ကျော်မင်းထွန်း(NEW YORK) - နယူးယောက်
နယူးယောက်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဇွန် ၂၅၊ ၂၀၂၃
နယူးယောက်ဟာ
ဂီယာပြင်းပြင်းနဲ့
လီဗာတဗျင်းဗျင်းနင်းနေတယ်။
မြေအောက်ရထား မြေပေါ်ကားနဲ့
နယူးယောက်အသွေးအသားဟာ
ကလေးများများမွေးတဲ့ မိန်းကလေး
ဆေးပုလင်းမှားပြီး
သွေးသွင်းထားသလိုပဲ။
မြို့တလင်းဟာ ကင်းခြေများလိုရိုးတိုးရွတ
မြို့တွင်းမှာ လန်ထွက်အောင်လန်းကြ
Wall Street မှာ စတော့ညှိကြ
Time Square မှာ လိုင်းခွဲကြ
Liberty အပျိုမနဲ့ ဆိုကြကကြ
ဘယ်တော့မှ မအိပ်တဲ့
နယူးယောက်ပုံရိပ် သံစဉ်သစ်တွေ
ဂန္တဝင်နှစ်ရှည် ပေါက်ကွဲနေဆဲ။
ရုပ်ပိုင်းဆိုင်ရာဘဝ
စိတ္တဇတွေ တဖိတ်ဖိတ်ကျ
ဆယ်လူလာ ဝိုင်ယာထဲကလူတွေ
နယူးယောက်မြေမှာ
နဖူးမောက်နေတယ်။
နေရာတကာ..
ဖရုဿဝါစာစကား
နားနှစ်ဖက်မှာခါး
မချစ်လည်းညားရတဲ့ နယူးယောက်ခမျာ
မူးနောက်လာတာ ကြာလှပေါ့။
မျှော်လင့်ခြင်းအပိုင်းအစများ
ကောက်သင်းကောက်စားသလို လေလွင့်
မြေမြင့်လို့ရေတင့်တဲ့ နယူးယောက်ဟာ
ကမ္ဘာမှာ ဒူးမထောက်
အရူးတစ်ယောက်ပါကွယ်။
တို့အနောက်ရွာ...
နယူးယောက်ဟာ
ဂီယာပြင်းပြင်းနဲ့
လီဗာတဗျင်းဗျင်းနင်းနေတယ်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar