စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ကျေးရွာ လေယာဥ်နဲ့ ဗုံးကြဲခံရနဲ့ စစ်ဘေးသင့်ပြည်သူတွေ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၀ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၃
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ကျေးရွာ လေယာဥ်နဲ့ ဗုံးကြဲခံရနဲ့ စစ်ဘေးသင့်ပြည်သူတွေ
နေ့စဥ်နဲ့အမျှ မြန်မာနိုင်ငံရဲ့ မြောက်ဘက်မှာ ရှိတဲ့ စစ်ကိုင်းတိုင်း၊ အရှေ့တောင်ဘက်မှာရှိတဲ့ ကရင်နီပြည်နယ်၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ်၊ တောင်ပိုင်းက ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းက ဒေသအချို့တို့က ကျေးရွာတွေ၊ အချို့တိုက်နယ်မြို့တွေကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတာ နေ့တဓူဝ ကြားသိနေရတဲ့ ဖြစ်ရပ်မျိုး ဖြစ်လာနေပါပြီ။
စစ်ကောင်စီ အနေနဲ့ လေယာဥ်တွေ ရဟတ်ယာဥ်တွေကို သုံးပြီး နေ့စဥ် တိုက်ခိုက်နေတဲ့ ဖြစ်ရပ်မျိုးဟာ ယခင် စစ်အစိုးရလက်ထက်မှာတောင် မရှိခဲ့ပါဘူး။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင်တွေ ရဲ့ခြေကုပ်စခန်းတွေကို စစ်ဆင်ရေး လုပ်တဲ့အခါမျိုးမှာ၊ နေ့စဥ်ရက်ဆက် သို့မဟုတ် သီတင်းပတ်နဲ့ချီတဲ့ တိုက်ပွဲတွေမှာ ရိက္ခာလက်နက်ခဲယမ်းကို ရဟတ်ယာဥ် သို့မဟုတ် လေယာဥ်နဲ့ ချပေးတာမျိုးမှာ လူနာသယ်တာမျိုးမှာ လေကြောင်းကို သုံးလေ့ရှိပြီး ဒီလိုဖြစ်ရပ်မျိုးဟာ နေ့စဥ် လစဥ်ဖြစ်ရပ်မျိုးမဟုတ်ခဲ့ပါဘူး။
အခု တကြိမ်စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ ဒေသအသီးသီးက တိုက်ပွဲတွေမှာ စစ်ကောင်စီအနေနဲ့ မြေပြင်တပ်ကူ ပို့ဆောင်နိုင်တဲ့ အနေအထားမျိုး မရှိတော့တဲ့ အကြောင်း နဲ့ မြေပြင်က သွားတဲ့အခါ ကြားဖြတ်တိုက်ခိုက်ခံရတာ မိုင်းခွဲတိုက်ခိုက်ခံရတာတွေကြောင့် ရဲစခန်း တခု ဝိုင်းတိုက်ခိုက်ခံရတာဖြစ်စေ၊ စစ်ကြောင်းတခု တိုက်ခိုက်ခံရတာ ဖြစ်စေ၊ စစ်ကောင်စီ ရဲ့ ကင်းစခန်းတခု တိုက်ခိုက်ခံရတာဖြစ်စေ အသေးအဖွဲ တိုက်ခိုက်မှုတွေကအစ လေကြောင်းပစ်ကူမှုကို ရယူပြီးတိုက်ခိုက်နေတဲ့ အသွင်သဏ္ဍာန်ကို ပြောင်းလဲသွားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေက ထိရောက်မှုနဲ့ နေရာယူမှုက မြေပြင်တပ်တွေလောက် မစွမ်းဆောင်နိုင်ပေမယ့် ၄င်းတို့ရဲ့ ရန်ဘက်ဖြစ်တဲ့ PDF တွေကို တားဆီးနိုင်ဖို့ ထိခိုက်မှုရှိပြီး ပြန်ဆုတ်သွားစေဖို့ ကြိုးပမ်း တိုက်ခိုက်မှုအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။
လက်နက်မဲ့ ပြည်သူတွေ လေကြောင်းရန်က ကာကွယ်တိမ်းရှောင်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေရဲ့ တပ်ဦးက ရှိနေတဲ့ NUG ပြည်ထောင်စုအစိုးရနဲ့ အဖွဲ့အစည်းများက ဘယ်လို ဆောင်ရွက်နေကြသလဲဆိုတာ မေးခွန်းဖြစ်လာပါတယ်။ တောင်ပိုင်းစစ်ဒေသတွေဘက်မှာ ဗုံးခိုကျင်းတွေ အများအပြား တူးကြတယ်လို့ NUG ဝန်ကြီးဌာနတွေကနေ ထုတ်ပြန်ကြတာတွေ ဖတ်ရှုရပါတယ်။ MoCIT လို့ခေါ်ကြတဲ့ NUG ၏ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနကလည်း ဆက်သွယ်ရေး စက်ပစ္စည်းများ လုံခြုံ လောက်ငှစွာ ရောက်ရှိရေးကို ဆောင်ရွက်နေတယ်လို့ လူထုနဲ့ တွေ့ဆုံပွဲတွေမှာ ပြောဆိုရှင်းပြလေ့ရှိတာ တွေ့ရပါတယ်။ လေကြောင်းရန်ကို ကြိုတင်သတိပေးနိုင်တဲ့ နည်းပညာနဲ့ ကိရိယာတွေကို အမေရိကန်ပြည်ထောင်စုနဲ့ မိတ်ဆွေနိုင်ငံများကနေ နည်းဘောင်များအတွင်းက ပေးဖို့ကိုလည်း ပြည်ပခရီးစဉ်တွေ လှည့်လည်နေတဲ့ NUG ဝန်ကြီးတွေနဲ့ အသိုင်းအဝိုင်းတွေက တောင်းဆိုကြတယ်လို့လည်း ကြားသိရပါတယ်။
နေ့စဉ် မြေပြင် လေပြင်ကနေ စစ်ဆင်မှုတွေဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်မှုက အရေးပေါ်ဖြစ်နေတာနဲ့ တန်းတူအရေးပါတာကတော့ သောက်သုံးရေ အလွယ်တကူ အဆက်မပြတ် ရရှိရေးဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီရေး ကယ်ဆယ်ရေးအလုပ်တွေ လုပ်ကိုင်နေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ ပြောင်းလဲနေတဲ့ ရာသီဥတုမတည်ငြိမ်မှုတွေကြောင့် စစ်ဘေးသင့်ပြည်သူတွေရဲ့ အခက်အခဲက တိုင်းတာလို့မရအောင် ရှိပါတယ်။ အဲသည်အတွက် မြေပြင်က ဒေသခံ အရပ်ဘက်အဖွဲ့တွေက အတတ်နိုင်ဆုံးချိတ်ဆက် ဆောင်ရွက်မှုတွေ လုပ်ကြတဲ့ဆီမှာ အဆိုပါဒေသက ပီဒီအက်ဖ်အဖွဲ့နဲ့ လက်တွဲမှုကလည်း အရေးပါတယ်လို့ ဆိုပါတယ်။
သာဓကဆောင်ရရင် - မိုခါမုန်တိုင်းသင့် စစ်ဘေးသင့် ပြည်သူတွေကို အကူအညီတွေ ရရှိဖို့ စစ်ကောင်စီက ပိတ်ဆို့ထားတဲ့ ဒေသတွေမှာ ပြည်သူတွေ လိုအပ်နေတဲ့ အကူအညီတွေ ပို့ဆောင်ရေး အရပ်ဘက်အဖွဲ့အစည်းတွေအတွက် လက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့တွေက ဆောင်ရွက်ပေးကြရပါတယ်။ ဒေသခံတွေအတွက် ပျက်စီးသွားတဲ့ လမ်း တံတား ဆည် မြေယာ အီုးအိမ်တွေအတွက် ရန်ပုံငွေအလှူတွေ ရရှိဖို့အတွက်ကိုလည်း အလှုရှင်များနဲ့ လက်လှမ်းမှီကြတဲ့ တော်လှန်ရေးအစုအဖွဲ့တွေက သတင်းဖြန့်ချိ လှုံဆော် ကူညီပေးကြတာ တွေ့ရပါတယ်။ စစ်ကောင်စီက နိုင်ငံတကာက အကူအညီတွေသာမဟုတ်ဘူး၊ ပြည်တွင်းက လူသားစာနာအကူအညီတွေကိုပါ ပိတ်ဆို့ထားတာ ဖြစ်တယ်လို့ ပြည်တွင်း လူမှုအဖွဲ့အစည်းတခုက ပြောပြပါတယ်။
စစ်ကောင်စီနဲ့ အပေါင်းအပါတွေကတော့ ဖြတ်လေးဖြတ်နဲ့ အပြုတ်တိုက်ရေး အမြစ်ဖြတ်ရေးကို ကျင့်သုံးပြီး ဒေသခံပြည်သူတွေအပေါ်ကို နေလို မီးလို ကျင့်သုံးနေချိန်မှာ တော်လှန်နေတဲ့ အဖွဲ့အစည်းတွေ ဒေသခံအရပ်ဖက်အဖွဲ့တွေ ဒေသခံပြည်သူတွေအချင်းချင်း အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေး နားလည်မှု ထူထောင် လက်တွဲ ဆက်လက်ချီတက်ကြဖို့ အရေးပါကြောင်း ထောက်ပြလိုက်ရပါတယ်။
အချင်းချင်းတွေကြား အပြစ်တင်မှုတွေ ၊ သွေးခွဲမှုတွေ ၊ မယုံသင်ကာသံသယတွေ အနှောင့်အယှက် သွေးထိုးလှုံဆော်မှုတွေကို စစ်ကောင်စီနဲ့ ၎င်းတို့ ကွန်ရက်တွေက အရှိန်တိုးမြှင့်ပြီး လုပ်နေကြတာကို သတိပြုမိဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar