မြန်မာဘဏ်နဲ့ ငွေကြေးစနစ်အပေါ် ဖိအားတွေနဲ့ မြန်မာလူထု ရွေးစရာ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၃ မြင်ကွင်း
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၃
မြန်မာဘဏ်နဲ့ ငွေကြေးစနစ်အပေါ် ဖိအားတွေနဲ့ မြန်မာလူထု ရွေးစရာ
အမေရိကန်အစိုးရမှ ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ အကြမ်းဖက်စစ်အုပ်စု၏လက်အောက်ခံဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့သည် ဇွန်လ၂၀ရက်နေ့မှစတင်ကာ သက်ရောက်မှုရှိမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက တရားဝင်အသိပေး ကြေညာခဲ့ပါ တယ်။
"အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး အကြမ်းဖက်မှုအတွက် အားပေးအားမြှောက် ဖြစ်စေတဲ့ ဘဏ် ၂ ခုကို အမေရိကန်အစိုးရက ကန့်သတ်ပိတ်ဆို့မှု ပြုလိုက်ပါတယ်" လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အသိပေးဆိုထားပါတယ်။
အမေရိကန်အစိုးရ၏ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ အမေရိကန် ဥပဒေအရ အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှု ရလဒ်ကြောင့် အမေရိကန် စီးပွားရေးနှင့် သက်ဆိုင်သည့် အဆိုပါ ဘဏ်နှစ်ခု၏ အရောင်းအဝယ် အားလုံးကို ပိတ်ဆို့ထားသည်ဟု ဆိုလိုရင်းဖြစ်ပါတယ်။
ဇွန် ၂၀ ရက်နေ့ မတိုင်ခင်ကတည်းက စကစလက်ကိုင် နိုင်ငံခြားငွေကြေးဘဏ် ၂ ခုကို ပိတ်ဆို့မယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ သတင်းထွက်ကတည်းက ဒေါ်လာစျေး တက်ပြီး မြန်မာကျပ်ငွေ ကျဆင်းသွားခဲ့ပါတယ်။ ပြည်တွင်း ဒေါ်လာဝယ်စျေး ၃၀၀၀ ကျော် ဖြစ်လာသလို ဇွန် ၂၃ မှာ NUG အစိုးရ၏ NUGPay ၏ ဒေါ်လာနဲ့ ကျပ်စျေးက မူလ ၂၉၄၀ ကနေ ၃၀၃၀ ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။ စစ်ကောင်စီကတော့ သူတို့၏ ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေကြေးစီးဆင်းမှုကို တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်ပေးမယ်လို့ ဆိုလိုက်ပါတယ်။
ဇွန် ၂၃ မှာတေ့ာ စကစက နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တန်ပြန်အရေးယူမှုတွေ ဆောင်ရွက်လာပုံရပါတယ်။ တာချီလိပ်သတင်းဌာနက သည်လို ရေးသားထားပါတယ်။
"မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်လုပ်ငန်းများအား တရုတ်ယွမ် အသုံးပြုကာ ဘဏ်စနစ်ဖြင့် ငွေပေးချေရမည်ဟု ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ (၂၃) ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်လာသည် ..." လို့ ဖတ်ရပါတယ်။ ထိုင်းနယ်စပ် ဘတ်နဲ့ ကျပ်ငွေလွှဲနှုန်းကလည်း မငြိမ်သက်လို့ ကုန်သည်တွေက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
မြန်မာပြည်တွင်းမှာကတော့ မြန်မာကျပ်ငွေ နဲ့ ဒေါ်လာစျေး မငြိမ်သက်တာနဲ့ တပြိုင်နက် ကုန်စျေးနှုန်းတွေ တက်ဖို့ တာစူလာတာ ဖြစ်ပါတယ်။ သာမန် လက်လုပ်လက်စားများအတွက်ကတော့ ဘာမှ ရွေးချယ်စရာမရှိတဲ့အတွက် ဖြစ်တဲ့အတိုင်း ရင်ဆိုင်ဖို့သာ ရှိတယ်လို့ သာမန်ပြည်သူအချို့က သဘောထားပေးပါတယ်။ အချို့ငွေကြေး စုဆောင်းထားပြီး လုပ်ငန်းလည်ပတ်နေသူများကတော့ မြန်မာကျပ်ငွေအစား ရွှေဝယ်ပြီး ပြောင်းရွှေ့သိမ်းဆည်းတာမျိုး လုပ်နေကျ ထုံးစံအတိုင်း လုပ်ကြတယ်လို့ မှတ်ချက်ပေးပါတယ်။ စကစက သူတို့ဒေါ်လာစျေးကို ကျပ် ၂၉၀၀ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ပြည်တွင်းက ဒေါ်လာရောင်းဝယ်တွေ အားလုံး ရပ်ဆိုင်းလုနီးပါးရှိတယ်လို့ သတင်းတွေမှာ ပြောကြပါတယ်။
ဇွန်လ ၁ ရက်နေ့မှာ NUG က ကြားကာလဗဟိုဘဏ်ကို ထူထောင်မယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လဆန်း ရေဒီယို NUG အင်တာဗျူးမှာ NUG ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က စကစက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်၊ ပြည်တွင်းက ဘဏ်တွေကနေ ငွေကြေးတွေကို ၎င်းတို့ အကြမ်းဖက်လုပ်ငန်းများ လက်နက်ဝယ်ယူရေးတွေအတွက် စိတ်တိုင်းကျ အသုံးချနေတာကို တားဆီးရမယ်။ စကစဆီကို ငွေကြေးတွေ စီးဆင်းမှုကို တားဆီး ဖြတ်တောက် နှောင့်ယှက်မှုတွေ တိုးလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ အဲသည်အတွက် ပြည်သူတွေအတွက် ရွေးချယ်စရာ ဘဏ်စနစ် ငွေကြေးလုပ်ငန်းတွေ အာမခံပေးဖို့ ကြားကာလ ဗဟိုဘဏ်၊ နောက်တဆင့်ကတော့ Spring Development Bank ကိုပါ ထူထောင်မယ်လို့လဲ ပြောခဲ့ပါတယ်။ လက်ရှိ NUG Pay ကနေ ပြည်သူတွေက နေ့စဉ် လူမှုဘ၀သုံးစွဲမှုအတွက် ယုံကြည်စိတ်ချစွာ လွှဲပြောင်းသုံးစွဲမှုတွေ တိုးတက်လာပြီလို့လဲ ပြောခဲ့ပါတယ်။
နောက်တပတ်ကျော်အကြာမှာ ဇွန် ၁၃မှာ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့လို့ စစ်ကောင်စီက ဖမ်းချုပ်ထောင်ချခဲ့ပြီး ၂၀၂၂ နိုဝင်ဘာလက လွတ်မြောက်လာခဲ့သူ ဩစတြေးလျနိုင်ငံသား ရှောင်တန်နယ်ကို NUG စီမံဘဏ္ဍာဝန်ကြီးက ကြားကာလဗဟိုဘဏ်၏ အကြံပေးအရာရှိအဖြစ် ခန့်အပ်လိုက်တာ တွေ့ရပါတယ်။
သည်ရက်တွေထဲမှာ Spring Development Bank ကို Virtually အွန်လိုင်းကနေ စတင် ပြင်ဆင်မှုတွေ လုပ်နေတဲ့အကြောင်း NUG စီမံဘဏ္ဍာဝန်ကြီးဌာနကို ဝန်းရံနေကြတဲ့ EoD agent တွေ NUG Pay Agent တွေဆီကနေ အလွတ်သဘော ထုတ်ဖော်ပြောဆိုနေကြတာကို ကြားသိရပါတယ်။ သူတို့ ကိုယ်စားလှယ်တွေ ကြားကာလ ဘဏ်စနစ်တခု ပြင်ဆင်ပြောဆို ဆွေးနွေးနေဆဲ ဇွန် ၂၀ မှာ အမေရိကန်အစိုးရက စကစ နိုင်ငံခြားငွေကိုင်တွယ်တဲ့ ဘဏ် ၂ ခုကို ပိတ်ဆို့တယ်လို့ သတင်းထွက်လာတော့ ဒီဖြစ်ရပ်ဟာ တိုက်ဆိုင်တဲ့ ဖြစ်ရပ်လား၊ ရည်ရွယ်ချက်ရှိရှိ ဖြစ်တာလားဆိုတာကို ခုချိန်မှာ ဘယ်သူကမှ ကောက်ချက်မပေးနိုင်ကြသေးပါဘူး။
NUG စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင် ရေဒီယို NUG ကို ပြောတဲ့အထဲမှာ - ပြည်တွင်းဘဏ်တွေထဲမှာ မြန်မာပြည်သူတွေက အတိုးရလို့ ငွေတွေ စုဆောင်းထားကြတယ်။ အဲသည်ငွေတွေကို စစ်ကောင်စီ ထိန်းချုပ်ထားတယ်။ စကစကိုယ်တိုင်က ငွေတိုက်စာချုပ်တွေ ငွေချေးစာချုပ် ထုတ်ရောင်းပြီး ငွေကို လှည့်ပတ်သုံးစွဲနေတယ်။ အာဏာသိမ်းပြီးနောက် ထုတ်ထားတဲ့ငွေ ၂၀ ထရီလျံ ရှိတယ်လို့ ဆိုပါတယ်။ သည်လို ပြည်သူတွေ၏ ငွေကြေးစုဆောင်းထားမှုတွေကို စကစလက်ထဲကနေ NUG ၏ ကြားကာလဘဏ်စနစ်ဆီကို ပြောင်းရွှေ့ထားဖို့ ရွေးချယ်စရာ တစုံတရာပေးဖို့ စဉ်းစားထားပုံရပါတယ်။
သမာရိုးကျဘဏ်စနစ်တခု ဖြစ်ဖို့ကတော့ ကြားကာလမှာ စိန်ခေါ်မှုတွေ ပြည့်နေတယ်လို့ ဆိုရမှာပါ။ ဘဏ်အကောင့်ဖွင့်ဖို့၊ လုံခြုံစိတ်ချဖို့၊ နိုင်ငံတကာက လက်ခံဖို့၊ တရားဝင်ဖြစ်ဖို့ဆိုတာတွေ၊ ငွေစက္ကူ တခုကနေ တခု ပြောင်းလဲ ပေးချေတာတွေဆိုတာ သာမန်အခြေခံ ဘဏ်လုပ်ငန်း ငွေကြေးလုပ်ငန်း၏ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။
လက်ရှိမှာ သာမန်ရိုးကျငွေကြေးစနစ်မဟုတ်တဲ့ လေထဲက မော်ဒန်ငွေကြေးစနစ် digital currency with block chain technology နဲ့ NUG Pay အကောင့်ဖြင့် DMMK ကျပ်ကို လည်ပတ်ထားတဲ့ NUG ၏ ငွေကြေးစနစ်သစ်ကို မြန်မာပြည်သူတွေက ဖြည်းဖြည်းချင်း လက်ခံလာနေတာမို့ ကြားကာလဘဏ်စနစ်ကလည်း အကောင်းမြင်တဲ့ မျက်စိနဲ့ ဆက်စောင့်ကြည့်ရလိမ့်မယ် ထင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar