Breaking News

ကျော်မင်းထွန်း(NEW YORK) - အညာဟာ အညာမခံနိုင်တော့ဘူး

အညာဟာ
အညာမခံနိုင်တော့ဘူး 
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၃

အညာဟာ အညာခံနေရတယ်
ဟာလာဟင်းလင်းခေတ်ရဲ့ လိုအပ်ချက်ကြောင့်
အသက်(၇၀) မှာ အညာဟာ
လူငယ်လေးတယောက်ပြန်ဖြစ်ရတယ်။

အညာဟာ..
ရယ်တဲ့အခါ မောတတ်တယ်
မောတဲ့အခါ ရယ်တတ်တယ်
ရယ်စရာမောစရာတွေနဲ့ ဝေဝါးမသွားအောင်
ကြွေသွားတဲ့ကြယ်တွေကို တမ်းတတတ်တယ်။

အညာမှာ အလှတွေမရှိတော့ဘူး
ရှိတဲ့အလှတွေ ပျက်လဲကုန်ပြီ
အညာမှာ ဘဝတွေမရှိတော့ဘူး
ရှိတဲ့ဘဝတွေ ခက်ခဲကုန်ပြီ
အညာမှာ အနာဂတ်တွေမရှိတော့ဘူး
ရှိတဲ့အနာဂတ်တွေ အက်ကွဲကုန်ပြီ
အညာဟာ အညာခံနေရတယ်။

ထန်းလျက်ချက်တဲ့လက်တွေဟာ အညာမှာ
ယမ်းမှုန့်လုပ်တဲ့လက်တွေဖြစ်လာတယ်
တောင်ယာစိုက်တဲ့လက်တွေဟာ အညာမှာ
လောင်ချာကိုင်တဲ့လက်တွေဖြစ်လာတယ်
လှည်းဝင်ရိုးသံ တညံညံနဲ့ အညာဟာ
မောင်းပြန်သေနတ်သံ တညံညံဖြစ်လာတယ်
အညာမြေမှာ မသာတွေဟာ စစ်ခွေးတွေဖြစ်နေတယ်
အညာဟာ အညာမခံနိုင်တော့ဘူး။

နာဖျားနေတဲ့ အညာဟာ
မြေဩဇာ မကောင်းပေမဲ့
သူရဲကောင်းတွေထွက်တယ်
ရွာပျောက်ယာပျောက် အထက်အညာတလျှောက်
ပုံမကျပန်းမကျ ပုံစံခွက်မှောက်ကျလည်း
ပုန်ကန်လျက် တော်လှန်လျက်ပဲ။

အညာဒေသ နယ်မြေစိုးမိုးရေးကို
အညာသားတွေ ကွပ်ကဲနေပြီး
ခွေးကမ္ဘာ ခွေးရွာကလာတဲ့
စစ်ခွေးတွေအတွက် ဗီဇာကင်းလွတ်ခွင့်ကိုတော့
ရွှေဘိုသား အလောင်းမင်းတရားက ပေးမှရမယ်
အညာဟာ အညာမခံနိုင်တော့ဘူး။

ပြေး ... ပြေး ... ပြေး ...
စစ်ခွေးတွေနဲ့ ဝေးရာကိုပြေး 
စစ်ဘေးမှာ စစ်ပြေးဖြစ်ရတဲ့ အညာဟာ
နိုင်ငံတကာ ကူပါလှူပါ
တစာစာ မအော်တတ် မခေါ်တတ်ပဲဆွံ့အ။

အဲ့ဒီဆွံ့အနေတဲ့ အညာမှာ..
စနိုက်ပါတွေ မဆွံ့အဘူး
ကွန်မန်ဒိုတွေ မဆွံ့အဘူး
ဒရုန်းတွေ မဆွံ့အဘူး
ဆွံ့အဟန်ဆောင်သူတွေ မဆွံ့အတော့ဘူး
အညာဟာ အညာမခံနိုင်တော့ဘူး။

ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲဆိုတဲ့
အယူအဆ နံရံအထူအပါးကို
အညာက ခံယူထားပါတယ်
အညာလက်မောင်းနဘေးမှာ
နွေဦးတော်လှန်ရေးလို့ တက်တူးထိုးထားပါတယ်
(ခပ်တိုးတိုးထပ်ပြောမယ်…)
နှစ် (၇၀)ကြာ အညာခံခဲ့ရတဲ့
အညာဟာ အညာမခံနိုင်တော့ဘူး။     ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar