Breaking News

ကရင်နီဒေသက နောက်တဆင့်တက်လာတဲ့ စစ်ရေးမဟာဗျူဟာ


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၄ မြင်ကွင်း

(မိုးမခ) ဇွန် ၂၅၊ ၂၀၂၃


ကရင်နီဒေသက နောက်တဆင့်တက်လာတဲ့ စစ်ရေးမဟာဗျူဟာ 

ကယားပြည်နယ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ခေတ်ကတည်းက တရားဝင် ခေါ်ဆိုခဲ့ပေမယ့် ဒေသရဲ့ နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းတွေက ကရင်နီဒေသလို့ ခေါ်ဆိုကြတဲ့ ဒေသမှာ ခုရက်ပိုင်း စစ်ရေး လှုပ်ရှားမှုတွေ ပိုမိုများပြားလာပြီး စစ်ကောင်စီဆန့်ကျင်ရေး အင်အးစုတွေဖြစ်တဲ့ ကေအန်ပီပီ၊ ကေအန်ဒီအက်ဖ် နဲ့ ယခင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့ပြီး ယခုအခါ နဂို နာမည်ဖြစ်တဲ့ ကလလတ (ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး) တို့က ကရင်နီဒေသရဲ့ သံလွင်မြစ် အရှေ့ဘက်ခြမ်းက နယ်မြေတွေကို စစ်ရေးအရ ထိန်းချုပ်ဖို့ မဟာဗျူဟာ ချမှတ်ပြီးတိုက်ခိုက်လာနေတာ ပုံစံပေါ်လာနေတာ တွေ့ရပါတယ်။ 

ထိုင်းနိုင်ငံ မဲဟောင်းဆောင်နဲ့ ဆက်သွယ်တဲ့ လမ်းကြောင်းပေါ်ရှိတဲ့ မယ်စဲ့မြို့က ရဲစခန်း နဲ့ ထိုင်းမြန်မာနယ်ခြားက စစ်ကောင်စီရဲ့ နယ်စပ်ခြေကုပ်စခန်းတွေကို ခုရက်ပိုင်းအတွင်း သိမ်းယူခဲ့ကြတဲ့အကြောင်း သတင်းတွေထဲ ဖတ်ရှုရမှာဖြစ်ပါတယ်။ 

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နအဖ စစ်အစိုးရက အပစ်ရပ်အဖွဲ့အချို့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းစေခဲ့တဲ့အထဲ ကရင်နီဒေသမှာ အခြေစိုက်တဲ့ ကလလတ အဖွဲ့လည်း ပါဝင်တာဖြစ်ပါတယ်။ ကလလတ နဲ့အတူ ကယန်းပြည်သစ်ပါတီ လက်နက်ကိုင် အဖွဲ့လည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့ကြတာ ဖြစ်ပါတယ်။ 

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ ကလလတ နဲ့ ကယန်းပြည်သစ်ပါတီတို့ဟာ စစ်အာဏာသိမ်းအပြီးမှာတော့ ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်တွေလို စစ်ကောင်စီတပ်နဲ့ တွဲဖက်တိုက်ခိုက်တာတွေ မလုပ်ကြဘဲ ခပ်ဝေးဝေး နေခဲ့ကြပြီးနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲလုပ်ဆောင်လာကြတယ်လို့ ဆိုနိုင်ပါတယ်။ 

နယ်မြေအကျယ်အဝန်းအရရော လူဦးရေအရပါ သိပ်မများလှတဲ့ ကရင်နီဒေသဟာ ကရင်ပြည်နယ်နဲ့ ထိစပ်နေတာ၊ ထိုင်းနိုင်ငံနဲ့ နယ်စပ်ထိစပ်နေတာတွေက လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အတွက် အရေးပါတဲ့ ဒေသတခုလို့လည်း ဆိုနိုင်ပါတယ်။ အခြားတဖက်မှာ  မိုးဗြဲ ပင်လောင်းကနေ နေပြည်တော်ဘက်ဆီကို မိုင်၄၀/၅၀ လောက်သာ အကွာအဝေးရှိတာမို့လို့ မဟာဗျူဟာအရ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မြို့တော်နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ဒီလို မဟာဗျူဟာ အရအရေးထားရမယ့် အချက်အလက်တွေကို သိရှိထားပြီးဖြစ်မှာ သေချာပါတယ်။ ဒါကြောင့်လည်း ကရင်နီဒေသကို တကြိမ်ပြီးတကြိမ် အင်အားစုစည်းပြီး ထိုးစစ်ဆင်တာတွေ ဖြတ် ၄ ဖြတ် ဖြတ်တောက်တာတွေ လုပ်ဆောင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း အများအပြားလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိလည်း ထိုးစစ်တွေ ဖြတ်တောက်မှုတွေ အပြင်းအထန်အောက်မှာ ကရင်နီဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေက ထိတွေ့တိုက်ပွဲ ချွေတဲ့ တိုက်ပွဲတွေကနေ နေရာယူ၊ စခန်းသိမ်းယူတဲ့ တိုက်ပွဲ၊ မယ်စဲ့မြို့ကို ထိန်းချုပ်တဲ့ မြို့သိမ်းတိုက်ပွဲလို အဆင့်ကို တဆင့်တက်ဖို့ကြိုးစားလာကြတာ ဖြစ်နိုင်ပါတယ်။ ကရင်နီဒေသရဲ့ လူဦးရေ ထက်ဝက်ကျော်လည်း နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင် နေကြရတာ နှစ်နဲ့ချီရှိလာနေပြီဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ကောင်းစွာမလုပ်ကိုင်နိုင်ကြတဲ့ အနေအထားက နှစ်ရှည်ကြာလာရင် ဒုက္ခသည်စခန်းတွေမှာ ကျွေးမွေးစောင့်ရှောက်ဖို့ တာဝန်တွေ ပိုပိလာနိုင်တာလည်း ဖြစ်ပါတယ်။ စစ်ရေး လှုပ်ရှားမှုတွေက ဘယ်လောက်အချိန်ရမလဲ ဆိုတဲ့မေးခွန်းမှာ စစ်တိုက်ခိုက်နိုင်ဖို့ လက်နက်၊ ငွေကြေးလိုအပ်သလို ဒေသခံတွေရဲ့ နေထိုင်ရေး၊ ကျွေးမွေးရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရိက္ခာ စတာတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တာဝန်အဖြစ်နဲ့ ရောက်ရှိလာမှာဖြစ်လို့ ဒုက္ခသည် စောင့်ရှောက်ရေး စီစဥ်ဆောင်ရွက်ရေး အတွက်လည်း လက်နက်ကိုင် အဖွဲ့တွေမှာ တာဝန်ရှိနေတဲ့သဘော ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်ကတော့ ဒေသခံ လူထုကို စောင့်ရှောက်ရေး၊ အန္တရာယ် မကျရောက်အောင် သတိထားပြီး စစ်ဆင်ရေး လုပ်တာမျိုးမဟုတ်ပဲ၊ ဒေသခံတွေကို ရန်သူ ထောက်ခံသူ၊ ရန်သူအားပေးသူလို့ မှတ်ယူပြီး ဒုက္ခရောက်အောင် မဟာဗျူဟာ နည်းဗျူဟာ ချမှတ်လုပ်ဆောင်လေ့ရှိတာဖြစ်ပါတယ်။ ဒေသခံတွေကို တဖက်က ဂရုစိုက်နေရတဲ့ အခြေအနေ၊ ဒေသခံတွေရဲ့ ရွှေ့ပြောင်းရေး ရိက္ခာစုဆောင်းရေးတွေ ခက်ခဲအောင် စစ်ရေးတင်မက ရိက္ခာ အစားအသောက် ဆေးဝါးပါ သယ်ယူတာတွေ ပိတ်ဆို့တဲ့နည်းနဲ့ တိုက်ခိုက်နေတာလည်း တွေ့နေရတာဖြစ်ပါတယ်။ 

ဒီအချက်တွေကို ကြည့်ရင် ကရင်နီဒေသ လွတ်မြောက်ရေးအတွက် အချိန်အားဖြင့် နှစ်အတန်ကြာ အချိန်ယူတိုက်ခိုက်ဖို့ ထက် ၆ လ တနှစ်အတွင်း အများဆုံး ၂ နှစ်လောက်အတွင်းမှာ ရေချိန် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်အောင် အချိန်ကာလအများကြီး မရနိုင်တာလည်း သဘောပေါက် နားလည်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar