မောင်လင်းရိပ် - စေတန်နဲ့ လေယာဉ်ပျံ
မောင်လင်းရိပ်
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၃
တောင်ပံကို ချစ်တဲ့ စိတ်ဟာ ဣကရပ်စ်တို့ သားအဖက စတယ် ဆိုရင်
ရိုက်တို့ ညီနောင်ရဲ့ လက်ထက်မှာ လူသားဟာ အိန်ဂျယ်တွေရဲ့ ပါဝါကို ရလိုက်တာပဲ၊ ဒါဟာ
တောထဲက ကျောင်းတစ်ကျောင်းမှာ လေကြောင်းပျံသန်းမှု သမိုင်းရဲ့ သင်ခန်းစာကို အစပျိုးလိုက်ပုံ ဖြစ်တယ်
သစ်ရိပ်ကျောင်းရဲ့ ဘေးနာမှာ မြေသား မြောင်းနက်နက်တွေကို မြင်မိရဲ့လား
ကလေးတွေရဲ့ တောင်ပံမုန်းစိတ်ကို လေယာဉ်ပစ်ဒုံးတွေနဲ့မှ ဖြေဖျောက်လို့ ရနိုင်မလား
ကျောင်းသင် ကလေးဆိုလင်္ကာဟောင်းလေးဟာ ချိုသာ တက်ကြွလှပေရဲ့
မြည်သံ ဟိန်းသံ တညံညံ ကောင်းကင်ယံက ဘာသံလဲကွဲ့
မြည်သံ ဟိန်းသံ တညံညံ ကောင်းကင်ယံက လေယာဉ်ပျံကွဲ့
ဒါပေမဲ့ လေယာဉ်ပျံနဲ့ တူတူပုန်းတမ်းကစားနေရတဲ့ ကလေးတွေအတွက်
လေယာဉ်ပျံဟာ စေတန်ပဲ ဗီလိန်တကာ့ ဗီလိန်ပဲ ငါတို့ အိမ်ဝင်းထဲက
ကြက်ပေါက်စကလေးတွေအတွက် အရက်စက်ဆုံး သိန်းစွန်ငှက်ပဲ
တောင်ပံကို မုန်းတဲ့ စိတ်ဟာ စစ်ဘေးသင့် ကလေးငယ်လေးတွေရဲ့ ရင်ထဲက စခဲ့တာ
ငှက်ကင်တို့ ပုစဉ်းပစ်တို့ ဆိုတာ ဘဝထဲက ဗန်းစကားတွေပဲ ဖြစ်ပေလိမ့်။
၂၀၂၃၊ ဇူလိုင်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar