Breaking News

ညိုထွန်းလူ _ ငိုရီ ငိုရီ

ဓာတ်ပုံ-ဆရာဆူးငှက်
ငိုရီ ငိုရီ
ညိုထွန်းလူ
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၃

ရယ်စရာတွေကို တွေ့တာနဲ့ရယ်လိုက်ကြရအောင်ဗျာဟု ကျွန်တော်ဆိုလိုက်ပါတော့မည်။ ရယ်စရာမောစရာဆိုသည့် အသုံးအနှုံးကိုတော့ ကျွန်တော်မကြိုက်ပါ။ ရယ်စရာတွေနောက်က မောစရာတွေကပူးတွဲကပ်ပါလာတတ်သည်မို့ သိပ်ဘဝင်မကျ။ ဘယ့်နှယ် ရယ်စရာရှိလျှင်ရယ်လိုက်ကြရုံပဲဥစ္စာ ဘာဖြစ်လို့မောစရာတွေက ကပ်ပါလာရမှာတုန်း။
ကျွန်တော့်အနေဖြင့်ရယ်စရာတွေကိုတွေ့လျှင် အားရပါးရ ရယ်လိုက်ချင်ပါ၏။ ရယ်ခြင်းသည် စိတ်ကိုပျော်ရွှင်သွားစေသည်။ လွတ်လပ်ပေါ့ပါးသွားစေခဲ့သည်။ အသက်ရှည်ကျန်းမာသည်။ 
ပျော်ရွှင်ခြင်းကိုဖော်ပြသည့်ရယ်ရတာတွေနှင့် ဝမ်းနည်းကြေကွဲ၏အမှတ်လက္ခဏာ ငိုကြွေးခြင်းသည်ဆန့်ကျင်ဘက်နှစ်ဖက်မှာရှိနေကြသည်။ လူတိုင်းတိုင်းပျော်ရွှင်ခြင်းကိုပဲအလိုရှိသည်။ သို့ရာတွင်ကိုယ့်အကြိုက်ကိုချည်းယူ၍မရပြန်။
လောကသဘောအရ အရာရာတိုင်းသည်ဆန့်ကျင်ဘက်နှစ်ခုမှာတည်ရှိနေလျက်။ အလင်းရှိတော့ အမှောင်ရှိသည်။ အဖြူရှိတော့အမည်းရှိသည်။  ဓမ္မ၏ဆန့်ကျင်ဘက်သည် အဓမ္မ၊ ပျော်စရာနှင့်ငိုကြွေးခြင်းသည် ဖီလာဆန့်ကျင်။ သဘောက လိုချင်တာတွေချည်းရသည်မဟုတ်။ ဆန့်ကျင်ဘက်နှစ်ခုကဒွန်တွဲနေပြီး ကောင်းတာတွေကိုကျေနပ်နေစဥ် မလို ချင်သည့်အဆိုးတွေကလည်းမပင့်မဖိတ်ဘဲရောက်လာတတ်သည်။ ဥပမာ မဆလခေတ်တုန်းက ရွှေဝါဆပ်ပြာတောင့်နှင့်အတူ မှိုတက်ဒူးယားဘူးကိုပါ ယူခဲ့ရသည့်အဖြစ်မျိုးနှယ်။
ကျွန်တော်ကခံစားလွယ်သူ။ ငယ်စဥ်ကတည်းက ဝမ်းနည်းကြေကွဲစရာတွေကြုံရလျှင် မျက်ရည်ဝဲတတ်သည်။ သည်ခံစားမှုတွေက ယခုထိတိုင်လွင့်ပျယ်မသွားဘဲ အထိန်းအချုပ်မဲ့ဖြစ်နေလျက်။ ထို့ကြောင့်ရုပ်ရှင်ကြည့်လျှင်ပျော်ရသည့်ဇာတ်ကားမျိုးကိုပဲရွေးချယ်ကြည့်လေ့ရှိသည်။ 
ဇာတ်တွေကြည့်လျှင်လည်း နှစ်ပါးသွားကပြသည့်အချိန်ကိုပဲ ပို၍အာရုံညွတ်မိသည်။ အငြိမ့်တွေကတော့ ကျွန်တော့်အသည်းစွဲဟု ဆိုရမည်။ အငြိမ့်ခန်းရောက်သည်နှင့် လူရွှင်တော်တွေ၏ ပြက်လုံးတွေထဲမှာ တဟိဟိတခွိခွိဖြစ်ခဲ့ရသည်။ 
မန္တလေးသည်အနုပညာမြို့တော်ကြီးဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ သဘင်အနုပညာရှင်တွေ မန္တလေးမြို့၏ ရင်ခွင်ထဲသို့ခိုလှုံကြသည်။ မန္တလေးသူမန္တလေးသားတွေကလည်း အားပေးကြသည်။ မြို့တော်ကမြှောက်စားမှတောက်ကြွားရစမြဲ။
တကယ်တော့ မန္တလေးမှာ ကျွန်တော်တို့မျိုးဆက်အထိ အငြိမ့်တွေ ဇာတ်တွေနှင့် လုံးလုံးထွေးထွေး ရှိခဲ့ကြသည်။ 
အငြိမ့်စင်ပေါ်ကပြက်လုံးများသည်နောက်တစ်နေ့မှာ လက်ဘက်ရည်ဆိုင်ထဲသို့ရောက်လာခဲ့သည်။ အငြိမ့်သည်ပြည်သူလူထုနှင့်အနီးကပ်ဆုံးမီဒီယာဖြစ်သည်။ အထူးသဖြင့်လူရွှင်တော်ကြီးတွေရဲ့ပြက်လုံးတွေက ပွဲကြည့်ပရိသတ်ကျွန်တော်တို့နှလုံးသားထဲသို့ချက်ချင်းတိုးဝင်လာခဲ့သည်။ ဒါကြောင့်လည်း မန္တလေးသားတွေအချင်းချင်းဆုံတွေ့ကြသည့်စကားဝိုင်းမှာ ရယ်မောသံတွေဖြင့်ပွဲကျနေလျက်။ 
တစ်ယောက်ကိုတစ်ယောက်တို့ကြ ဆွကြ၊အပြန်အလှန်ပြောကြရင်း အနိုင်မခံ အရှုံးမပေးဘဲပြန်ခြင်းတွေခတ်ကြပေါ့။ ပြီးတော့ မန္တလေးသားဆိုတာကလည်း တယောက်နှင့်တယောက် အတွင်းသိအစင်းသိမို့အချင် းချင်းဆုံလိုက်လျှင် ဂိုက်ခံ၍မရ။ အဲဒါကိုပဲသိသိကြီးဖြင့်ဂိုက်တွေဆိုဒ်တွေ ထုတ်သည်ဆိုပါတော့။ အဆင်မသင့်လျှင် အငြိမ့်ခွင်ထဲကလို ဖနောင့်နင်းခံရတတ်သည်ကော။ 
သို့ရာတွင်သည်လိုမျိုးကြုံရခဲသည်။ ငယ်သူငယ်ချင်းတွေအတူဆုံလိုက်ကြပြီဆိုသည်နှင့် ကိုယ့်မှာရှိသည့်အဆောင်အယောင်တွေကွာကျသွားရစမြဲ။ တဟေးဟေးတဟားနှင့်အားလုံးလက်ရေတပြင်တည်းဖြစ်သွားခဲ့ကြရစမြဲ။
စိတ်အာရုံတွေက အတိတ်ကာလဆီသို့ရောက်သွားပြန်သောအခါ တချိန်တုန်းကကျွန်တော်တို့၏ဘဝနှင့် လောကဝန်းကျင်ကလေးကို လွမ်းလွမ်းတတဖြစ်သွားခဲ့ရပြန်သည်။ ယခုအချိန်မှာတော့ကျွန်တော်တို့နှစ်သက်သဘောကျသည့်လူရွှင်တော်ကြီးတွေလည်းမရှိကြတော့ပြီ။ သက်ရှိထင် ရှားရှိနေကြသည့် (ဦး)ချစ်စရာ နှင့် (ဦး)ထင်ပေါ်တို့လည်း ပြက်လုံးတွေမထုတ်နိုင်ကြတော့ပြီ။ ဒါက သူတို့နှစ်ယောက်စလုံး အသက်ရွယ်ကြီးရင့်လာတာကြောင့်လား။ 
သည်အယူအဆက တစ်ဝက်တစ်ပျက်သာမှန်ပါလိမ့်မည်။ သူတို့၏ ဘဝနေရေးနှင့်ဖြတ်သန်းနေရသည့်ခေတ်က သူတို့ကိုပျော်စရာရွှင်စရာစကားတွေ ထွက်မလာနိုင်အောင် ပိတ်ဆို့ထားလိုက်ခြင်းဖြစ်မည်ဟု ကောက်ချက်ဆွဲမိသည်။
လွန်ခဲ့သည့်နှစ်လေးဆယ်လောက်ကဖြစ်မည်။ လူရွှင်တော်ကြီး(ဦး)မြတ်သာနှင့်(ဦး)ရန်အောင်တို့ပါဝင်သည့် အငြိမ့်ဆီသို့ ကျွန်တော်ရောက်သွားခဲ့သည်။ ပွဲကြည့်ပရိသတ်တွေကလည်း အုံခဲပြည့်သိပ်။ အားလုံးပျော်ရွှင်နေ
လျက်။ 
(ဦး)ရန်အောင်ကပွဲကြည့်ပရိသတ်တွေကိုလှမ်းကြည့်ပြီး ကိုမြတ်သာရေ ပရိသတ်ကြီးကတော့ပျော်လို့ရွှင်လို့ဗျာ။ အားရစရာကောင်းလိုက်တာဟုပြောလိုက်သည်။ သည်မှာပင်ဦးမြတ်သာက ဪ ...ကိုရန်အောင်ရယ် ပျော်ချင်လို့ ပွဲလာကြည့်ကြတာလေ စိတ်ညစ်ချင်ရင် ကိုယ့်ဆန်အိုးကိုပဲလှန်ကြည့်ကြတော့မှာပေါ့တဲ့။ ပရိသတ်တွေဆီက ဝါးခနဲရယ်မောသံတွေဆူဝေသွားသည်။ သည်ပြက်လုံးက ကျွန်တော့်ရင်ထဲသို့စွဲသွားခဲ့သည်။ မှန်ပါသည်၊ကျွန်တော်တို့အားလုံး ပျော်ချင်၍အငြိမ့်လာကြည့်ကြသည်ပဲ။ 
ယခုတော့ပွဲတွေလည်းမရှိသလောက်ဖြစ်သွားပြီ။ ကျွန်တော်တို့လည်းပွဲမကြည့်နိုင်တော့ပါ။ သက်ရှိထင်ရှားရှိနေသည့်လူရွှင်တော်ကြီးတွေလည်းပြက်လုံးထုတ်စရာ နေရာမရှိတော့ပါ။ ဟာ အဲသည်လိုလည်းမဟုတ်သေးဘူး။ တကယ်တန်း ပြက်လုံးထုတ်ချင်လျှင် ဖေ့စ်ဘွတ်ပေါ်မှာ တစ်ခန်းရပ်တင်ဆက်လို့ရသည်ပဲ။ 
သို့သော်လည်း ပြောလို့သာပြောလိုက်ရသည်။ သည်အရေးကလည်းလွယ်လှသည်မဟုတ်။ ခေတ်ကာလအခြေအနေနှင့်အရာရာကို ချင့်ထောက်နှိုင်းဆရသေး၏။ အဆင်မသင့်၍ အမှားအယွင်းဖြစ်သွားလျှင် ဘယ့်နှယ်လုပ်ကြမတုန်း။
ငိုကြွေးရတာထက်ရယ်ရတာကို လူတိုင်းကြိုက်နှစ်သက်ကြသည်ဟုဆိုသော်ငြား ကျွန်တော်တို့မြန်မာ့နှလုံးသား တွေကလည်း ထူးဆန်းလှ၏။ ဇာတ်တွေနှင့်ရုပ်ရှင်တွေကို အလွမ်းအဆွေးတွေပါမှသဘောကျသည်။ ကြည့်ရင်း မျက်ရည်စို့စို့ဖြင့်လွမ်းကြသည်။ ရုံထဲမှာငိုခဲ့ရသည့်အရသာကိုပဲ တယောက်နှင့်တယောက် ခံစားမျှဝေကြသည်။ 
သည်မှာပင် ဆရာဦးအောင်သင်း၏ ချိုတကူးနှင့် ဂုဏ်ရည်မတူ ရသစာ တန်းကို သတိရလိုက်မိသည်။ အစစ်နှင့်အတုကို ခွဲခြားနားလည်သည်က တကဏ္ဍ။ ခံစားမှုကသီးခြားဖြစ်စဥ်တခု။ သို့ဖြင့်နှလုံးသားထဲမှာ ကိန်း အောင်းနေခဲ့သည့် မေတ္တာ ကရုဏာနှင့်သနားညှာတာစိတ်တွေကပဲ  ဇာတ်လမ်းဇာတ်ကွက်တွေထဲက ဇာတ်ဆောင်တွေအပေါ် လွှမ်းခြုံသွားခဲ့ပြီး မျက်ရည်ရွှဲ၍ ရင်နင့်ခံစားခဲ့ကြရရှာသည်ကော။  လက်ရှိကိုယ့်ဘဝကိုမေ့လျော့ပြီး ဇာတ်လမ်းထဲမှာနစ်မြောသွားရင်း မုန်းစရာရှိလျှင်မုန်းလိုက်ကြမည်။ ချစ်စရာရှိည်းချစ်လိုက်ကြမည်။ သနားစရာဆိုလျှင်တော့ အထူးပြောစရာလိုမည်မထင်။  
ကျွန်တော်ကတော့ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကိုမကြည့်ဖြစ်တာကြာပြီ။ နာကျင်ကြေကွဲစရာအဖြစ် အပျက်တွေက ကိုယ့်အနားဝန်းကျင်မှာ နေ့စဥ်လိုလိုမြင်ရကြားရဆိုတော့ တကယ့်အရှိတရားကို မျက်ကွယ်ပြုနိုင်လောက်သည်အထိ မစွမ်းသာပါ။ မည်သို့ပင်ဖြစ်စေ ပူဆွေးငိုကြွေးခြင်းကို ကျွန်တော်မလို။ ကျွန်တော်ပျော်ချင်သည်။ ဟက်ဟက်ပက်ပက်အားပါး တရ ရယ်ချင်သည်။ ကိုယ့်မိတ်ဆွေတွေကိုလည်း ရယ်ကြရအောင်ဗျာဟုတိုက်တွန်းချင်မိသည်။ 
ခက်တာကကျွန်တော်တို့ဝန်းကျင်မှာ ရယ်စရာတွေကိုရှာသော်လည်းမတွေ့။ (ဦး)ချစ်စရာ၊ (ဦး)ထင်ပေါ်၊ (ဦး) ဇာဂနာတို့လို လူရွှင်တော်ကြီးတွေကလည်း ပြက်လုံးတွေမထုတ်နိုင်ကြတော့။ 
ထို့ပြင် ကျွန်တော်တို့ကိုယ်တိုင်သည်လည်း ပူဆွေးနာကျင်နေရပြီး နောက်ပိုင်းအပူဇာတ်ထုပ်တွေချည်း ခင်းနေရသည်ဖြစ်၍ ရယ်ရမှာကိုပဲမေ့လျော့ကုန်ကြပြီလားမပြောတတ်တော့ပါ။ ပြီးတော့ရယ်မိပြန်တော့လည်း တခစ်ခစ်ရယ်မောမှာလား တဟားဟားတဟေးဟေးဖြင့်ရယ်မောချင်တာလား။ မရယ်တတ်လျှင် ငိုသံတွေနှင့်ရောထွေသွားမှာလည်း စိုးရသေး၏။
ဆိုတော့ ငိုသလိုလို ရယ်သလိုလို။ ရယ်သလိုလို ငိုသလိုလို။ 
ငိုနေသည့်ကလေးတွေကို စလိုက်နောက်လိုက်လုပ်တော့ ကလေးခမျာငိုရင်းဖြင့်ပြုံးရယ်လိုက်သည်။ သည်အခါ လက်ညှိုးကလေးကို ကွေးချည်ဆန့်ချည်လုပ်၍ ငိုရီငိုရီဆန်တစ်ပြည်ဟု နောက်ပြောင်ကြစမြဲ။ ဟယ်-ဆန်တစ်ပြည်တဲ့။ ဆန်စျေးက ဘယ်လောက်ရှိနေပါလိမ့်။ သည်အတွေးကခေါင်းထဲသို့ ဒိုင်းခနဲရောက်လာသောအခါ မျက်လုံးတွေကျယ်ထွက်သွားသည်။ အဲသည်တော့ ငါ့နှယ်နော် တယ်လည်း ခက်လိုက်ပါဘိဟုညည်း တွားရုံမှလွဲ၍ ကျွန်တော်သည်လည်း ဘာများတတ်နိုင်ဦးမည်နည်း။
တကယ်တန်းတော့ စိတ်အလိုအတိုင်းဖြစ်စေချင်သည့်နှလုံးသားခံစားမှုနှင့် အရှိတရားသည် ထပ်တူကျဖို့ခဲယဥ်းလှသည်။ ခံစားချက်တွေရောထွေးကုန်ပြီးငိုသလိုလို ရီသလိုလို၊ ဪ ..ငိုရီ ငိုရီနဲ့။ ဤသည်ပင် ကျွန်တော်တို့၏ အလူးလူးအလိမ့်လိမ့်ဖြင့် ငြင်းဆန်ခွင့်မရှိသောဘဝ၏ နေ့စွဲများပင်ဖြစ်သည်။

ညိုထွန်းလူ
* စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှာ ကူးယူဖော်ပြပါသည်။ 
မိုးမခ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar