ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်ဆိုတဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ တွေ့ဆုံမှုရဲ့ ဂယက်
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၃
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်ဆိုတဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ တွေ့ဆုံမှုရဲ့ ဂယက်
ဇူလိုင် ၁၁ ရက်နေ့ သတင်းတွေထဲ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝိနိုင်းရဲ့ နေပြည်တော်ကို တိတ်တဆိတ်သွားရောက်ခဲ့တဲ့ သတင်းထွက်ပေါ်လာခဲ့ပြီး ဘာအကြောင်းကြောင့် သွားတယ်ဆိုတာ မသိရှိကြသေးပဲ နောက်တရက်အကြာ ဇူလိုင် ၁၂ ရက်နေ့နံနက်မှာတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော်ခရီးစဥ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့သွားခဲ့တာ ဖြစ်ပြီး တွေ့ခွင့်ရခဲ့တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားကို လက်ရှိကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးမှာ ဖတ်ကြားဖွယ်ရှိတယ်ဆိုတဲ့ သတင်းက ရုတ်ချည်း ပြန့်နှံ့သွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလမှာ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူတဲ့နိုင်ငံက ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တာဝန်ပေးအပ်ခြင်း ခံရသူတွေ တဦးတယောက်မျှ တွေ့ဆုံခွင့်မပေးခဲ့ဘဲ ၂ နှစ်ခွဲနီးပါးအကြာမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးရခြင်းက ဘာကြောင့် ဖြစ်နိုင်သလဲ၊ ဘာတွေအကျိုးသက်ရောက်မှု ရှိမလဲ၊ သူက အကျဥ်းထောင်ပြင်ပမှာ ဖြစ်နေတဲ့ သူဦးဆောင်ခဲ့တဲ့ ပါတီ၊ အဲဒီပါတီက ခေါင်းဆောင် အများအပြားပါဝင်နေတဲ့ လက်နက်ကိုင် တိုက်ခိုက်ရေး လမ်းစဥ်၊ တနိုင်ငံလုံးအနှံ့အပြားဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ နေအိမ်မီးရှို့ဖျက်ဆီး ခံရတာတွေ၊ တသန်းခွဲကျော်လာပြီဖြစ်တဲ့ စစ်ဘေးရှောင်သူတွေ စီးပွားရေးကျဆင်းမှု၊ မျှော်လင့်မထားတဲ့ ပမာဏနဲ့ ရာဇဝတ်မှုတွေ နေ့စဥ်နေရာတိုင်း ဖြစ်ပွားနေတာတွေ နဲ့ ပတ်သက်လို့ သူ ဘယ်လောက်သိသလဲ၊ ဘာမှတ်ချက်ပေးမလဲ ဆိုတဲ့ တွေးဆမှုတွေ အများအပြားပေါ်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ မြန်မာ့နိုင်ငံရေး နယ်ပယ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်ဖို့ ဆန္ဒရှိခဲ့တာ ကြိုးစားခဲ့တာကို ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း ကုလအထူးကိုယ်စားလှယ်၊ အာဆီယံ အလှည့်ကျဥက္ကဌရဲ့ အထူးကိုယ်စားလှယ်တွေ နဲ့ တွေ့ခွင့်မပေးတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံရေး မှာ အရေးပါတဲ့ ပုဂ္ဂိုလ်လို့ ရည်ညွှန်းပြီး သူ့နဲ့တွေ့ခွင့်တောင်းခံတဲ့ ကိစ္စတွေကို စစ်ကောင်စီဘက်က လူပုဂ္ဂိုလ် တဦးတယောက်ကြောင့် ဆိုတဲ့ ပြောဆိုမှု ကောက်ချက်တွေကို လက်မခံဘူးလို့ တလျှောက်လုံး ပြောလာခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် အခုအချိန်မှာ အဲဒီဆင်ခြေနဲ့ ဆန့်ကျင်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ အစည်းအဝေးမတိုင်ခင် ရက်အနည်းငယ် အလိုမှာ တွေ့ခွင့်ပေးလိုက်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို သုံးပြီးလက်ရှိ နိုင်ငံတကာ ဖိအား၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ လျော့ကျအောင် တနည်းအားဖြင့် စစ်ကောင်စီအနေနဲ့ ထွက်ပေါက်ရဖို့ ကြိုးပမ်းတာလို့ ဆိုရင် မှားမယ်မထင်ပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ် မတွေ့ခဲ့ဘူးဆိုတဲ့ ဆန့်ကျင်ဘက် အချက်အလက်နဲ့ သတင်းအချို့လည်း ပြည်တွင်းသတင်းဌာနအချို့မှာ ဖေါ်ပြကြတာတွေ့ရပါတယ်။ ဧရာဝတီတိုင်း သတင်းဌာနက စတင်ဖေါ်ပြပြီး နေပြည်တော် သတင်းရင်းမြစ်တွေကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး နေပြည်တော် အကျဥ်းထောင်ထဲဝင်သွားတာကို အတည်ပြုပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခဲ့တယ် ဆိုတဲ့အချက်ကို မေးခွန်းထုတ်၊ သံသယဝင်တဲ့ သဘောမျိုး ရေးသားထားတာ ဖြစ်ပါတယ်။ နိုင်ငံရေး အင်အားစုတချို့ကလည်း တွေ့တယ်ဆိုတာကို ဘယ်လို ယုံရမလဲ၊ ဖမ်းဆီးထားတဲ့ ချုပ်နှောင်ထားတဲ့ အခြေအနေအောက်မှာ ဖမ်းထားသူက ခွင့်ပေးလို့ တွေ့ရတာ၊ ဆွေးနွေးမှုတွေရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ နောက်တချက်အနေနဲ့ ကြိုတင် သတ်မှတ်ချက်မထား တွေ့ဆုံဆွေးနွေးမှု ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံတယ်ဆိုတာ မဖြစ်နိုင်ဘူး စတဲ့ သံသယတွေ၊ လက်ရှိသွားနေတဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းအပေါ် ဂယက်ရိုက်ခတ်လာနေတဲ့ သဘောတွေလည်း တွေ့လာရပါတယ်။
ဒီနေရာမှာ နွေဦးတော်လှန်ရေးက ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပေါ်လာတာ မဟုတ်ဘူး။ ဒီတော်လှန်ရေးဟာ ၁၉၅၈/ ၁၉၆၂ ခုနှစ်တွေက အစပျိုးလိုက်တဲ့ စစ်အာဏာရှင် စနစ်၊ နိုင်ငံရေးမှာ စစ်တပ်က လွှမ်းမိုးမှု၊ စစ်အာဏာသိမ်းမှုစတဲ့ အစဥ်အလာတွေ၊ သမိုင်းတွေကို ပြောင်းပြန်လှန်ဖို့ ဆိုတဲ့ လူငယ်အများစုက ယူဆကြတဲ့ အယူအဆနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက ဖယ်ထားလို့ မရဘူးဆိုတဲ့ လူကြီးပိုင်းနဲ့ လူလတ်ပိုင်းအချို့က ယူဆကြတဲ့ အယူအဆ ကွဲပြားနေတာ အခုဖြစ်ရပ်က မီးမောင်းထိုးပြလိုက်သလိုရှိတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုဗဟိုပြုပြီး စည်းရုံးကာ အာဏာသိမ်းစစ်တပ်ကို အမြစ်ဖြတ်မယ်လို့ ရည်ရွယ်ထား တဲ့ နိုင်ငံရေးလမ်းစဥ်က တခုဖြစ်သလို၊ လက်နက်ကိုင် လမ်းစဥ်၊ အကြမ်းနည်းနဲ့ တိုက်ခိုက်တဲ့ လမ်းစဥ်ကို ဒေါ်အောင်ဆန်းစုကြည် သဘောတူသည် ဖြစ်စေ သဘောမတူသည်ဖြစ်စေ ဒါက သမိုင်းက ပြဌာန်းတဲ့ လမ်းစဥ်ပဲ မိမိတို့ လမ်းစဥ်အတိုင်း လမ်းဆုံးတိုင် လျှောက်မယ်ဆိုတဲ့ ယူဆချက်မျိုး ရှိတဲ့သူတွေလည်း တွေ့ရမှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ ဒီNUG အစိုးရ လက်နက်ကိုင်တပ်တွေဟာ တပ်ပေါင်းစုလို့ ယူဆထားတယ်ဆိုရင် တနည်းအားဖြင့် အဲဒီမူဝါဒကို ကိုင်စွဲထားတယ်ဆိုရင် လက်နက်ကိုင် လမ်းစဥ်ကို ဒေါ်အောင်ဆန်းစုကြည် သဘောတူသည် မတူသည်က အရေးမကြီးပဲ မိမိတို့ရဲ့ တပ်ပေါင်းစုအတွင်း စည်းလုံးညီညွတ်ရေး၊ အမြင်သဘောထား ရပ်တည်ချက် တခုထည်းအောက်မှာ ရှိရေးသည်သာ ပိုအဓိက ကျတာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အရိပ်အောက်က ထွက်ဖို့ သို့မဟုတ် လွတ်လပ်စွာဆုံးဖြတ်ရပ်တည်ဖို့ မကြိုးစားရင်တော့ မဟာမိတ်တွေအကြား တက်ကြွသူ လူငယ်တွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေအကြားမှာ တခုတည်းသော ပန်းတိုင်ကို တခုတည်းသော အများဆုံးဖြတ်သဘောတူသော နည်းလမ်းနဲ့ သွားနေကြတာမျိုး မဟုတ်ဘဲ တော်လှန်ရေး ပန်းတိုင် တခုမက ရှိလာနိုင်ပြီး နည်းလမ်းလည်း အမျိုးမျိုးအသွယ်သွယ် ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
တနည်းအားဖြင့် ဆိုရင်ရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တယ် မတွေ့ဘူး၊ သူက လက်ရှိ နွေဦးတော်လှန်ရေး လို့ခေါ်ဆိုတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အပေါ် သဘောထား ဆိုတာတွေက စစ်ကောင်စီအတွက် အားကိုးစရာ ဆွဲခိုစရာ ဖြစ်ပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းကို ချမှတ်ကိုင်စွဲထားသူတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအရိပ်ထိုးမှုအောက်က ရုန်းထွက်ကြဖို့ လိုအပ်နေပြီ ဆိုတဲ့အချက်က ထင်ရှားလာတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar