Breaking News

ကောင်းဇေလူ - မြန်မာနိုင်ငံ ရှေ့ရေးသည် ဂျန်ဇီး(Gen-Z) တို့၏ အဆုံးအဖြတ်အပေါ် တည်သည်

ကောင်းဇေလူ - မြန်မာနိုင်ငံ ရှေ့ရေးသည် ဂျန်ဇီး(Gen-Z) တို့၏ အဆုံးအဖြတ်အပေါ် တည်သည်

(မိုးမခ) မတ် ၂၃ ၊ ၂၀၂၄

မတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်သော နိုင်ငံတော် အတိုင်ပင်ခံ၏ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) လေလံတင်ပွဲပြုလုပ်ခဲ့ရာ လေလံဆွဲမည့်သူ လုံးဝမရှိသဖြင့် ခွေးတကောင် ဖက်ဆစ် စကစ ၏ အကောက်ကြံမှု မအောင်မြင်ဘဲ လေလံပွဲ ပြီဆုံးသွားခဲ့သည်။ 

ဤဖြစ်ရပ်က စကစ၏ လုပ်ဆောင်မှုမှန်သမျှကို ပြည်တွင်းပြည်ပက ဆန့်ကျင်ကန့်ကွက်လျက်ရှိ‌နေသည့်လကၡဏာဖြစ်သည်။ စစ်တပ်၏ ဩဇာအာဏာ သုညအောက်အထိ ကျနေပြီဟု ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။  ၁.၉၂၃ ဧက ကျယ်ဝန်းသော ဒေါ်အောင်ဆန်းစု၏ အိမ်ခြံမြေကို ကျပ်ငွေ ၃၉၀ ဘီလီယံ (ဒေါ်လာ သန်း ၉၀ ခန့်)  ကြမ်းခင်းဈေး သတ်မှတ်၍ လေလံတင်ရောင်းချရန် ဗဟိုတရားရုံးချုပ်ဆိုသည့်အဖွဲ့အစည်းက မူလပိုင်ရှင်၏သဘောတူညီချက် တစုံတရာမပါဘဲ ဇန်နဝါရီလအတွင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

လူထု၏ယုံကြည်ထောက်ခံမှု ရာနှုန်းပြည့် ရရှိထားသော လူထုခေါင်းဆောင်အား လက်နက်အားကိုး မတရား ဖမ်းဆီးအကျဉ်းချထားပြီး အိုးမဲ့အိမ်မဲ့ နေစရာမရှိသည့်ဘ၀သို့ ရောက်အောင် ဥပဒေမဲ့လုပ်ဆောင်ခဲ့သည့် မတရားမှုကြီးအား တိုင်းရင်းသားပြည်သူလူထုအများစုက ဆန့်ကျင်ကန့်ကွက်ခဲ့သည်ကို ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။ ယခု ပြဿနာသည် သာမန်အရေးအရာ တခုမဟုတ်ဘဲ နိုင်ငံရေးပယောဂ ပါ‌နေ‌သည်ကို နိုင်ငံတကာကလည်း သိနေသည်။

တချိန်တည်းတွင် စစ်တပ်သည် သမိုင်း၌မကြုံဖူးခဲ့သည့် စစ်ရေးရှုံးနိမ့်မှုပေါင်း အမြောက်အမြားကိုလည်း ရင်ဆိုင်နေရပြီး အရေးပါသော မဆုတ်တမ်းခံစစ်ဗျူဟာကုန်းများ၊ စခန်းများနှင့် နယ်မြေဆုံးရှုံးမှုများလည်း ရှိနေသည်။ စစ်သည်အင်အား သိသိသာသာ လျော့နည်းလာမှုကြောင့် စစ်မှု ထမ်းဟောင်းများ၊ ပြစ်ဒဏ်ခံ စစ်ပြေးများ၊ ရာဇ၀တ်အကျဉ်းသားများကိုပါ အတင်းအကျပ် ခေါ်ယူကာ ရှေ့တန်း တိုက်ခိုက်ရေး၌ အားဖြည့် အသုံးပြုနေရသည်။ ရှမ်းမြောက် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်ရင်းများ၊ တပ်မများ အလံဖြူထောင် လက် နက်ချမှုများဖြစ်ပေါ်နေသည်။  စစ်မြေပြင် ထိခိုက်သေဆုံး/ဒဏ်ရာရမှုများ၊ တပ်ပြေးများကြောင့် စစ်အင်အား တဖြည်းဖြည်းကျဆင်းနေပြီး စစ်ကူမပေးနိုင်၍လည်း ရှေ့တန်းတာဝန်ထမ်းနေရသည့် စစ်သည်များမှာ စိတ်ဓာတ်လွန်စွာ ကျဆင်းနေသည်။ တိုက်ခိုက်ရေး အင်အားကျဆင်းနေမှုကို ဖြည့်တင်းရန် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ရသော်လည်း စစ်တပ်အပေါ် ပြည်သူများ၏ နာ ကြည်းမုန်းတီးမှုကို သိရှိနေသဖြင့် စစ်မှုထမ်းဥပဒေအရ မဖြစ်မနေတာဝန်ထမ်းဆောင်ရမည့် သူ များကို လက်နက်တပ်ဆင်ပေးခြင်းမျိုးမရှိနိုင်ဟုလည်း စစ်တပ် CDM အသိုင်းအဝိုင်း၏ သုံးသပ်ပြောဆိုနေသံများလည်း ပေါ်ထွက်နေသည်။

စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP)နှင့် စစ်တပ်ထောက်ခံသူများ၊ အမျိုးသားရေးသမားများက စစ်မှုထမ်းဥပဒေကိုထောက်ခံကြောင်း ဆန္ဒပြပွဲများပြုလုပ်နေကြသော်လည်း ဆန္ဒပြပွဲလိုက်ပါသူ များ၏နာမည်စာရင်းများအား စစ်ကောင်စီက တောင်းနေသဖြင့် စိုးရိမ်နေကြရသည်ဟု ဆို သည်။

“ဆန္ဒပြပွဲကို လိုက်တယ်၊ စစ်တပ်ကို ထောက်ခံတယ်ဆိုတိုင်း စစ်မှုထမ်းချင်လို့မှ မဟုတ်တာဗျာ၊ ဒီကြားထဲ ပါတီဥက္ကဋ္ဌ ကြီး ဦးခင်ရီကလည်း အင်အား ၅ သောင်းပေးမယ်ဆိုပြီး ပြောထားတယ်၊ ပါတီကို ဝင်တယ်ဆိုတာက နိုင်ငံရေးအရ ဝင် ရောက် လှုပ်ရှားတာမျိုးလေ၊ စစ်မှုထမ်းချင်မှတော့ စစ်တပ်ထဲပဲ ဝင်မှာပေါ့၊ အများနည်းတူမဟုတ်ဘဲ စစ်မှုထမ်းဖို့ ခေါ် မယ်ဆိုရင်တော့ ကန့်ကွက်သင့်ရင် ကန့်ကွက်သွားမယ်” ဟု မန္တလေးမြို့ခံ USDP ပါတီဝင်တဦးက ပြောဟု ဧရာ၀တီသတင်းက ဆိုသည်။

ထို့ပြင် စစ်တပ်ထောက်ခံသူများက စစ်မှုထမ်းဥပဒေကို မင်းနှင့်ပြည်သူ ချစ်ကြည်ဖြူသည့် ကာလတွင်သာလုပ်ဆောင်သင့်ပြီး ယခုအချိန်၌ ပြန်လည်အသက်သွင်းခြင်းမှာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ရာကျ သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ လက်ရှိ မြန်မာနိုင်ငံတွင် လက်နက် ကိုင်ပဋိပက္ခများ၌ အရပ်သား ပြည်သူများကို စစ်ကောင်စီအပါအဝင် လက်နက် ကိုင် အဖွဲ့အစည်းအားလုံးက အဓမ္မ စစ်သားသစ် စုဆောင်း နေမှုများသည် စိုးရိမ်စရာ အခြေအနေဖြစ်နေသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နှင့် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) တို့က ၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည့်အပြင် စစ်ကောင်စီ၏စစ်ရာဇဝတ် မှုများ ဆက်တိုက်ကျူးလွန်နေမှုကို လည်း စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားသည်ဟု ဧရာ၀တီက ဖော်ပြသည်။

ဖက်ဆစ်စကစ၏ အပူတပြင်း အဓမ္မ စစ်သားသစ်စုဆောင်းနေမှုများကို လေ့လာလျှင် တိုင်းရင်း သားတော်လှန်ရေးအင်အားစုများဘက်က နယ်မြေသိမ်းပိုက်နိုင်သည့်အခြေအနေ တိုးတက်အောင် မြင်နေသည်ကို သက်သေခံလျက်ရှိသည်။ မၾကာသေးမီက NUG ယာယီသမတ က စစ်အာဏာ ရှင်စနစ်အမြစ်ဖြတ်ရန်ကြိုးပမ်းနေကြသော တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် PDF တပ်ပေါင်းစုများအနေဖြင့် သံပူခိုက်တွင် အားစိုက်ထုနှက်ကြရန်လိုသည်ဟု နှိုးဆော်လိုက်သည်ကို သတိပြုမိသည်။  မကြာသေးမီက တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်အချို့နှင့် သီးသန့် မီဒီယာအင်တာဗျူးများတွင် တရုတ်နှင့် အာဆီယံတို့၏သဘောထားအချို့ကိုလည်း သိရှိရသည်။ တရုတ်နိုင်ငံခေါင်းဆောင်တို့၏ သဘောထားမှာ နွေဦးတော်လှန်ရေးလှိုင်း ယခုထက်ပိုမိုကြီးမား ကျယ်ပြန့်လာမည်ကို စိုးရိမ်နေပုံရသည်။ ထို့‌ကြောင့် ယနေ့ထက်တိုင် စစ်ကောင်စီကို ဆက်လက်အထောက်အပံ့ပြုနေခြင်းဖြစ် သည်။ တရုတ်သည် လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးတွင် တိုက် ရိုက်ပါဝင်စွက်ဖက်မှုအလုပ်ဆုံးနိုင်ငံ ဖြစ်သည်။ အဓိကအားဖြင့် တရုတ်အစိုးရသည် တရုတ်အကျိုးစီးပွားအပေါ် အခြေခံ၍ ပါ၀င်ပတ်သက်နေ ခြင်းဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူတို့ကလည်း မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး အကျိုးစီးပွားအပေါ် အခြေခံရပေလိမ့်မည်။

၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်နေချိန် လားရှိုးမြို့ကို ခြိမ်းခြောက်နေစဉ် မြောက်ပိုင်းသုံးဖွဲ့အား ဖိအားပေးပြီး ရှမ်းမြောက်တွင်  အပစ်ရပ်စေခဲ့၏။ တရုတ်က အတင်းအကြပ် ဖိအားပေးခဲ့သည့် အတွက် “ဟိုင်ဂင် သဘောတူညီချက်” အပစ်အခတ်ရပ်စဲရေးစာချုပ်ကို မြောက်ပိုင်းသုံးဖွဲ့က လက်မှတ်ထိုးခဲ့ရသည်။  မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီတို့၏ တပ်ဖွဲ့များ ရောက်ရှိသည့်နေရာတွင် အပစ်ရပ်ထားရေးဆိုသည့် “ဟိုင်ဂင် သဘောတူစာချုပ်” အရ  ၂၀၂၄ ခု၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ က တရားဝင် အပစ်ရပ်ကြောင်း ထုတ်ပြန်ခဲ့သည်။ မြောက်ပိုင်းသုံးဖွဲ့အား တရုတ်တို့ အတင်းအကျပ်ဖိအားပေးပြီးပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေးသည် လက်တွေ့အားဖြင့် တရုတ်၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအကျိုးများအတွက် လက်မှတ်ထိုးလိုက်ရသည့်သဘောဖြစ်သည်။ တရုတ်အစိုးရက စေ့စပ်ဆွေးနွေးဖြေရှင်းရေးဟု ဆိုသော်လည်း လက်တွေ့တွင် စစ်ကောင်စီအား ထွက်ပေါက်တခု ဖန်တီးပေးခဲ့ခြင်းသာ ဖြစ်သည်။

တရုတ်က မြန်မာစစ်တပ် စစ်ရှုံးပြီး အခြေပျက်သွားပါက မြန်မာပြည် ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီး တရုတ် ၏ ရင်းနှီးမြှုပ်နှံများဖြစ်သည့် ရေနံပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေး ပုံမှန် လည်ပတ်မှုကို ထိခိုက်နိုင်သည်ဟု ထင်မြင်နေသည်။ ထို့ပြင် တရက်လျှင် ဒေါ်လာ ၁၀/၁၅ သန်းအထိ အရောင်းအဝယ် ရှိသည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်၍ အမြန် ပြန် ဖွင့်နိုင်ရန် စစ်ပွဲကို အမြန်ရပ်စေလိုသည်။ တရုတ်တို့သည် မြန်မာပြည်ပြဿနာကို မြန်မာပြည်သူများကသာ ဆုံးဖြတ်ရမည်၊ မြန်မာ့အရေးကို သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးဖို့လိုသည်ဟု ယေဘုယျ ပြောနေသော် လည်း လက်တွေ့တွင် တရုတ်အမျိုးသားအကျိုးစီးပွားလုံခြုံရေး အခြေခံပေါ်မှ စဉ်းစားလုပ်ကိုင်လျှက်ရှိ သည်။ လူသားချင်းစာ နာထောက်ထားမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည် ပြဿနာများကို တခွန်းမျှ ဖွင့်ဟပြောဆိုခြင်း မရှိသည်မှာ အလွန်စိတ်ပျက်စရာ ကောင်းသည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအ၀င် အိမ်နီးချင်းအာဆီယံ နိုင်ငံအများစုသည် မြန်မာပြည်သူတို့ ၏ တရားသော ဒီမိုကရေစီတော်လှန်ရေးစစ်ပွဲ ဆင်နွှဲရုန်းကန်နေမှုများကို မကူညီသည့်အပြင် တော် လှန်ရေးလမ်း‌ကြောင်းလွဲချော်စေရန်  ကြားဝင် စွက်ဖက် ဖိအားပေးနေသည်။ နွေဦးတော်လှန်ရေးလမ်းမလွဲစေရန် နွေဦးတော်လှန်ရေးဘက်တော်သားများအနေဖြင့် သတိကြီးစွာထားကြရမည့် အခြေအနေဖြစ်သည်။ ၂၀၂၄ တွင် နွေဦးတော်လှန်ရေး ပိုမိုအရှိန်မြင့်လာလျက်ရှိပြီး တော်လှန်ရေးကို ဆန့်ကျင်သူမှန်သမျှ ကျဆုံးတော့မည့်အချိန် နီးလာပြီဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရေးအတွက် မင်းအောင်လှိုင်မိသားစုကို ကာကွယ်နေသောစစ်သားများအနေဖြင့် အကြမ်း ဖက်စစ်တပ်အားစွန့်ခွာကြရန်အချိန်ကျပြီ ဖြစ်သည်။ ၂၀၂၃ တွင် နွေဦးတော်လှန်ရေးဘက်က ၈၀% အထိ အောင်မြင်မှုရရှိနေသည့်သက်သေများကိုလည်း မျက်၀ါးထင်ထင် မြင်နေရပြီ ဖြစ်သည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် အာဆီယံနိုင်ငံများအနေဖြင့် စစ်ကောင်စီ သက်ဆိုးရှည်စေမည့်လုပ်ရပ်များကို လုပ်မည့်အစား မြန်မာပြည်သူတို့၏ မူလသဘောထားကို သေသေချာချာ နားထောင်သင့်သည်။ မြန်မာလူထု၏ လိုလားချက်ကို ၀ိုင်း၀န်း ရပ်ခံပေးချိန်ကျပြီဟု သတိပေးလိုသည်။ ရုရှားအာဏာရှင်ပူတင်၏လမ်းစဉ်ကိုနမူနာယူ၍ စစ်ကောင်စီကကျင်းပရန်လုပ်နေသည့် အတုအ‌ယောင် ရွေးကောက်ပွဲ၌ ပါ၀င်ရန် ပြင်ဆင်နေကြသော နိုငံရေးပါတီအတုများသည်လည်း အချိန်မနှောင်းမီ ပြည်သူ့ဘက်သို့ ခို၀င်ကြစေလိုသည်။ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း တရုတ်-အာဆီယံတို့ ဖော်ဆောင်မည့် နိုင်ငံရေးဆွေးနွေးပွဲ အတုအယောင်များကို တစိုက်မတ်မတ်ကန့်ကွက်သွားစေလိုသည်။

ဤအတောအတွင်း NCA လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့အနက် ၇ ဖွဲ့က ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မျက်နှာစုံညီ အစည်းအဝေးကျင်းပပြီး NCA-s EAO ဆိုသော စုဖွဲ့မှု ပြုလုပ်လာသည်။ ရည်ရွယ်ချက်မှာ ယင်းအဖွဲ့များအနေဖြင့် လက်ရှိအခြေအနေကို နိုင်ငံရေးနည်းအရ ရှုမြင်ချဥ်းကပ်ကြမည်ဟုဆိုသည်။ 7 EAO Alliance ဟူ၍ အမည်သစ်ဖန်တီးဖွဲ့စည်းပြီး လုပ်ဆောင်သွားမည်ဟု ကြေညာချက် တရပ် မတ်လ ၁၈ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ အသစ်ဖွဲ့လိုက်သည့် 7 EAO Alliance ၏ရည်ရွယ်ချက်၌ “မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာအင်အားစုများနှင့်ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ကြိုးပမ်းအားထုတ်သွားမည်” ဟုဖေါ်ပြထားသည့် ထုတ်ပြန်ချက်ကို တွေ့ရသည်။

အသစ်ဖွဲ့လိုက်သည့် 7 EAO Alliance (၇) ဖွဲ့အနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည်။ ဒုတိယနေရာ၌ မွန်ပြည်သစ်ပါတီ MNSP ရှိသည်။ ဤ ၇ ဖွဲ့ကို ဦးဆောင်မည့်သူမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဖြစ်သည်။ ဒုတိယ ခေါင်း ဆောင်အဖြစ် မွန်ပြည်သစ်ပါတီမှ နိုင်အောင်မင်းက တာဝန်ယူမည်ဟု သတင်းများတွင် ဖော်ပြထားသည်။ KNU/KNLA (PC) အဖွဲ့သည် စစ်ရေး လှုပ်ရှားမှုမရှိသော်လည်း ထိန်းချုပ်နယ်မြေ အထိုက်အလျောက်ရှိသည်။ ထို 7 EAO Alliance သည် ရှမ်း၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် ဖြစ် ပွားနေသော လက်နက်ကိုင်ပဋိပက္ခ၊ စစ်ဘေးရှောင်ဒုက္ခသည်အရေး အရပ်သားထိခိုက်သေဆုံးမှု စသည့် ပြဿနာများတွင် မည်၍မည်မျှအထိ ပါ၀င်ဖြေရှင်းနိုင်မည်နည်း ဆိုသည်ကို စောင့်ကြည့်ရမည့်အနေအထားဟု ဆိုနိုင်သည်။

လက်ငင်း မြန်မာ့နိုင်ငံရေးအလားအလာသည် ဂျန်ဇီး(Gen-Z) တို့၏ အဆုံးအဖြတ်အပေါ်တည် လိမ့်မည်ဟု ယူဆသည်။ Gen XYZ လူငယ်များနှင့် ပြည်သူတို့၏ ရည်မှန်းချက်မှာ စစ်အာဏာ ရှင်စနစ် လုံးဝချုပ်ငြိမ်းရေးဖြစ်သည်။ အရေးတော်ပုံအောင်ရမည်ဆိုသော ကြွေးကြော်သံများကလည်း နိုင်ငံတခွင်လုံးအား မိုးချုန်းသံသဖွယ် အဆက်မပြတ် မြည်ဟီး နေသည်။ တချိန်တည်းတွင် စကစဘက်သားများဘက်ပြောင်းသည့် CDM လှုပ်ရှားမှုနှင့်အတူ အလံဖြူထောင်သည့် တပ်ဖွဲ့အရေ အတွက်လည်း များသည်ထက်များ လာနေသည်။ စစ်အာဏာရှင်တို့၏ လက်နက်အားကို အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုများ ဆိုးရွားပြင်းထန်လာနေသော်လည်း နွေဦးတော်လှန်ရေး ဘက် တော်သားများက အောင်ပွဲမရမချင်း နောက်ဆုတ်မည့် သဘောထားမရှိကြောင်း မြေပြင်အခြေ အနေများက သက်သေပြနေသည်။

စစ်တပ်က စစ်တန်းလျားသို့ ပြန်ရန် ငြင်းဆန်နေသမျှ နိုင်ငံရေးနည်းအရ အဖြေရှာရေးဆိုသည်မှာ ဖြစ်နိုင်ခြေ လုံး၀မရှိသည့် အဆိုပြုချက်လည်း ဖြစ်နေသည်။ တနည်းအားဖြင့် အသစ်ဖွဲ့လိုက်သည့် 7 EAO Alliance တို့၏နိုင်ငံရေးမျှော်မှန်းချက်သည် တရုတ်နှင့်အာဆီယံတို့၏မူ၀ါဒအား ထောက်ခံလိုက်ပါလိုသည့် သဘောမျှသာဖြစ်သည်။ 7 EAO Alliance တို့အနေဖြင့် စစ်ကောင်စီ သက်ဆိုး ရှည်စေမည့် မူ၀ါဒများကို စွန့်လွှတ်၍ မြန်မာပြည်သူအများစု၏ ခံယူချက် သဘောထားကို သိရှိအောင် ဦးစွာလုပ်သင့်ပေသည်။ 

နွေဦးတော်လှန်ရေး အင်အားစုများအတွင်း၌လည်း နိုင်ငံရေး/စစ်ရေး တာဝန်ရှိသူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏စစ်ရေး နိုင်ငံ ရေးလုပ်ငန်းစဉ်များကို လေ့လာဆန်းစစ်၍ ဆက်စပ် ၀န်းရံမှု ပေးကြရန် လိုပေသည်။ အထူးသဖြင့် ဖက်ဒရယ် ဒီမိုကရေစီဖြင့် ငြိမ်းချမ်းသော လူမျိုးစုံနိုင်ငံအဖြစ် ပြန်လည် တည်ထောင်ရန် တူညီသော လုံ့လ၀ါယမဖြင့် သွေးစည်းညီညွတ်စွာ ဗျူဟာ‌မြောက် လက်တွဲဆောင်ရွက်ကြစေ လိုသည်။ လူထုကိုယ်စားပြု ဒီမိုကရေစီ အစိုးရတက်လာမည်ကို တရုတ်က လိုလားခြင်းမရှိသည့်အချက်ကို သတိပြုရမည်။ မြန်မာနိုင်ငံတွင် ဖက်ဆစ်မင်းအောင်လှိုင်ကဲ့သို့သော ခပ်ညံ့ညံ့ခေါင်းဆောင်မျိုး ရှိမှသာလျှင် တရုတ်အဖို့ ပို၍အကျိုးရှိမည်ဟု တွက်ထားပုံရသည်။ ထို့ကြောင့် ယခုအချိန်အထိ နွေဦးတော်လှန်ရေးဘက် မြန်မာပြည်သူလူထုဘက်ကို ထောက်ခံရန် တရုတ်နိုင်ငံက ခေါင်းရှောင်နေခြင်းဖြစ်သည်။  မြန်မာ တိုင်းရင်သား ပြည်သူအများစုကြီးကလည်း ယခုအခါ မညံ့ကြတော့ ပါ။ ခေတ်သစ်နယ်ချဲ့၀ါဒဖြင့် မြန်မာနိုင်ငံကို ကျွန်ပြုရန် ကြံနေသည့် တရုတ်၏ နည်းပရိယာယ်များကို သိရှိနေကြပြီးဖြစ်သည်ဟု ယူဆပါသည်။ 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး (United Nations)ကိုယ်တိုင် နှုတ်၏ စောင်မခြင်း(lip-service)  မျှသာလုပ်ပေးနိုင်သည့် ယနေ့အချိန်ကာလမျိုးတွင် လူငယ်ထုအကြား ရေပန်းစားသည့် "ငါတို့မှာ ငါတို့ပဲ ရှိတယ်" ဆိုသည့် ယုံကြည်ချက်အတိုင်း မြန်မာနိုင်ငံသားများအနေဖြင့် "ကိုယ့်၀န်ကိုယ်ထမ်း၍ ကိုယ့်လမ်းကို လျှောက်" ကြရပေလိမ့်မည်။ အရေးတော်ပုံ အောင်ရမည်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar