Breaking News

မိုး သက် ငြိမ် ဦး - အပြုံးတွေချိုနေပြီလားပြုံးချို

အပြုံးတွေချိုနေပြီလားပြုံးချို 
မိုး သက် ငြိမ် ဦး
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၃

မင်းကပစ်တိုင်းထောင်ပဲ
ဘယ်လောက်လဲကျနေပါစေ
ပြန်လည်ထူထောင်နိုင်တယ် ။

မင်းကပြုံးချိုပဲ
ဘယ်လောက်ငိုကြွေးရပါစေ
အပြုံးချိုနိုင်တယ် ။

...နွေဦးရဲ့အရိပ်တွေ
အမှောင်ဖုံးတဲ့နေ့တွေ
လမ်းများပေါ်ဆက်လို့ချီတက်ရင်း...

တော်လှန်ရေးသီချင်းတွေသီဆိုတုန်းက
မင်းဟာ တက်ကြွအားထည့်ခဲ့တယ် ။
တော်လှန်ရေးကဗျာတွေရွတ်ဖတ်တုန်းကလည်း
မင်းဟာ ရဲရင့်ဖြတ်လတ်ခဲ့တယ် ။

တော်လှန်ရေးအတွက် 
လက်နက်ကိုင်တိုက်ပွဲဝင်ပြန်တော့
မင်းကရှေ့ဆောင်ဦးရွက်ပြုခဲ့တာပဲ ။

တောတွင်းတနေရာ ချောင်းနံဘေးမှာ
ထင်မထားတဲ့အဖွဲ့တွေဆုံကြတော့
ငါ့သိမ်ငယ်စိတ်ကျနေမှုတွေကို
မင်းရဲ့အပြုံးချိုချိုတွေနဲ့ ခွန်အားပေးခဲ့တယ် ။
ငါ့ဘဝအမောသောကတွေကို
မင်းရဲ့ဗိုက်ပူပူကြီးထဲထည့်သိမ်းထားခဲ့တယ် ။
ငါ့အနိဋ္ဌာရုံမပျော်နိုင်ခြင်းများကိုလည်း
မင်းရဲ့ဟာသတွေနဲ့လမ်းကြောင်းလွှဲပစ်ခဲ့တယ် ။

တကယ်တော့
မင်ခွန်အားပေးခဲ့တာ
တပြည်လုံးရဲ့သိမ်ငယ်စိတ်ကျနေမှုတွေပဲ
မင်းထည့်သိမ်းထားခဲ့တာ
တပြည်လုံးရဲ့ဘဝအမောသောကတွေပဲ
မင်းလမ်းကြောင်းလွှဲပစ်ခဲ့တာ
တပြည်လုံးရဲ့အနိဋ္ဌာရုံမပျော်နိုင်ခြင်းတွေပဲ ။

မချိမဆန့် မနိုင်မနင်း
ထမ်းပိုးသယ်ဆောင်နေရပေမယ့်
နာကျင်ခံခက် အသံတစက်မထွက်ဘဲ
အပြုံးတွေအမြဲချိုနေနိုင်တယ် ။
မင်းက ပြုံးချိုလေ ။

ရုတ်တရက်
မင်းခရီးထွက်သွားတဲ့သတင်းကြားတုန်းက
..ပြုံးချိုရာ..မင်းကွာ...လို့အခါခါပြောပြီး
ငါ့စောက်သုံးမကျမှုအတွက် ငါငိုတယ် ။

အဲ့ဒီဘက်ကို မင်းထွက်သွားတုန်းကလဲ
..ပြုံးချိုရာ..မင်းကွာ..ငါ့ကျ..မခေါ်ဘူး..လို့ပြောရင်း 
စကားနာထိုးဖူးတယ် ။
မင်းကပြုံးပြုံးကြီးလုပ်ရင်း
ကျနော်တို့အဆင်ပြေတော့ အစ်ကို့ကိုခေါ်မှာပေါ့.
ပြောတာကိုသတိရတယ် ။

အခု
ငါလာရတော့မလား
အပြုံးတွေချိုနေပြီလား ပြုံးချို ။ ။
-
* တော်လှန်ရေးလမ်းခုလတ်၌ သုဂတိဘုံသို့ ကူးပြောင်းသွားသော ကဗျာဆရာ ကိုရင်ဩ(ခ) ပြုံးချို သို့....

11.7.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar