တရားလက်လွတ် သတ်ဖြတ်မှု သို့မဟုတ် extrajudicial killing တွေ ပိုမိုများပြားလာတဲ့ မြန်မာနိုင်ငံ
မြန်မာ့နွေဦးခရိုနီကယ် - ဇူလိုင် ၉ မြင်ကွင်း
မိုးမခ - ဇူလိုင် ၁၀၊ ၂၀၂၃
တရားလက်လွတ် သတ်ဖြတ်မှု သို့မဟုတ် extrajudicial killing တွေ ပိုမိုများပြားလာတဲ့ မြန်မာနိုင်ငံ
တရားလက်လွတ် သတ်ဖြတ်မှုလို့ မြန်မာလို တချို့က ဘာသာပြန်ဆိုသုံးနှုန်းကြပြီး အင်္ဂလိပ်ဘာသာနဲ့တော့ “extrajudicial killing” သို့မဟုတ် extrajudicial execution လို့ တရားဥပဒေ၊ နိုင်ငံရေးသိပ္ပံဘာသာရပ် အခေါ်အဝေါ် အရ ခေါ်ဆိုကြတဲ့ အဖြစ်အပျက်တွေ စစ်အာဏာသိမ်းပြီးနောက်မှာ တစတစများပြားလာနေပြီး ၂ နှစ်ကျော်ကြာလာချိန်မှာ လျော့နည်းမသွားတဲ့ အပြင်ပိုမိုပြီး များပြားလာ ခပ်စိပ်စိပ်ဖြစ်လာနေတာတွေ့ မြင်၊ ကြားသိလာနေရပါတယ်။
ခုရက်ပိုင်းမှာတင် အကျဥ်းထောင်မှ ထောင်ပြောင်းဖို့ ဆိုပြီးခေါ်ထုတ်သွားတဲ့ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံထားရသူ တချို့ လမ်းမှာ ပစ်သတ်ခံရတဲ့ သတင်း၊ မကြာသေးခင်က အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရသူ ၂ ဦးကိုလည်း သက်သေခံပစ္စည်း ပြသဖို့ခေါ်ဆောင်သွားစဥ် ထွက်ပြေးတာကြောင့် တောင်ဒဂုံမြို့နယ်ထဲကလမ်းဆုံ တနေရာမှာ ပစ်ခတ်ရင်း သေဆုံးသွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒိုက်ဦးမြို့နယ် ကျိုက်စကော အကျဥ်းထောင်က ပဲခူးတိုင်း ကျောင်းသားသမဂ္ဂ ခေါင်းဆောင် လူငယ်ဖြစ်တဲ့ ကိုခန့်လင်းနိုင်နဲ့ အခြား ၂ ဦး စုစုပေါင်း ၃ ဦးကိုထောင်ပြောင်းမယ်ဆိုပြီးခေါ်ထုတ်သွားပြီးနောက် သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်လာပြီး ဘယ်လို ဘယ်ပုံဖြစ်ပျက်ခဲ့သလဲဆိုတာတော့ ဘယ်သူမှ သေသေချာချာ မပြောနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ် မတိုင်ခင် သီတင်းပတ် အနည်းငယ်ကလည်း ကျိုက်စကော အကျဥ်းစခန်းမှာ အကျဥ်းကျနေတဲ့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ကိုသန့်ဇင်ဝင်းကို စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ထုတ်သွားတဲ့နောက် အသက်သေဆုံးသွားပြီဆိုတဲ့ သတင်းကြားသိခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေက အကျဥ်းစခန်းမှာ အကျဥ်းကျနေဆဲ၊ တရားရုံးမှာ အမှုရင်ဆိုင်နေဆဲနိုင်ငံရေးပုဒ်မ အထူးသဖြင့် လက်နက်ကိုင် လှုပ်ရှားမှုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရသူ အပြစ်ပေးခံရသူတွေကို အကျဥ်းထောင်မှ ခေါ်ထုတ်ပြီး အသက်ဆုံးရှုံးတဲ့ အထိ နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ယူဆစရာ ကောက်ချက်ချစရာတွေ ရှိတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
အခုလို အကျဥ်းစခန်းမဟုတ်တဲ့ ကျေးရွာတွေမှာ စစ်ကြောင်းဝင်စဥ် ဖမ်းဆီးပြီး သံသယနဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်တာတွေလည်း နေ့စဥ်နဲ့ အမျှ သို့မဟုတ် သီတင်းပတ်တိုင်းလိုလိုမှာ မြန်မာနိုင်ငံရဲ့ တနေရာမဟုတ် တနေရာမှာ အသက်ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။ တခါတရံ အသက်အရွယ်ကြီးရင့်လို့ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ နေအိမ်တွေ မီးရှို့ခံရတာနဲ့အတူ မီးလောင်ပြီး သေဆုံးကြရတာ၊ စစ်ကြောင်းဝင်စဥ် ပစ်သတ်ခံကြရတာတွေက နေ့စဥ်လိုလို ကြားသိနေရပြီး အခုအခါမှာတော့ အထက်က ဖြစ်ရပ်မျိုးတွေကို တရားလက်လွတ် သတ်ဖြတ်မှု အနေနဲ့ ရေးကြီးခွင်ကျယ်တောင် မလုပ်နိုင်ကြတော့ပဲ သတင်းတွေထဲ ပါနေကျ အဖြစ်အပျက်တွေသဖွယ် ဖတ်ရှုပြီး ကျော်သွားနေကြတာမျိုး ဖြစ်ပါတယ်။ တဖက်မှာလည်း PDF တွေဘက်က ပျူစောထီး (တနည်း စစ်ကောင်စီလက်အောက်က ပြည်သူ့စစ်) တွေလို့ ယူဆတဲ့ ရွာ၊ လူထုတွေကို လက်တုံ့ပြန် လက်စားချေ သတ်ဖြတ်မှုအချို့ရှိနေတာလည်း တွေ့ရကြားနေကြရတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အရာတော်မြို့နယ်ထဲက ငွေတွင်းရွာ အဖြစ်အပျက်မှာ ကလေးအရွယ် အပါအဝင် ၁၅ ဦး အနည်းဆုံး သေဆုံးခဲ့ကြရတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
မြို့တွေမှာ စစ်တပ်အရာရှိဟောင်း၊ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ၊ မိသားစုဝင်တွေအထိ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေလည်း စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကုန်ပိုင်းလောက်မှ စတင်ကာ တစတစ များပြားလာနေပြီး ခုလက်ရှိအချိန်ထိလည်း ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြို့ပေါ်က မြေအောက် လက်နက်ကိုင် အဖွဲ့တွေက လုပ်ဆောင်တဲ့ လုပ်ကြံသတ်ဖြတ်မှု အရေအတွက်ထက် စစ်ကောင်စီဘက်က ကျူးလွန်တဲ့ တရားလက်လွတ်သတ်ဖြတ်မှု အရေအတွက်က ပိုမိုများပြားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ကျူးလွန်တာက နိုင်ငံအစိုးရလို့ဆိုတဲ့အဖွဲ့အစည်းက ကျူးလွန်တာဖြစ်လို့ ပိုမိုအပြစ်ကြီးတယ်နိုင်ငံတကာ တရားဥပဒေတွေက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေက လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်တာကို စစ်ကောင်စီဘက်က ၄င်းတို့ရဲ့ တပ်ဖွဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေနဲ့ နှိုင်းယှဥ်မပြောဆိုသင့်ဘူးဆိုတဲ့ အမြင်မျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမယ့် တရားလက်လွတ် သတ်ဖြတ်မှု ဆိုရင် ဘယ်အဖွဲ့အစည်းက ကျူးလွန်သည် ဖြစ်စေ မူအတိုင်း တရားလက်လွတ် သတ်ဖြတ်မှုအဖြစ်သာ သတ်မှတ်သင့်တာ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းက ကျူးလွန်သည် ဖြစ်စေ တရားလက်လွတ် သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ထားဖို့ လိုအပ်မှာဖြစ်ပြီး တချိန်ကျရင် တာဝန်ခံမှု၊ နစ်နာမှုအတွက် ကာယကံရှင်မိသားစုနဲ့ လူမှုအဖွဲ့အစည်းကို ဝန်ချတောင်းပန်မှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
တရားလက်လွတ် သတ်ဖြတ်မှုတွေက နိုင်ငံရေးအရ ရည်မှန်းချက်ကို ရောက်စေတာထက် လက်နက်နဲ့ အာဏာမရှိတဲ့ လူထုအနေနဲ့ ကျူးလွန်တဲ့ အဖွဲ့အစည်းကို ရွံ့ရှာတာ၊ ကြောက်ရွံ့တာ၊ နာကျည်းတာတွေသာ ဖြစ်ပေါ်စေနိုင်တာကိုလည်း သတိပြုကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar