ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခဲ့တဲ့ ပထမဆုံးပြည်နယ်
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၅ မြင်ကွင်း
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၃
ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခဲ့တဲ့ ပထမဆုံးပြည်နယ်
စစ်အာဏသိမ်းမှု ဖြစ်ပွားပြီးနောက် လက်နက်ကိုင် ခုခံတိုက်ခိုက်မှု၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် ရည်ရွယ်သည့် လက်နက်ကိုင်လှုပ်ရှားမှုများ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံ၏ နေရာဒေသအနှံ့အပြား လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားသည့် ဧရိယာများ ဖြစ်လာခဲ့သည်။ ပြည်နယ်များ နှင့် အချို့သော တိုင်းဒေသကြီးများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟု ယေဘုယျအမည်ဖြင့် လက်နက်ကိုင် အစုအဖွဲ့ များပေါ်ထွက်လာကြသလို မြို့တွေမှာတော့ ယေဘုယျ အမည် မြို့ပြပြောက်ကျားဟု ခေါ်ဆိုသည့် မြို့ပေါ်တွင် အစုအဖွဲ့ငယ်များ တနည်းအားဖြင့် cell များဖြင့်ဖွဲ့စည်းထားသည့် အလစ်အငိုက်တိုက်ခိုက်မှုများ ဖောက်ခွဲမှုများ လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်ကြသည့် အဖွဲ့များ ထွက်ပေါ်လာခဲ့သည်။
တိုင်းရင်းသား ပြည်နယ်များ အားလုံးတွင် စစ်အာဏာမသိမ်းမီကတည်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ရှိနှင့်ပြီးဖြစ်ကာ အချို့ (ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ လားဟူ၊ ရခိုင်၊ ပအို့ဝ်) တို့က နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အစပျိုးသည့် အနေအထားသို့ ရောက်ရှိနေခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု အန်အယ်လ်ဒီ၏ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲပြန်လုပ်ဖို့ အကြောင်းပြပြီး အာဏာသိမ်းမှုက အထက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များတွင် ပါဝင်မှုကို ချုပ်ငြိမ်းသွားစေခဲ့သည်။ အနည်းငယ်မျှသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကသာ NCA ဟုခေါ်ဆိုသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကို ကာလတခုထိ သိမ်းဆည်းထားလိုက်တဲ့သဘော တချိန်ကျ ပေါက်ကောင်းပေါက်နိုင်သည့် ကစားကွက်သဖွယ် သဘောထားကြသော်လည်း အများစုသော တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ NCA ကို ပျက်သွားပြီဟု သဘောထားကာ PDF လက်နက်ကိုင်များကို သင်တန်းပေးခြင်း၊ လက်နက်ကူညီခြင်း၊ စစ်ရေးအပိုင်းတွင် ဦးဆောင်ခြင်းစသည့် အနေအထားသို့ရောက်ရှိခဲ့ကြသည်။ တိတိပပ ဆိုရလျှင် ကေအန်ယူ၊ ကေအန်ပီပီ၊ ကေအိုင်အေ နှင့် စီအန်အက်ဖ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ဖြစ်သည်။ ယင်းအဖွဲ့များအနက် ကေအန်ပီပီ ပါတီနှင့် လက်နက်ကိုင်အဖွဲ့က ခူဦးရယ် ဦးဆောင်သည့် ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီကို စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာတွင် ဖွဲ့စည်းခဲ့သည်။
ယခု ကြားကာလ အုပ်ချုပ်ရေးကောင်စီမတိုင်မီ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါ အဖွဲ့မှ ယခုကြားကာလ အုပ်ချုပ်ရေးကောင်စီ ပေါ်ထွက်လာဖို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းဖေါ်ပြမှုများအရ ယူဆရသည်။
ကရင်နီဒေသတွင် စစ်အာဏာမသိမ်းမီ အဓိကလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ရှိပြီး အားအကောင်းဆုံး အဖွဲ့မှာ KNPP ဖြစ်ပြီး အခြား၂ ဖွဲ့မှာ ကလလတ နှင့် ကယန်းပြည်သစ်ပါတီတို့ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်တွင် KNDF အဖွဲ့သစ် ထပ်မံပေါ်ထွက်လာပြီး ယခုအခါ KNPP နှင့် လက်တွဲလုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာသည့် လူငယ်မျိုးဆက်သစ်များဖြင့် ၂ နှစ်အတွင်း တရှိန်ထိုး အင်အားကြီးထွားလာသည့် အဖွဲ့ဖြစ်သည်။ ကရင်နီပြည်နယ်သည် နယ်မြေအရ သေးငယ်သလို လူဦးရေမှာလည်း သိန်းဂဏန်းအနည်းငယ်မျှဟု ဆိုနိုင်သည့် ၃ သိန်းခွဲ ၄ သိန်းအကြားသာရှိသည့် ပြည်နယ်တခုဖြစ်သည်။
သို့ရာတွင် တောင်ဘက်တွင် ကရင်ပြည်နယ်၊ အနောက်ဘက်တွင် ပဲခူးတိုင်းနှင့် အနောက်မြောက်တွင် ပျဥ်းမနား နေပြည်တော် ကောင်စီနယ်မြေတို့နှင့် လမ်းလျှောက်လျှင် တရက်ခရီးအကွာတွင် ရှိသည့် ပြည်နယ်ဖြစ်ကာ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနယ်နိမိတ် ထိစပ်နေခြင်းက ထောက်ပံ့ပို့ဆောင်ရေးနှင့် အရေးပေါ် ခိုလှုံရာ အိမ်နီးချင်းနိုင်ငံ တည်ရှိခြင်းတို့က ကရင်နီပြည်နယ် အတွက်အခွင့်သာစေသည်ဟု ဆိုရမည်ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ စစ်ရေးအရ လှုပ်ရှားလာသည့် ပြည်နယ်၊ တိုင်းဒေသများအနက် ကရင်နီပြည်နယ်က နိုင်ငံရေးအရ ရှေ့ရောက်နေသည်ဟု ဆိုကမှားမည်မထင်ပါ။ သို့သော် အဆိုပါ နိုင်ငံရေး ခရီးအတွက် ပေးဆပ်ရသည့် အရင်းအနှီးက ကြီးမားသည်ကို ချန်လှပ်၍မဖြစ်နိုင်ပါ။ လူဦးရေ သုံးသိန်းခွဲကျော်ရှိသည့်အနက် ၂ သိန်းကျော် ၂ သိန်းခွဲနီးပါးက မိမိတို့ နေအိမ်မှာ မနေနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေရသည့် အချက်က မြန်မာနိုင်ငံဘယ်ဒေသနှင့်မှ မနှိုင်းယှဥ်နိုင်သည့် အမြင့်ဆုံးကိန်းဂဏန်း ဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားသေဆုံးမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဒုက္ခသည်စခန်းများတွင် နေထိုင်ရသည့် ဒေသခံများ ကျန်းမာရေးဆိုင်ရာ ရောဂါခံစားရမှုများ၊ ရိက္ခာမလုံလောက်မှုများက ထူးခြားသည့် သတင်းများအဖြစ် မမှတ်ယူလောက်အောင် ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ဖြစ်နေကျ အဖြစ်အပျက်များသဖွယ် ဖြစ်နေခဲ့ပြီဖြစ်သည်။ ပညာရေး အနေနှင့်လည်း ထွက်ပြေးတိမ်းရှောင်ရင်း ရောက်ရှိသည့် အနေအထားအောက်တွင် ထူထောင်ထားသည့် ပညာရေး သင်ကြားမှုမျိုးသာရှိပြီး ပုံမှန်ပညာရေး ကို သင်ယူခြင်းမပြုနိုင်သည်မှာ ကိုဗစ်ကာလနှင့်ပေါင်းလျင် ၃ နှစ်ကျော်လာပြီ ဖြစ်သည်။
တိုက်ပွဲများအတွင်းနှင့် လေကြောင်းတိုက်ခိုက်မှု၊ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုအတွင်း အသက်ဆုံးရှုံးမှုများ၊ အသက်ကြီးရင့်သူများ ဆေးကုသခွင့် မရသဖြင့် အသက်ဆုံးမှုများ၊ လူငယ်များ၏ ပညာသင်ကြားခွင့် ဆုံးရှုံးမှုများ စသည့်တန်ဖိုးများက တိုင်းတာ၍ ခက်ခဲသည့် တန်ဖိုးများဖြစ်ပြီး ယခု ဖွဲ့စည်းလိုက်သည့် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အနေနှင့် အဆိုပါ ဆုံးရှုံးမှုများကို တတ်နိုင်သမျှ လျော့ကျအောင်၊ ပညာရေး ကျန်းမာရေး စောင့်ရှောက်မှု စသည့် လူထုဝန်ဆောင်မှုလုပ်ငန်းများကို ယခုလို တိုက်ခိုက်ရေး နှင့် လုံခြုံရေးကို ဦးစားပေးနေရသည့် အခြေအနေအောက်တွင် မည်သို့မည်ပုံ ဖော်ဆောင်မည်လည်း ဆိုသည့် စိမ်ခေါ်မှုများကို ရင်ဆိုင်ကာ ကိုင်တွယ်ဖြေရှင်းဖို့ အခြေအနေက စောင့်မျှော်နေသည့်အလားဖြစ်ပေလိမ့်မည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar