ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၈)

အင်္ဂလိပ်သစ္စာခံကို လွတ်လပ်ရေးတိုင်တွင် တုပ်နှောင်ထားပုံ
ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၈)
(မိုးမခ) ဇွန် ၂၇ ၊ ၂၀၂၃
“Disobedience is the true foundation of liberty. The obedient must be slaves.”
(Henry David Thoreau)
"မနာခံခြင်းက လွတ်လပ်မှု၏ အုတ်မြစ်အမှန် ဖြစ်သည်။ နာခံခြင်းက ကျွန်သက် ရှည်စေသည်။"
(ဟင်နရီ ဒေးဗစ် သရိုး)
တော်လှန်ရေးဆိုတာ စိတ်ကူးယဥ်အိပ်မက် မက်နေတာ မဟုတ်ဘဲ အိပ်မက်တွေ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ရတာပါ။ တန်ဖိုးရှိတဲ့အရာ မှန်သမျှ လွယ်လွယ်ကူကူ မရနိုင်ဘူးဆိုတဲ့ အမှန်တရားကို လက်ခံထားပါမှ စိတ်ပျက်တာတွေ၊ အားလျှော့တာတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
တော်လှန်ရေးကို ဦးဆောင်သူများအနေနဲ့လည်း အခြေအနေမှန်ကို သုံးသပ်နိုင်တဲ့ ဉာဏ်အမြော်အမြင်ရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်တစ်ခုကို တည်ဆောက်မယ့်သူတွေ၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတွေက သာမန်ပြည်သူလူထုထက် ဦးနှောက်ပိုကြီးဖို့ လိုပါတယ်။ မဟုတ်ရင် ကိုယ့်ရဲ့ ဉာဏ်ရည်နိမ့်လို့ဖြစ်စေ၊ ကိုယ်ကျိုးကို ဦးစားပေးမိလို့ဖြစ်စေ အာဏာရှင်တွေရဲ့ ပရိယာယ်အောက်မှာ ကားနေအောင် ခံရတတ်ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာ အာဏာရှင်တွေရဲ့ လှည့်ကွက်ထဲ ရောက်မှန်းမသိ ရောက်နေသူတွေ ရှိပါတယ်။ ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေး စတဲ့ နားထောင်လို့ကောင်းတဲ့ ခေါင်းစဥ်တွေနဲ့ လူထုကို ဝေဝါးအောင် လုပ်နေသူတွေ၊ အာဏာရှင်ရဲ့ ရွေးကောက်ပွဲကို မျှော်နေသူတွေ၊ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ စကားကို တွင်တွင်ပြောနေသူတွေက တော်လှန်ရေးကို ရှေ့ရောက်အောင် တွန်းပို့သူတွေ မဟုတ်ပါဘူး။ တချို့အရာတွေက အာဏာရှင်ကို တရားဝင်အောင် ဝိုင်းပြီးကူညီနေကြတာပါ။
တံဆိပ်ခေါင်းဥပဒေကို ဆန့်ကျင်ပုံ |
အာဏာလက်မဲ့ ဖြစ်တော့မယ့် အင်္ဂလိပ်အစိုးရဟာ အမေရိကန် ကိုလိုနီနယ်တွေကို ဆက်လက်အုပ်ချုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းသလို ကိုလိုနီနယ်တွေဆီက အကျိုးအမြတ်ရဖို့လည်း ကြိုးပမ်းပါတယ်။ ၁၇၆၅ ခုနှစ်မှာ တံဆိပ်ခေါင်းဥပဒေကို ပြဋ္ဌာန်းပြီး အခွန်တော်တံဆိပ်ခေါင်း ရောင်းချပါတယ်။ ဒီဥပဒေအရ ကိုလိုနီနယ်သားတွေဟာ အခွန်ပေးဆောင်ဖို့ အခွန်တံဆိပ်ခေါင်းကို ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဒီအခါ ကိုလိုနီနယ်သားများက အခွန်တံဆိပ်ခေါင်း ရောင်းချသူတွေကို အနှောင့်အယှက်ပြုကြပြီး တံဆိပ်ခေါင်းဥပဒေရဲ့ အကျိုးဆက်တွေကို လူထုသိအောင် လှုံ့ဆော်ပါတယ်။ ဗြိတိသျှကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြတဲ့အပြင် အခွင့်အရေးများ၊ မကျေနပ်ချက်များကို ထုတ်ဖော်ခဲ့ကြပါတယ်။
ဘော်စတွန်လူသတ်ပွဲ |
နောက် ၂ နှစ်လောက်အကြာမှာ ကိုလိုနီနယ် အုပ်ချုပ်မှုအသုံးစရိတ်အတွက် အခွန်ကောက် ရန်ပုံငွေရှာတဲ့ ဥပဒေအမျိုးမျိုး ထပ်မံပြဋ္ဌာန်းပြန်ပါတယ်။ ကိုလိုနီနယ်သားတွေက သူတို့ သဘောတူပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ မဟုတ်တာကြောင့် သပိတ်မှောက်ကြပါတယ်။ ၁၇၇၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့မှာ လူသုံးလေးရာလောက်ရှိတဲ့ ဆန္ဒပြလူစုက ဘော့စတွန်မြို့ အကောက်ခွန်ရုံးရှေ့ စုရုံးရောက်ရှိကြပါတယ်။ သူတို့က အကောက်ခွန်ရုံးရှေ့မှာ ရပ်စောင့်နေကြတဲ့ ဗြိတိသျှစစ်သားတွေကို ကဲ့ရဲ့စကား ပြောကြ၊ ဆန္ဒပြကြပါတယ်။ အဲဒီနေ့က စစ်သားတွေ ပစ်ခတ်လို့ လူ ၅ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို တော်လှန်ရေးသမားတွေက ဘော်စတွန်လူသတ်ပွဲ (Boston Massacre) လို့ အမည်ပေးခဲ့ပါတယ်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) ဆိုတာ အဲဒီကတည်းက ပေါ်ခဲ့တာပါ။ သူတို့ သတ်မှတ်တဲ့ အခွန်တွေကို မပေးဘူးလို့ ကိုလိုနီနယ်သားတွေက အာဏာဖီဆန်ကြတဲ့အခါ ဗြိတိသျှအစိုးရက သူတို့ရဲ့သစ္စာခံများကို ငှားရမ်း တာဝန်ပေးပြီး ဥပဒေတွေအသက်ဝင်ဖို့ ကြိုးစားပါတယ်။ လက်ရှိ စစ်အာဏာရှင်လက်အောက် မြန်မာပြည်မှာ မီတာခဆောင်ဖို့ ငြင်းဆန်သူတွေ၊ တခြားအခွန်အခပေးဆောင်ဖို့ ပျက်ကွက်သူတွေကို အရေးယူဖို့ ကြိုးစားတဲ့ပုံစံမျိုးပါပဲ။
အမေရိကန်တော်လှန်ရေးအတွင်းမှာတော့ အဲဒီလို အခွန်ကောက်ခံမယ့်လူတွေ စေလွှတ်တဲ့အခါ တော်လှန်ရေးသမားများက သူတို့ကို ဖမ်းဆီး၊ လွတ်လပ်ရေးတိုင်မှာ တုပ်နှောင်ပြီး အခွန်ကောက်ခံမှုကို ဆန့်ကျင်ပါတယ်။ လွတ်လပ်ရေးတိုင် ဆိုတာက သစ်သားတို့ ဝါးလုံးတို့နဲ့ စိုက်ထူထားတဲ့တိုင်တွေဖြစ်ပြီး အမေရိကန်တော်လှန်ရေးမတိုင်မီနဲ့ တော်လှန်ရေးကာလအတွင်း မြို့တော်တော်များများမှာ စိုက်ထူခဲ့ကြပါတယ်။ တော်လှန်ရေးသမားများရဲ့ လွတ်လပ်ရေးတိုင်များကို အင်္ဂလိပ်သစ္စာခံတွေက ဖျက်ဆီးပစ်တတ်ပါတယ်။
အင်္ဂလိပ်ရဲ့ အခွန်ကောက်ခံမှုက အစုံပါ။ ပို့ကုန်တွေအပေါ်မှာ ကောက်ခံတာအပြင် သကြား၊ ပုံနှိပ်ဖြန့်ချိတဲ့ အရာတွေမှာပါ ကောက်ခံပါတယ်။ ကိုလိုနီနယ်တွေက အခွန်ကောက်ခံမှုကို အကြီးအကျယ်ဆန့်ကျင်လာတဲ့အခါ အခွန်ကောက်ခံမှု တော်တော်များများ ရုပ်သိမ်းလိုက်ပါတယ်။ ၁၇၇၃ ခုနှစ်လောက်မှာ လက်ဖက်ခြောက် အခွန်လောက်သာ ကျန်ပါတော့တယ်။ လက်ဖက်ခြောက်ပေါ်မှာရတဲ့အခွန်ငွေဟာ ကိုလိုနီအစိုးရအတွက် အကျိုးအမြတ် အများကြီးမရှိပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့အဲဒီအခွန်ဥပဒေကို မရုပ်သိမ်းတာလဲလို့ မေးခွန်းထုတ်စရာပါ။ တရားဝင်မှု၊ အရေးပါမှု ဖြစ်ပါတယ်။ အင်္ဂလိပ်ဟာ ဒီကိုလိုနီနယ်တွေရဲ့အစိုးရဖြစ်တယ်၊ ဒီနယ်မြေတွေကို သူအုပ်ချုပ်နေတယ်ဆိုတဲ့ တရားဝင်မှုဖြစ်ပါတယ်။
ဘော်စတွန်လက်ဖက်ရည်ပွဲ |
တော်လှန်ရေးသမား မျိုးချစ်များကလည်း လက်ဖက်ခြောက်အပေါ်မှာ အခွန်ငွေနည်းနည်းပဲ ပေးရတာပဲ၊ ဘာမှ မဖြစ်လောက်ပါဘူးဆိုတဲ့ အယူအဆမရှိဘဲ လက်ဖက်ခြောက်ခွန်ကိုပါ ဖျက်သိမ်းဖို့ ကြိုးပမ်းပါတယ်။ ၁၇၇၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် ညမှာ ထင်ရှားတဲ့ ဘော်စတွန်မြို့သား အယောက် ၁၅၀ လောက်က အင်ဒီးယန်းတွေပုံစံ ဝတ်ဆင်ပြီး ဘော်စတွန်ဆိပ်ကမ်းမှာရှိတဲ့ အင်္ဂလိပ်ကုန်တင်လှေ ၃ စင်းပေါ်က လက်ဖက်ခြောက်သေတ္တာ ၃၄၂ လုံးကို ရေထဲ သွန်ချပစ်လိုက်ပါတယ်။ အဲဒီလက်ဖက်ခြောက်တွေဟာ အရှေ့အိန္ဒိယကုမ္ပဏီပိုင်ဖြစ်ပြီး ပေါင်ချိန် ၃ သောင်းခွဲလောက်ရှိတာမို့ ဒီနေ့ခေတ်ဆိုရင် အမေရိကန် ဒေါ်လာ ၂ သန်းဖိုးလောက် ရှိပါတယ်။ အဲဒီဖြစ်ရပ်က ဘော်စတွန်လက်ဖက်ရည်ပွဲ (Boston Tea Party) လို့ သမိုင်းတွင်ခဲ့သလို ကိုလိုနီခေတ်အတွင်း အကြီးမားဆုံးအာဏာဖီဆန်မှုလည်း ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာလည်း မြန်မာ့သမိုင်းရဲ့ အကြီးမားဆုံး အာဏာဖီဆန်ခြင်း လှုပ်ရှားမှုတွေကို လုပ်ဆောင်ရင်း ဒုတိယလွတ်လပ်ရေးအတွက် အားလုံး ဆက်လက် ချီတက်နေကြပါတယ်။ သမိုင်းကိုလေ့လာရင်း၊ အဖြစ်အပျက်တွေက သင်ခန်းစာယူရင်း အချင်းချင်းလက်တွဲ ကျော်ဖြတ်ရပါလိမ့်မယ်။ စိတ်ဓာတ်တူ ရည်မှန်းချက်တူသူအချင်းချင်း အားပေးဖေးမခြင်းက တော်လှန်ရေးအတွက် အကောင်းဆုံးခွန်အားတွေ ဖြစ်ပါတယ်။
ငါတို့မှာ ငါတို့ရှိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar