Breaking News

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ မြန်မာနိုင်ငံအရေး၊ ချင်းပြည်နယ် သိုင်းငင်းမှာ စစ်ကောင်စီ ကင်းစခန်း တိုက်ခိုက်ခံရ


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၁ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၃


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ မြန်မာနိုင်ငံအရေး၊ ချင်းပြည်နယ် သိုင်းငင်းမှာ စစ်ကောင်စီ ကင်းစခန်း တိုက်ခိုက်ခံရ

ဇူလိုင် ၁၁ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ နဲ့ ဒေသတွင်းအင်အားကြီး နိုင်ငံက ကိုယ်စားလှယ်တချို့ တက်ရောက်မယ့် အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ နိုင်ငံရေး အကြပ်အတည်းနဲ့ ပတ်သက်လို့ ဆွေးနွေးကြဖို့ရှိသလို ဘယ်လို သဘောထားထုတ်ပြန်ချက်၊ ဖိအားပေးမှု သို့မဟုတ် တိုက်တွန်းမှုတွေ ထွက်ပေါ်လာမလဲလို့ စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ မကြာသေးခင်က မြန်မာ့အရေးနဲ့ပတ်သက်လို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆွေးနွေးမှု ပေါင်း ၇ လတာအတွင်း အကြိမ် ၁၁၀ ရှိခဲ့ပြီး အကြမ်းဖက်မှုရပ်တန့်ရေး အတွက် တွေ့ဆုံဆွေးနွေးရေး အခြေအနေတွေ ဖန်တီးပေးရေး ကြိုးစားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ အာဆီယံမူ ၅ ချက်က နှစ်နှစ်ကျော်လာသည့်တိုင် အကောင်အထည်ဖေါ်နိုင်တဲ့ အနေအထား တိုးတက်မှု မရတာဟာ စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့သဘောမျိုး အများက ကောက်ချက်ချထားချပြီး အာဆီယံအဖွဲ့က ဒီလမ်းကြောင်းပေါ်ကနေ ဆက်လက်ကြိုးစားမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

NUG နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်က သတင်းမီဒီယာနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ လောလောဆယ် အနေအထားကတော့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်နိုင်တဲ့ အနေအထားမဟုတ်သေးပဲ စစ်ကောင်စီက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်လာအောင် NUG အနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ဖိအားပေး နေတယ်လို့လည်း ဆိုပါတယ်။ 

အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးကိစ္စက မပါမဖြစ်ပါဝင်မှာ ဖြစ်ပေမယ့် မြန်မာ့အရေးက ထိပ်ဆုံးဦးစားပေးတော့ မဟုတ်ပဲ တောင်တရုတ်ပင်လယ်က အရှေ့တောင်အာရှ ပင်လယ်ပြင် ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာက အဓိကဆွေးနွေးကြမယ့် သဘောလည်း ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ အမေရိကန်အကြား ကြီးမားတဲ့ သဘောထားကွဲလွဲမှု မတွေ့ရပဲ အာဆီယံရဲ့ ဦးဆောင် ဖြေရှင်းမှုကိုသာ ထောက်ခံအားပေးဖို့ ယေဘုယျ သဘောတူကြပြီး တရုတ်နိုင်ငံအနေနဲ့ တော့ ၄င်းရဲ့ သြဇာကို အသုံးချပြီး တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်တဲ့ ဒေသတွေမှာ အခြေချလှုပ်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်၊ လက်နက်ကိုင် ပဋိပက္ခလျော့ကျရေး လမ်းကြောင်းပေါ် ရောက်အောင် သီးခြားကြိုးစားနေတာလည်း ယေဘုယျအားဖြင့် မြင်တွေ့နိုင်တာ ဖြစ်ပါတယ်။ တဖက်မှာတော့ အမေရိကန် နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေး ဘတ်ဂျက် NDAA ထဲမှာ ပါရှိတဲ့ မြန်မာ့အရေးမှာ စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုတွေကို လူသေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီပေးဖို့ အစီအစဥ်က မြေပြင်မှာ အကောင်အထည်ဖေါ်တဲ့ အဆင့်မရောက်သေးပဲ ပြင်ဆင်ဆဲ အနေအထားလို့လည်း နားလည်ရပါတယ်။ 

စစ်အာဏာရှင်တွေ ဖြုတ်ချရေးမှာ လက်နက်ကိုင် နည်းလမ်းသည်သာ တခုထည်းသော နည်းလမ်းဖြစ်တယ်လို့ PDF အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင် အချို့က ပြောဆိုနေတာရှိ သလို အခုလို သံတမန်နည်းလမ်း၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်လာဖို့ ကြိုးပမ်းနေတဲ့ တိုက်တွန်းနေတဲ့ အဖွဲ့အစည်းတွေ နိုင်ငံတကာအစိုးရတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ 

အခုလို အာဆီယံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြနေချိန်မှာ မြန်မာနိုင်ငံထဲမှာတော့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ တိုက်ပွဲတွေကြောင့် သို့မဟုတ် စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ဝင်ရောက်လာလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အဖြစ်အပျက်တွေ နေရာအနှံ့အပြား ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ 

ဒီနေ့ မနက်အစောပိုင်းက ကလေး နဲ့ တီးတိန်၊ ဟားခါး သွားတဲ့လမ်းက လမ်းခွဲရွာဖြစ်တဲ့ သိုင်းငင်းကျေးရွာက စစ်ကောင်စီစခန်းကို ချင်းပြည်နယ်က စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အချို့ပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်ကရော ချင်းလက်နက်ကိုင် အဖွဲ့တွေဘက်ကပါ ထိခိုက်မှုတွေရှိခဲ့ပြီး ချင်းလက်နက်ကိုင် အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ စစ်ကောင်စီဘက်က အသေအပျောက်များတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က သေဆုံးတဲ့အရေအတွက် အတိအကျကို သတင်းတွေမှာ အတည်မပြုနိုင်သေးပေမယ့် ချင်းကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ၄ ဦးကျဆုံးတယ်လို့ တော့သတင်းတွေမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။  စစ်ကောင်စီဘက်က လေကြောင်းက အကူအညီပါယူပြီး တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ချင်းပြည်နယ်မှာ တမြို့နဲ့တမြို့ဆက်သွယ်ရေး သယ်ယူပို့ဆောင်ရေးမှာ ကားလမ်းသာ တခုထည်းသော ရွေးချယ်စရာဖြစ်ပြီး ပထဝီဝင် အနေအထားအရ တောင်ပေါ်တောင်တန်းတွေ ကိုဖြတ်သန်းဖေါက်လုပ်ထားတဲ့ ကားလမ်းတွေမှာ စစ်ကောင်စီတပ်တွေ စစ်ကူလာရင် ကြားဖြတ်တိုက်ခိုက်ဖို့ လွယ်ကူတဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီအနေနဲ့ လေကြောင်းအကူအညီကလွဲရင် ကုန်းလမ်းကနေ လိုအပ်တဲ့ စစ်သား အကူအညီ၊ ရိက္ခာလက်နက်အကူအညီ ပို့ဆောင်ရာမှာ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်တွေပြီးခဲ့တဲ့ လပိုင်းနှစ်ပိုင်းတွေမှာ အများအပြားဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အခုလို ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းတွေကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်နေချိန်၊ မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့နဲ့ ၁၀ မိုင်ကျော်သာကွာဝေးတဲ့ နမ်ဆန်ယန် တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ကရင်ပြည်နယ် ညောင်လေးပင်၊ ကြာအင်းဆိပ်ကြီး ၊ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မှာ တီအန်အယ်လ်အေနဲ့ စစ်ကောင်စီတပ်တွေ တင်းမာမှုတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar