Breaking News

အဟားဇယား - ဗိုလ်အရောင်းပွဲတော်

အဟားဇယား - ဗိုလ်အရောင်းပွဲတော်

(မိုးမခ) ဇွန် ၂၉ ၊ ၂၀၂၃


ရုတ်ရုတ်သဲသဲ ဗိုလ်ရောင်းပွဲခင်းတွင် ဖြစ်သည်။

သူ့အစုနဲ့သူ ဗိုလ်တွေကို စျေးတင်ရောင်းချနေကြလေသည်။ 

တချို့က လုံခြုံရေးထားဖို့၊ တချို့က သားမက်တော်ဖို့၊ တချို့က လင်နေရာထားဖို့၊ တချို့က ပွဲတက်ရာသုံးဖို့၊ တချို့က တပ်နဲ့ချိပ်ဆက် စီးပွါးရှာဖို့၊ တချို့က အပျင်းဖြေဖို့၊ တချို့က စာရင်းမွှေဖို့၊ တချို့က အဖျင်းတွေမို့ သူ့အသုံးလိုရာနဲ့သူ လာဝယ်ကြသည်။

ထိုဈေးခင်းထဲက တခုသောဆိုင်တွင် “ဒီဗိုလ်ကြီးက နှယ်နှယ်ရရ ဗိုလ်ကြီးမဟုတ်ဘူး။ စျေးအကြီးဆုံးဘဲ” ဆိုသောအသံစွာစွာကို ကြားရသည်။

“ဘာ့လို့ စျေးအကြီးဆုံးဖြစ်ရတာလဲ”

“သီဟသူရမို့”

“အော ဟုတ်တာပ၊ သူရဘွဲ့တောင် ရဖို့ မလွယ်၊ ရိုးရိုးဗိုလ်နဲ့တောင် အလုပ်ဖြစ်နေတဲ့ခေတ်မှာ၊ သူက သီဟသူရဆိုတော့ စျေးကြီးဘီပေါ့”

“စျေးကြီးတာ လက်ခံပါတယ်၊ သီဟသူရက သူတဗိုလ်ထဲမှ မဟုတ်တာ။ ကျန်တဲ့ ဗိုလ်တွေလဲ ရှိသေးတယ်လေ”

“ကျန်တဲ့ဗိုလ်တွေရှိလဲ စျေးကတော့ ဒီသီဟသူရကို မမှီပါဘူးဗျ”

“ဟာ သူက ဘာသီဟသူရမို့လဲ”

“တိုက်ပွဲချင်းယှဉ်လို့ မရပါဘူးဗျ။ ဒီသီဟသူရဗိုလ်က ကမ္ဘာမှာ ဘာစစ်သားမှ မတိုက်ဖူးတဲ့စစ်ပွဲမျိုးကို ဆင်နွဲလာလို့ပါ”

“ဟာ လုပ်ပါအုံး၊ ဘာစစ်ပွဲလဲ”

“ပန်းကိုင်သူတွေနဲ့ တိုက်တဲ့စစ်။ ပန်းကိုင်သူတွေကို အသေအကျေချေမှုန်းခဲ့တာပါ”

“ဗျာ၊ ပန်းကိုင်သူ၊ ဂန်းကိုင် မဟုတ်ဖူးလားဗျာ” 

“ဂန်းမဟုတ်ဖူးဗျ၊ ပန်း ပန်း”

“ပန်းပန်သူ၊ ပန်းဝယ်သူ၊ ပန်းရောင်းသူတွေနဲ့ တိုက်တဲ့စစ်ပွဲပါ”

“ဗျာ”

အားလုံး တိတ်ဆိတ်သွားကြသည်။

“အဲဒါကြောင့် သူ့သီဟသူရဘွဲ့ဟာ ဈေးအတန်ဆုံးလို့ ပြောတာပါ”

စောစောက ဟောင်ဖွာဟောင်ဖွာလုပ်နေသူအားလုံး ငြိမ်ကျသွားတော့သည်။

ဘယ်သူမှ ဈေးမခေါ်ရဲတော့။

အားလုံး စုတ်တသတ်သတ်နဲ့ သက်မကိုယ်စီချပြီး ဝစီပိတ်ကာ ထွက်ခွာသွားကြသည်။ ဝယ်သူမရှိ။

ဈေးခေါ်သူလဲ ဘာဆက်လုပ်ရမှန်း မသိ။ သက်ပြင်းအကြိမ်ကြိမ်ချ။ တခြား ကြိတ်ကြိတ်တိုးနေတဲ့ဗိုလ်အရောင်းပွဲတွေဆီ ငေးရီကာ နေ၍ နေ၍ နေလေတော့ချေသည်တမုံ့။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar