွေကတော့ မှတ်ပုံတင် ဥပဒေသစ် နဲ့ မှတ်ပုံတင်ရာမှာ အခက်အခဲ၊ အသေးစားချေးငွေ လုပ်ငန်းကရရှိတဲ့ အကျိုးအမြတ်တွေကို ရေရှည်ကျရင် အစိုးရကို လွှဲပေးဖို့ စတဲ့ အချက်တွေကြောင့်လို့ အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားတာ ဖြစ်ပါတယ်။
အသေးစား ချေးငွေလုပ်ငန်းတွေဟာ အကျိုးအမြတ်ထက် အောက်ခြေလူတန်းစားဖြစ်တဲ့ လက်လုပ်လက်စား၊ စျေးသည်၊ စိုက်ပျိုးရေး လုပ်ကိုင်သူတွေကို ကိုယ်ပိုင်လုပ်ငန်းတွေအတွက် လိုအပ်တဲ့ အရင်းအနှီး လွယ်ကူစွာချေးယူနိုင်ဖို့ ရည်ရွယ်ချက်ထားပြီးဖွဲ့စည်းကာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အောက်ခြေလူတန်းစား ဝင်ငွေတိုးမြင့်လာဖို့နဲ့ အတိုးနှုန်းကြီးမားတဲ့ ချေးငွေတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို မခံစားရအောင် ရည်ရွယ်ဝန်ဆောင်မှုပေးကြတဲ့ အန်ဂျီအို လုပ်ငန်းအမျိုးအစားဖြစ်ကြပါတယ်။ အကျိုးအမြတ်ထက် အောက်ခြေ လူတန်းစားတွေ စိုက်ပျိုးရေး မွေးမြူရေး ကိုယ်ပိုင် အိမ်တွင်းမှု လုပ်ငန်း ၊ ရေလုပ်ငန်းတို့လို လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ငွေအရင်းအနှီး ထုတ်ချေးပေးဖို့ ရည်ရွယ် လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ PGMF ရဲ့ အသေးစား ချေးငွေ လုပ်ငန်းမြန်မာနိင်ငံမှာ စတင်လုပ်ကိုင်တာ ၁၉၉၇ ခုနှစ်ကတည်းက ဖြစ်ပြီး ၂၆ နှစ်အကြာမှာ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအဖွဲ့က ထုတ်ချေးထားတဲ့ ငွေကြေးပမာဏ အနေနဲ့ ကန်ဒေါ်လာ ၁၅၆ သန်းကျော်ဖိုး ရှိပြီး၊ ချေးငွေရယူသူ အရေအတွက် ၉ သိန်း ဝန်းကျင်ရှိတယ်လို့လည်း သတင်းတွေအရ သိရပြီး ဒီအသေးစားချေးငွေလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေသူ ဝန်ထမ်း ၄၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်အကြာ စစ်ကောင်စီက ထပ်မံတင်းကြပ်လိုက်တဲ့ ဥပဒေ၊ နည်းဥပဒေ နဲ့ လုပ်ထုံးလုပ်နည်းတွေက ဝက်အူထပ်ရစ် လိုက်သလို ဖြစ်စေပြီး အခုလို PGMF ထွက်ခွာဖို့ ဆုံးဖြတ်လိုက်စေတာ ဖြစ်ပါတယ်။
ဒီလိုထွက်ခွာသွားခြင်းဟာ အောက်ခြေ လက်လုပ်လက်စားနဲ့ မိသားစု လုပ်ငန်းတွေ တိုက်ရိုက် ထိခိုက်နစ်နာစေမှာဖြစ်ပြီး ဒီမိသားစုတွေ၊ လက်လုပ် လက်စားတွေအနေနဲ့ ငွေချေးဖို့ အရေးတကြီးလိုအပ်လာခဲ့ရင်
PGMF ဟာ Pact Myanmar လို့ခေါ်ဆိုတဲ့ အန်ဂျီအိုနဲ့ ဆက်စပ်မှုရှိပေမယ့် အသေးစားချေးငွေ လုပ်ငန်းကတော့ သီးခြားလုပ်ကိုင်တာ ဖြစ်တာကြောင့် Pact Myanmar အနေနဲ့တော့ ပြည်တွင်းမှာ အန်ဂျီအိုအဖြစ် ဆက်ရှိနေမယ့် သဘောလို့လည်း သိရပါတယ်။
ယခင် စစ်အစိုးရလက်ထက်မှာ ၁၃ နှစ်တာ ၊ အဲဒီပြီးနောက် ၂၀၁၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ကုန်ထိ ၁၂ နှစ်ကျော် လည်ပတ်လုပ်ကိုင် နိုင်ခဲ့ပြီးမှ စစ်အာဏာသိမ်းပြီးတဲ့ နောက် ညနေပိုင်းတပိုင်း လားလည်အသေးစားချေးငွေ အဖွဲ့အစည်းဟာ စစ်ကောင်စီ လက်ထက် ၂ နှစ်ကျော်အကြာမှာတော့ ဆက်လက် လုပ်ကိုင်နိုင်တဲ့အခြေအနေမရှိတော့ပဲ မြန်မာနိုင်ငံမှ ထွက်ခွာဖို့ ဖြစ်လာစေပြီး သိန်းနဲ့ချီတဲ့ အကျိုးခံစားရသူတွေအဖို့ စိတ်မကောင်းစရာ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့လို့ ၁၂ ဦးသေဆုံးတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ညောင်ကုန်း ကျေးရွာနဲ့ ပိတောက်ကုန်းရွာ ၂ ရွာကို စစ်ကောင်စီရဲ့ လေယာဥ်တွေက ဗုံးကြဲရာမှာ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်အချို့ ထိမှန်ခဲ့ပြီး ဘုန်းတော်ကြီး တပါးအပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့တယ်လို့ သတင်းဖော်ပြချက်တွေမှာ ဖော်ပြထားကြပါတယ်။ သေဆုံးတဲ့သူတွေအထဲ အမျိုးသမီးတွေလည်း ပါဝင်ပြီး အသက် ၄၀၊ ၅၀၊ ၆၀ ဝန်းကျင် ရှိတဲ့ အရပ်သားတွေ သေဆုံးကြရတာ ဖြစ်ပါတယ်။ ညောင်ကုန်းရွာ ဖြစ်စဥ်မှာ နေအိမ်တလုံးနဲ့ ဘုန်းကြီးကျောင်းကို ထိမှန်ပြီး ဘုန်းတော်ကြီး တပါးနဲ့ နေအိမ်က အရပ်သားတွေသေဆုံးခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတာ၊ လူစုလူဝေးလုပ်တာလိုမျိုး ဘာလှုပ်ရှားမှုမှ မရှိဘဲ စစ်ကောင်စီ လေယာဥ်က လာရောက်ဗုံးကြဲသွားတာ ဖြစ်ပြီး ဘာကြောင့် လေကြောင်းတိုက်ခိုက်မှု လုပ်ရသလဲဆိုတာကို နားလည်ရခက်ခဲနေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ တဖြည်းဖြည်း မြေပြင် တိုက်ခိုက်မှု လျော့နည်းလာပြီး လေကြောင်းက တိုက်ခိုက်မှုပိုမိုတိုးပြီး လုပ်ဆောင်လာရာမှာ နေ့စဥ်လိုလို အရပ်သား သေဆုံးမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့နောက်ထပ် သတင်းတပုဒ်ကတော့ ကရင်နီပြည်နယ် ကို အင်တာနက်တွေ လုံးဝ ဖြတ်တောက်လိုက်ပြီး လွိုင်ကော်လို ပြည်နယ်မြို့တော်မှာတောင် စစ်ကောင်စီ ရဲ့ ထိန်းချုပ်မှုအောက်က MPT, Mytel ဖုန်းဆင်းကတ်သုံးစွဲသူတွေသာ ဖုန်းခေါ်လို့ရတော့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
စစ်ကိုင်းတိုင်းမှာ နေရာဒေသအများအပြားကို အင်တာနက်ဖြတ်တောက်ထားတဲ့ သဘောမျိုး အခုအခါ ကရင်နီပြည်နယ်က ဒေသအများအပြားကို အင်တာနက် ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။ အခုလို အင်တာနက်ဖြတ်တောက်တဲ့ ရည်ရွယ်ချက်က ဘာကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်ဖို့ ရည်ရွယ်တာလား ဆိုတဲ့ သံသယတွေ ခန့်မှန်းမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
လတ်တလော ကရင်နီဒေသရဲ့ သံလွင်အရှေ့ခြမ်း မယ်စဲ့မြို့ အနီးက စခန်းတွေ ကို ယခင် နယ်ခြားစောင့်တပ် ဖြစ်တဲ့ ကလလတ လက်နက်ကိုင်အဖွဲ့က သိမ်းယူတာတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြန်တိုက်ယူဖို့ ပြင်ဆင်မှုလက္ခဏာတွေလည်း တွေ့နေရတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar