Breaking News

သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမ စာမျက်နှာ (၁)

Colonel David Stirling with a patrol of Special Air Service (SAS) men

သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမ စာမျက်နှာ (၁)

(မိုးမခ) ဇွန် ၁၅ ၊ ၂၀၂၃


ဗြိတိန်နိုင်ငံရဲ့ ကမ္ဘာကျော် SAS တပ်ဖွဲ့ကို အပေါ်ယံမြင်ကြည့်လိုက်ရင် ‘SAS ဆိုမှတော့လည်း ဒီလို လုပ်နိုင်ကိုင်နိုင်မှာပေါ့’လို့ ခပ်လွယ်လွယ် ထင်မှတ်ချင်စရာပါ။ တကယ်တော့ စတင်ဖွဲ့စည်းချိန်ကာလကို ပြန်လှည့်ကြည့်လိုက် ရင် အခုခေတ်နိုင်ငံတကာ အထူးတပ်ဖွဲ့များလို အရင်းအမြစ် ပြည့်ပြည့်စုံစုံ ရှိခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒီကြား ထဲကမှ မှတ်တမ်းတင်ယူရလောက်တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ကြတာပါ။ SAS ရဲ့ အစပထမ ကနဦးဖြစ်ရပ်တွေကနေ စိတ်ဝင်စားစရာ သင်ခန်းစာယူစရာ များစွာရှိတယ်လို့ ယူဆပါတယ်။

‘အထူးစစ်ဆင်ရေးတပ်ဖွဲ့များရဲ့အစ SAS က’လို့ ဆိုရလောက်အောင် နိုင်ငံတကာက အထူးတပ်ဖွဲ့တွေထဲမှာ ဗြိတိန်နိုင်ငံရဲ့  ‘Special Air Service’ (SAS) က အစောဆုံး ကျပါတယ်။ သူ့နောက်ပိုင်းမှာမှ ယူအက်စ်ရဲ့ နံမည်ကျော် Delta Force, Navy SEALs တို့ အပါအဝင် ဩစတြေးလျ SAS, အစ္စရေး Sayeret Matkal အစရှိတဲ့ ထိပ်တန်းနာမည်ကြီး တပ်ဖွဲ့များက SASကို နမူနာယူ ဖွဲ့စည်းထားကြတာပါ။

နောင်မှာ ‘ဆာ’ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရတဲ့ ဗိုလ်မှူးကြီး ‘ဒေးဗစ်စတာလင်’ (Colonel David Stirling) ကို SAS တည်ထောင်သူအဖြစ် လူသိများကြပါတယ်။ သူဟာ ထင်ပေါ်ကျော်ကြား အရှိန်အဝါလည်းရှိတဲ့ စကော့တလန် ဆွေကြီးမျိုးကြီးထဲက ပေါက်ဖွားလာသူ တဦးလည်း ဖြစ်ပါတယ်။ ‘ကင်းဘရစ်’တက္ကသိုလ် တပိုင်းတစ ကျောင်းထွက်၊ ပဲရစ်မှာ ပန်းချီသွားသင်ပြန်တော့လည်း ထူးထူးချွန်ချွန် မဖြစ်၊ ဗိသုကာနယ်ပယ်ထဲ ဝင်တဲ့အခါမှာလည်း မအောင်မြင်၊ အိပ်မက်ကြီးကြီး မက်တတ်သူပီပီ ပထမဆုံး ဧဝရက်တောင်ထိပ် ရောက်သူဖြစ်နိုင်ဖို့ ဆွစ်ဇလန်မှာ တောင်တက်အတွေ့အကြုံတွေ သွားယူခဲ့သေးပေမယ့် ဒါလည်း မဖြစ်မြောက်ခဲ့ပြန်ပါဘူး။

ဒုတိယကမ္ဘာစစ် ဖြစ်လာတော့ ‘စတာလင်’ စစ်ထဲ ဝင်ခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာ စွန့်စားရတာ နှစ်သက်သူက ကွန်မင်ဒို ဗိုလ်အဆင့် ဖြစ်လာပြီးနောက် စနစ်မကျ သင်ယူမထားဘဲ လေထီးခုန်ဖို့ စမ်းသပ်ကြည့်ရာကနေ ဒဏ်ရာအကြီးအကျယ် ရရှိသွားခဲ့တယ်။ ဒီဒဏ်ရာကြောင့် ကိုယ်တပိုင်းသေမလို ဖြစ်ခဲ့လို့ ဆေးရုံတက်နေတုန်း ရရှိခဲ့တဲ့ သူ့ရဲ့ စိတ်ကူးက SAS ကို မွေးဖွားပေးခဲ့တယ်လို့ ‘စတာလင်’ ပြောခဲ့ဖူး‌ပါတယ်။

နောက်ခံသမိုင်းအကျဉ်း

၁၉၄၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့မှာ ဖက်ဆစ်အီတလီက ဗြိတိန်နဲ့ ပြင်သစ်ကို စစ်ကြေညာပြီး နာဇီ ဂျာမနီဘက်က ရပ်တည်လိုက်ခြင်းက ဝင်ရိုးတန်း အင်အားစုကို ပိုအင်အားတောင့်တင်းလာစေခဲ့ပါတယ်။ အကျိုးဆက်ကတော့ မဟာမိတ်တပ်ဖွဲ့တွေ အနေနဲ့ အာဖရိကမြောက်ပိုင်း စစ်မျက်နှာပြင်ကို ခုခံကာကွယ်နိုင်ဖို့ အပြင်းအထန် ကြိုးစားခဲ့ကြရပါတယ်။

အဲဒီအချိန်က အီဂျစ်နဲ့ သူ ပိုင်တဲ့ မဟာဗျူဟာ အချက်အချာကျတဲ့ ‘စူးအက်တူးမြောင်း’ (Suez Canal)ဟာ ဗြိတိန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့် နိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေတဲ့ လစ်ဗျားနယ်မြေများစွာကတော့ ဖက်ဆစ် အီ တလီရဲ့ လက်ထဲမှာပါ။

မြေထဲပင်လယ်နဲ့ ပင်လယ်နီကို ဆက်သွယ်ထားတဲ့ စူးအက်တူးမြောင်းကြောင့် ‘လန်ဒန်-ဘုံဘေ’ရေကြောင်းလမ်း ခရီးဟာ ၄,၄၆၀ မိုင်ခန့် တိုတောင်းသွားစေခဲ့လို့ မဟာမိတ်များအတွက် ဥရောပ-အာရှ လမ်းကြောင်းမှာ အလွန် အရေးကြီးပါတယ်။ စူးအက်တူးမြောင်းဟာ အရှေ့နဲ့ အနောက် ရေကြောင်းဆက်သွယ်ရေးခရီးကို မြန်ဆန်စေခဲ့ပြီး အာဖရိက တောင်ပိုင်းဘက်က ပတ်သွားဖို့ မလိုအပ်တော့လို့ အီဂျစ်နဲ့ စူးအက်တူးမြောင်းကို လက်မလွတ်ရစေဖို့ ဗြိတိသျှတပ်တွေက အပြင်းအထန် ကာကွယ်ဖို့ ကြိုးစားကြပါတယ်။

မာရှယ် ‘ဂရာဇီယာနီ’ (Marshal Rodolfo Graziani)ဦးဆောင်တဲ့ အီတလီတပ်ဖွဲ့တွေရဲ့ အီဂျစ်ထိုးစစ်က ၁၉၄၀ ပြည့်နှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ အဲဒီဒေသမှာ အင်အားအရေအတွက်ရဆိုရင် အီတလီက ဗြိတိသျှနဲ့ မဟာမိတ် ဓနသဟာယတပ်ဖွဲ့များနဲ့ ယှဉ်ရင် (၄:၁) ထက် အင်အားပိုများပါတယ်။ ဒါပေမဲ့ မဟာမိတ်တပ်များရဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‘အာချီဘောလ် ဝေဗဲလ်’ (Archibald Wavell) ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် အီတလီတပ်တွေ အရေးနိမ့်ခဲ့ရပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ‘ချာချီ’ကလည်း ဒီဒေသက အလွန်အရေးကြီးတာကြောင့် အင်အားဖြည့်တင်းပေးမှု များစွာ ပြုလုပ်ပေးခဲ့ပါတယ်။

အာဖရိကမြောက်ပိုင်း စစ်မျက်နှာရဲ့ အရေးပါပုံကို သဘောပေါက်ကြတဲ့ နာဇီတို့က ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ရောက်တဲ့အခါမှာတော့ ဂျာမန် စစ်ဗိုလ်ချုပ်ကြီး ‘အာဝင်ရွန်းမဲလ်’(Erwin Rommel)ကို ‘လစ်ဗျား’ စေလွှတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ အဲဒီအချိန်က အသက် (၅၀) အရွယ်သာရှိသေးပေမယ့် ရွန်းမဲလ်’ရေးသားခဲ့တဲ့ ‘Infantry Attacks’ (၁၉၃၇) ဆိုတဲ့ စာအုပ်ဟာ စစ်ပညာပြဋ္ဌာန်းစာအုပ်အဖြစ် နာမည်ကျော်နေပြီး ‘ဟစ်တလာ’ရဲ့ မျက်စိကျခြင်းခံခဲ့ရသူတဦး ဖြစ်နေပါပြီ။

သူဟာ ပထမကမ္ဘာစစ်အတွင်းကလည်း စစ်ရေးစွမ်းရည်အတွက် ‘Pour-le-Merite’လို မြင့်မားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့မျိုး ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အာဖရိကမြောက်ပိုင်း စစ်မျက်နှာရောက်လာပြန်တော့ မဟာမိတ်တပ်တွေကို ကောင်းစွာဒုက္ခပေးနိုင်သူတဦး ဖြစ်လာပြီး ‘ကန္တာရမြေခွေး’ ဆိုပြီး နာမည်ကြီးလာခဲ့ပါတယ်။

‘ရွန်းမဲလ်’ဟာ အီတလီတပ်ဖွဲ့တွေ သက်သာစေဖို့ ကူတိုက်တဲ့တာဝန်အပြင် အီဂျစ်နဲ့ စူးအက်တူးမြောင်းကိုလည်း သိမ်းပိုက်လိုတဲ့ စိတ်ကူးပါရှိနေပါတယ်။ ဒီလိုနဲ့ ‘ရွန်းမဲလ်’ရဲ့ ထိုးစစ်တွေကြောင့် မဟာမိတ်တပ်ဖွဲ့တွေ ဆုတ်ခွာရတာတွေရှိလာပြီး တားဆီးရခက်တဲ့ အခြေအနေတွေ ကြုံလာရပါတယ်။ ဒီအချိန်မှာ အထက်က ဖော်ပြခဲ့တဲ့ စစ်ဆေးရုံပေါ်က အသက် (၂၅) အရွယ် ဗိုလ်‘ဒေးဗစ်စတာလင်’က သူ့ရဲ့ လေထီးခုန်အတွေ့အကြုံနဲ့ အာဖရိကမြောက်ပိုင်း စစ်မျက်နှာအကြောင်းကို ဆက်စပ်တွေးတောပြီး ‘ကန္တာရမြေခွေး’ကို ပြန်ဒုက္ခပေးဖို့ ကြံစည်နေပါတယ်။

ပုံမှားရိုက်ခြင်းဖြင့် သန္ဓေတည်၍ လှည့်စားခြင်းဖြင့် ကြီးပြင်းခြင်း

ဆေးရုံတက်နေရခြင်းကပဲ ဂျာမန်၊ အီတလီတပ်တွေရဲ့ အခင်းအကျင်းကို မြေပုံများကနေ အသေးစိတ်ကြည့်ပြီး စဉ်းစားတွက်ဆမှုတွေ လုပ်နိုင်တဲ့ အခွင့်အရေး ရရှိခဲ့တယ်လို့ ‘စတာလင်’က အင်တာဗျူးတခုမှာ ပြောထား ပါတယ်။ လေထီးခုန်ဒဏ်ရာနဲ့ ဆေးရုံပေါ် ရောက်ခဲ့ပေမယ့် အဆိုးထဲက အကောင်းဆိုသလို SAS တပ်ဖွဲ့သစ် အိုင်ဒီယာ ပေါ်ပေါက်လာခဲ့တာပါ။

‘စတာလင်’ခေါင်းထဲ ဝင်လာတာက ရန်သူရဲ့နောက်ကြောင်းကို လေထီးခုန်ဆင်းပြီး စစ်ဆင်ရေး ပြုလုပ်ဖို့ပါ။ ‘ရွန်းမဲလ်’ထိုးစစ်ရှေ့တိုးလေလေ နောက်အထိုင်စခန်းတွေနဲ့ ပိုဝေးသွားလေလေဖြစ်ပြီး ထောက်ပံ့ရေးလမ်းကြောင်းလည်း ပိုရှည်လာတာကို အခွင့်အရေးတရပ်အဖြစ် သူက မြင်ခဲ့ပါတယ်။ စစ်ဆင်ရေးသစ်အနေနဲ့ နောက်ကျောဘက်ကို ကျော်ဝင်ပြီး ဖျက်ဆီးနှောင့်ယှက်မှုတွေ ပြုလုပ်ဖို့ အခွင့်အလမ်းလို့ တွက်ဆပါတယ်။ မဟာမိတ်တပ်ဖွဲ့တွေကို အကြီးအကျယ် ဒုက္ခပေးနေတဲ့ လေတပ်စခန်းတွေကလည်း အဲဒီနေရာတွေမှာ ရှိနေပါတယ်။

ရင်ဆိုင်တိုက်ပွဲ မဟုတ်တဲ့အတွက် ကွန်မန်ဒိုတပ်များလို အင်အားအများအပြား မလိုအပ်ဘဲ ၄-၅ယောက် အဖွဲ့လေးတွေနဲ့ ပစ်မှတ်ကြီးကြီးတွေ ဥပမာ ရပ်နားထားတဲ့ လေယာဉ်တွေ၊ ဆီသိုလှောင်ရုံ၊ လက်နက်ခဲယမ်း သိုလှောင်ရုံတွေကို တညတည်းမှာ နေရာများများ တပြိုင်နက် ချိန်ကိုက်ဖောက်ခွဲ ဖျက်ဆီးနိုင်ဖို့ သူက ရည်ရွယ်ထားပါတယ်။

အဲဒီကာလက တိုက်ခိုက်လေ့ရှိကြတဲ့ စစ်ဗျူဟာ သဘောသဘာဝအရ များသောအားဖြင့် သမားရိုးကျ နှစ်ဖက် စစ်တပ်တွေ စစ်မျက်နှာပြင်မှာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်လေ့သာ ရှိကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဒီလိုရန်သူကို အလစ်အငိုက် နောက်ကျောက ဝင်တိုက်ခိုက်ဖို့ သိပ်မစဉ်းစားကြသေးသလို မစ်ရှင် ဆောင်ရွက်မယ့် အထူးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကိုလည်း အရေးတယူ ထည့်တွက်မထားကြသေးတဲ့ အချိန်ပါ။ သမားရိုးကျ စစ်ဆင်ရေးများနဲ့ အသားတကျ ဖြစ်နေတဲ့ စစ်ရုံးချုပ်က ဗျူရိုကရက် စစ်အရာရှိကြီးများထဲမှာ ဒီလို စစ်ဆင်ရေးပုံစံသစ်ကို ဘဝင်မကျတဲ့သူတွေရှိတယ်လို့ ဖော်ပြထားတာတွေလည်း ရှိပါတယ်။

ဒီအတွက် ‘စတာလင်’ သဘောပေါက်ထားတာက သူ့ရဲ့ ပရောဂျက်ပရိုပိုဆယ်ကို စစ်ဦးစီးချုပ်ဆီကို တိုက်ရိုက် ရှင်းပြခွင့်ရမှသာ ဖြစ်လာနိုင်ခြေရှိတယ် ဆိုတာကိုပါ။ ဒါမှမဟုတ်ရင်တော့ ပယ်ချမယ့်သူက ခပ်များများလို့ တွေးထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသလို အမြဲတစေ ကြီးကြီးမားမားတွေသာ စဉ်းစားလေ့ရှိတဲ့ အရာရှိငယ် ‘စတာလင်’ စစ်ရုံးချုပ်ထဲ ခွင့်ပြုလက်မှတ်မပါဘဲ လှည့်ဖြားဝင်ရောက်သွားတာကတော့ ဝတ္ထုဆန်တယ်လို့ပဲ ပြောရပါလိမ့်မယ်။

တွေ့ဆုံဖို့ ချိန်းဆိုထားခြင်းလည်း မရှိ၊ ဝင်ရောက်ခွင့် လက်မှတ်လည်း မပါတဲ့ ‘စတာလင်’ကို အဝင်ဝမှာပဲ တာဝန်ကျ အစောင့်များက ဝင်ခွင့်မပေးခဲ့ပါဘူး။ လွယ်လွယ်နဲ့ လက်မလျှော့တတ်တဲ့ ‘စတာလင်’က အလစ်မှာ သူ့ရဲ့ ချိုင်းထောက်တွေကို လှေကားလို အသုံးပြုပြီး နံရံကျော်တက် ဝင်ရောက်ခဲ့တယ်လို့ သူ့ရဲ့ အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။ ၆ ပေခွဲ ပတ်ဝန်းကျင် အရပ်အမောင်းကိုလည်း ကောင်းကောင်း အသုံးချလိုက်တဲ့ပုံပါပဲ။

စစ်ရုံးထဲမှာလည်း ပုံမှားရိုက်ရင်း ဟိုအခန်းဝင် ဒီအခန်းထွက်နဲ့ နောက်ဆုံး ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး (ဆာ)‘နေးလ်ရစ်ချီ’ (Sir Neil Ritchie) အခန်းထဲ ခိုးဝင်ခွင့် ရခဲ့ပါတယ်။ ကံကောင်းချင်တော့ ‘စတာလင်’ရဲ့ စစ်ဆင်ရေး ပုံစံသစ်ကို သူက စိတ်ဝင်စားပုံရသွားပြီး ရက်အနည်းငယ်အကြာမှာ ရာထူးသစ်ခန့်အပ်ခံရတာ မကြာသေးတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး(ဆာ)’ကလောဒ့် အော်ခင်လက်’ (Sir Claude Auchinleck) နဲ့ပါ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အဲဒီနောက်မှာ အရာရှိ ၆ ယောက်၊ အခြားအဆင့် တပ်ဖွဲ့ဝင် ၆၀ ယောက် ပါတဲ့ တပ်ဖွဲ့သစ် ဖွဲ့စည်းခွင့် ‘စတာလင်’ ရရှိလိုက်ပါတယ်။

အဲဒီကာလက ဝန်ကြီးချုပ် ‘ချာချီ’ကလည်း နာဇီဂျာမန်တွေ အသုံးပြုနေပြီဖြစ်တဲ့ လေထီးတပ်ဖွဲ့ပုံစံမျိုး ဗြိတိသျှတို့ဘက်မှာ အင်အားတခုအနေနဲ့ ရှိချင်နေသလို ကွန်မင်ဒို စစ်ဆင်ရေးမျိုးကိုလည်း အားပေးအားမြှောက် ပြုနေတဲ့အချိန်လို့ မှတ်သားဖူးပါတယ်။ ‘ချာချီ’ ရဲ့ တွန်းအားပေးမှုတွေကို ဗိုလ်ချုပ်ကြီးတွေ ခံနေရတဲ့ အချိန်လို့လည်း ဆိုရပါမယ်။

ဒီနေရာမှာ ထည့်ပြောလိုတာတခုက အထက်က စစ်ဗိုလ်ချုပ်ကြီးတွေကလည်း စကော့တလန် လူမျိုးတွေ ဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ‘စတာလင်’ရဲ့ ဖခင် ဗိုလ်မှူးချုပ် ‘အာချီဘောလ်စတာလင်’ (Brigadier General Archibald Stirling)နဲ့ မိတ်ဆွေများ ဖြစ်ကြတယ် ဆိုတာကိုပါ။ ဒါပေမဲ့ အဲဒါကြောင့် ‘စတာလင်’ရဲ့ ပရောဂျက်ကို ဒီဗိုလ်ချုပ်ကြီးတွေက စဉ်းစားပေးတယ်လို့တော့ မယူဆနိုင်ဘူးထင်ပါတယ်။ ဗြိတိသျှစစ်တပ်ရဲ့ ဒေသဆိုင်ရာ အကြီးတန်း စစ်ဦးစီးချုပ်များက စစ်ဆင်ရေးဗျူဟာ လိုအပ်ချက်အရသာပဲ ဆုံးဖြတ်ကြတာ ဖြစ်ပါလိမ့်မယ်။ ရေးသားထားချက်တွေကို မချန်လှပ်လိုလို့ ဖြည့်ရေးလိုက်ခြင်းပါ။

‘စတာလင်’က ပုံမှားရိုက်ခြင်း၊ လှည့်စားခြင်းတို့နဲ့ အသားတကျ ဖြစ်သလို ကံစပ်တယ်လို့လည်း ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ SAS ဆိုတာက သူ အမည်သစ်အနေနဲ့ ရလိုက်တာ မဟုတ်ပါဘူး။ အဲဒီကာလမှာ နာဇီ ဖက်ဆစ်တပ်တွေကို လှည့်စားဖို့ အယောင်ပြ လေထီးတပ်ဖွဲ့တခု ဖွဲ့စည်းထားပါတယ်။ အမည်သက်သက် လေထဲမှာပဲ ရှိတယ်လို့ ပြောနိုင်တဲ့ ‘First Special Air Service Brigade’ ပါ။ တကယ်ကတော့ ‘စတာလင်’ ရလိုက်တဲ့ တပ်ဖွဲ့နာမည်က ရန်သူကို ရှိန်နေစေဖို့ လှည့်စားပေးထားတဲ့ အထူးတပ်ဖွဲ့ နာမည်မျိုး ဖြစ်နေပါတယ်။

လေထီးဝတ်စုံဝတ် တပ်သားအနည်းအကျဉ်းရဲ့ ဓာတ်ပုံတွေ၊ အချက်အလက်အမှားတွေပါတဲ့ စာရွက်စာတမ်းတွေကို သတင်းသမားတွေနဲ့ ‘စပိုင်’လို့ ယူဆရမယ့်သူတွေကို တမင်ချပြပြီး ပုံမှားရိုက်ထားတဲ့ ‘ပထမ SAS အထူးတပ်မကြီး’ဆိုတဲ့ နောက်ကွယ်မှာ ဗိသုကာက ဗိုလ်မှူးကြီး ‘ဒတ်လေ ကလတ်ခ်’(Colonel Dudley Clarke) ဆိုသူ ရှိပါတယ်။ သူဟာ အဲဒီလို အစီအစဉ်မျိုးမှာ အထူးကျွမ်းကျင်တဲ့ ဉာဏ်ကြီးရှင် တယောက်လို့ သတ်မှတ်ထားကြပါတယ်။

သူက ‘SAS Brigade’ ဆိုတဲ့ နာမည်ကို တိုက်ရိုက်ပေးမသုံးသေးပါဘူး။ စတာလင်တို့ရဲ့ တပ်ဖွဲ့ကို ‘L Detachment’လို့ နာမည်ပေးလိုက်ပါတယ်။ SAS အထူးတပ်မကြီးရဲ့ L တပ်ဖွဲ့ယူနစ်တခုပေါ့၊ L ဆိုတာကလည်း ရှေ့မှာ A Detachment ကနေ K Detachment အထိ ယူနစ်များစွာ ဖွဲ့စည်းပြီးသား ဆိုတဲ့ အထင်ရောက်စေဖို့ပါ။ တကယ်တမ်းမှာ အဲဒီကာလက တပ်မတခုအတွက် ရှိရမယ့် ဖွဲ့စည်းပုံက ၅,၀၀၀ ရှိရမှာ ပါမယ်။ လက်တွေ့မှာက အမည်သာရှိတဲ့ SAS အ ထူးတပ်မရဲ့ အင်အားက စုစုပေါင်း ၆၆ ယောက်သာ ခန့်ခွင့်ရထားတဲ့ စတာလင်ရဲ့ ‘L Detachment’ တပ်ဖွဲ့ပါ။ ဒါ ဟာ SAS ရဲ့ မူလအစ၊ အော်ရီဂျင်နယ် SAS ပေါ်ပေါက်ခဲ့ပုံ ဖြစ်ပါတယ်။

ဒီလို သန္ဓေတည်မွေးဖွားခဲ့တဲ့ SAS ဟာ နောက်ပိုင်းမှာ ဂျာမန်စကား ပြောလိုက်၊ အီတာလျံစကား တလှည့်ပြောလိုက်နဲ့ ဂျာမန်၊ အီတလီတပ်တွေကို အယုံသွင်း လှည့်စား ပုံမှားရိုက် ချဉ်းကပ်မှုတွေသုံးပြီး ရှေ့ဆက်မစ်ရှင်တွေ ဆောင်ရွက်ခဲ့ကြတာကလည်း အဆန်းတကြယ် မဟုတ်ဘူးလို့ပဲ ဆိုရပါမယ်။

SAS ကြံ ဘာခံနိုင်မလဲ

ဒီလိုနဲ့ ကန္တာရမြေခွေး ‘ရွန်းမဲလ်’ရဲ့ စစ်ဆင်ရေးတွေကို နှောင့်ယှက်ဟန့်တားဖို့ ရာဂဏန်းတောင်မရှိတဲ့ ‘စတာလင်’တို့တပ်ဖွဲ့ လုပ်ငန်းစကြပါတယ်။ ပထမဆုံးက ‘ကိုင်ရို’နဲ့ (၁၆၀) ကီလိုမီတာ အဝေးလောက်မှာရှိတဲ့ သဲကန္တာရထဲက ‘ကဘရစ်’ (Kabrit) ဆိုတဲ့ စခန်းနေရာသစ်ကို သွားခဲ့ကြပါတယ်။ ဟိုရောက်တော့ တဲစခန်း ခပ်စုပ်စုပ် ၃ ခု၊ လော်ရီကားဟောင်း တစီးနဲ့ ခုံအနည်းအကျဉ်းကသာ စောင့်ကြိုနေပါတယ်။

SAS ဟာ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက အချိန်ယူ စီစဉ်ပြီး ဖွဲ့စည်းတည်ထောင်ပေးခဲ့တာ မဟုတ်တော့ သူ့သမိုင်းကို ပြန်လှည့်ကြည့်ရင် စဖွဲ့စည်းခါစမှာ ပံ့ပိုးမှု နည်းပါးခဲ့တဲ့အပြင် သူတို့အပေါ် မျှော်လင့်ချက် သိပ်ကြီးကြီးမားမားထားခဲ့ပုံလည်း မရပါဘူး။ စခန်းအတွက် တောင်းထားတဲ့ ရှိသင့်ရှိထိုက်တဲ့ ပစ္စည်းတွေက ရောက်မနေခဲ့ပါဘူး။ ဒါကို တွေ့ကြုံလိုက်ရတော့ ‘စတာလင်’တို့ တပ်ဖွဲ့ ဘာဆက်လုပ်ကြမယ် ထင်ပါသလဲ။ သမိုင်းမှာ SAS ဆိုပြီး ရေးထိုးခဲ့ကြမယ့် ‘ဇ’ရှိသူတသိုက်ဟာ လက်မှိုင်ချ စိတ်ပျက်သွားမယ်များ ထင်ပါသလား။

နောက်တနေ့မနက်မှာတော့ ‘စတာလင်’တို့ရဲ့စခန်းဟာ ပစ္စည်းအပြည့်အစုံ၊ စစ်စခန်းတခုရဲ့ အင်္ဂါရပ်အစုံအလင်နဲ့ အနီးတဝိုက် စခန်းတွေထဲမှာ အကောင်းဆုံးစခန်းတခုလို့ ပြောနိုင်တဲ့ အနေအထားကို ညတွင်းချင်း ရောက်သွားပါတယ်။ ထည့်ပြောရမှာတခုက အဲဒီတဝိုက်မှာ တာဝန်နဲ့ ခရီးထွက်သွားကြတဲ့ မဟာမိတ် ‘နယူးဇီလန်’ တပ်ဖွဲ့တွေရဲ့ စခန်းမှာတော့ ပြောင်သလင်းခါမတတ်ပဲလို့ ဆိုနိုင်ပါတယ်။ ရောက်ရောက်ချင်းညမှာ ‘စတာလင်’တို့ တပ်ဖွဲ့က ကားတွေ ဝင်လိုက်ထွက်လိုက် ပစ္စည်းအတင်အချတွေလုပ်ပြီး တော်တော်လေး အလုပ်ရှုပ်ခဲ့ကြပါတယ်။

ဒီဆောင်းပါးအတွက် အချက်အလက်တွေ ရှာဖွေနေတုန်းက ဗြိတိသျှစစ်တပ်မှာ စစ်မှုထမ်းခဲ့တဲ့ ဗိုလ်မှူးကြီး ‘တင်ကောလင်းစ်’ (Colonel Tim Collins) တင်ဆက်တဲ့ SAS အကြောင်း အစီအစဉ်တခုမှာ သူ ပြောခဲ့တဲ့ အဖွင့် မိတ်ဆက် စကားတချို့ကို ပြန်အမှတ်ရမိသွားပါတယ်။ ‘အံမဝင်ခွင်မကျ စည်းမျဉ်းဖောက်တတ်ကြသူတွေ’တဲ့။

ဝင်ရိုးတန်းတပ်တွေကို ကောင်းကောင်းဒုက္ခပေးဖို့ ဖွဲ့စည်းခဲ့တယ်ဆိုတဲ့ အထူးတပ်ဖွဲ့ SAS၊ နိုင်ငံတကာကတောင် နောက်ပိုင်း ပုံတူကူးချယူခဲ့ကြရတဲ့ အထူးတပ်ဖွဲ့ SAS၊ ဒီတပ်ဖွဲ့ကို ဘယ်လိုလူတွေနဲ့ ဖွဲ့ခဲ့ကြပြီး ဘယ်လို အထူးစစ်ဆင်ရေးတွေကို ဘယ်ပုံဘယ်နည်းနဲ့ လုပ်ခဲ့ကြပါသလဲ၊ တကယ်ရော ဖြစ်ဖြစ်မြောက်မြောက် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ကြပါရဲ့လား။

(ဆက်လက်ဖော်ပြပါဦးမည်)

သီအိုဇော်



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar