မောင်တူး - တွေ့တယ် မတွေ့ဘူး
မောင်တူး
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၃
"တွေ့ကြတယ်။" တဲ့
"အတွေ့မခံဘူး။" တဲ့
"ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့တယ်လို့အတည်ပြု။"
"Irrawaddy Time သတင်းက ၂ ကြိမ်တောင် သွားတွေ့တာကို ၂ ကြိမ်စလုံး အတွေ့မခံဟု သတင်းထုတ်။" (ကာဖီတိုက်ပြီး ပြန်လွှတ်လိုက်ပါလို့ ပြောခဲ့သလားမသိ။)
"Kyodo က တွေ့တယ်လို့ ထုတ်။"
"NUG ကိုနေဘုန်းလတ်" ကတော့ တွေ့တာကို အတည်မပြုနိုင်သေးဘူး တဲ့။
" Reuter ကလည်း တွေ့ခဲ့ကြောင်း သတင်းတက်လာပြန်သတဲ့။
"ဗိုလ်ကြီးနေမျိုးဇင်" ကလည်း အတွေ့မခံပါဘူးလို ပြောပြန်။
သေချာတာကတော့ ကြိတ်ဝိုင်း ဖြစ်နေတာပါ။ သေချာတာကတော့ မပွင့် လင်းတာပါ။ သေချာတာကတော့ လူသိမခံဝံ့တဲ့ စစ်အာဏာရှင်လက်ထဲမှာ ဒီလိုမျိုး ဟုတ်တယ် မဟုတ်ဘူးတွေကတော့ ရှိနေဦးမှာပါ။ ဒါတွေဟာ နွေဦးတော်လှန်ရေးပြီးလို့ အောင်ဆန်းစုကြည်လက်ထဲရောက်ရင် အကုန်ရှင်းသွားပါလိမ့်မယ်။ အောင်ဆန်းစုကြည် လက်ထဲရောက်ရင် "ဟုတ်တယ်။ မဟုတ်ဘူးတွေ" နည်းသွားမှာပါ။ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် လက်ထဲ ရောက်ရင်တောင်မှ အကုန်ရှင်းသွားနိုင်ပါရဲ့။ နန်ခင်ထွေးမြင့်ကို လာဖမ်းတော့ လာဖမ်းတဲ့တပ်မှူးက NLD က "မဲမသမာမှုကြောင့် ဖမ်းရ သိမ်းရပါတယ်" တဲ့။ နန်းခင်ထွေးမြင့်က "မဲမသမာတာတွေ ဘာတွေ ရှုပ်အောင်လုပ်မနေပါနဲ့ရှင်"တဲ့။ "အခုပဲ ရှင်နဲ့ကျမ ပြိုင်ရွေးမယ်။ ဘောလုံးကွင်း တဖက်စီမှာ နေကြမယ်။ ရှင့်ဖက်ရပ်ရင် ရှင့်လူ။ ကျမဖက်ရပ်ရင် ကျမကို မဲပေးတဲ့လူ။ ပြိုင်ရွေးကြည့်မလား" လို့ ပြောခဲ့တာလေ။ လာဖမ်းတဲ့တပ်မှူးမှာ ဘာမှ မပြောနိုင်ပဲ စပ်ဖြီးဖြီးကြီး နေသတဲ့။ လူကြီးရှက်တော့ ရယ်တယ်ဆိုလားပဲ။ အဲ့သည်လို ဘွင်းတဲ့ ရှင်းတဲ့ ပြတ်သားတဲ့ မုသာဝါဒမသုံးတဲ့ အကွယ်အဝှက်မရှိတဲ့ ကြိတ်ဝိုင်းမရှိကြတဲ့ နန်းခင်ထွေးမြင့်တို့ အောင်ဆန်းစုကြည်တို့ပါတကား။
အခုကတော့ "တွေ့တယ် မတွေ့ဘူး မတွေ့ဘူး တွေ့တယ်" ဇာတ်လမ်း ပေါ့။
ဒီဇာတ်မကြာခင်ရှင်းသွားမှာဖြစ်ပေမဲ့ မရှင်းသေးနောက်ဇာတ်လမ်းက တော့ "NLD က မဲမသမာမှု လုပ်တယ်။" "NLD က မဲမသမာမှု မလုပ်ဘူး" ဆိုတဲ့ ဇတ်လမ်းလေ။ ဒါကလည်း လူထုက ရှင်းပြီးသား။ ရှင်းပုံပြောပြပါမယ်။
# NLD မဲမသမာမှုလုပ်တယ်မလုပ်ဘူးလုပ်တယ်မလုပ်ဘူး
နိုင်ငံကျော်စကားတခွန်း ရှိခဲ့တယ်။ အဲ့ဒါကတော့ "ဖဆပလအမတ်ဆိုရင် ခွေးမြှီးဖြတ်ပြီးရွေးတောင် မဲနိုင်ပြီးသား" ဆိုတဲ့စကားပါပဲ။ ဒီစကား ပေါ်ပေါက်လာရပုံကတော့ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်မှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးပါတီ (ဖဆပလပါတီ) ဟာ လူထုက ကြိုက်လွန်းလို့ ဘယ်လို အမတ်လောင်းမျိုးကို တင်ရွေးရွေး မဲ အပြတ်အသတ် နိုင်ပြီးသား ဖြစ်တယ်လို့ တင်စား ပြောကြတာပါ။ အတိဿရဝုတ္တိ အလွန်အကြူး ဖွဲ့ဆိုတဲ့စကားပေါ့။ ယုတ်စွအဆုံး ဖဆပလ အမတ်ဆိုရင်လူမပြောနဲ့ ခွေးမပြောနဲ့ "ခွေးမြှီးဖြတ်ပြီး ရွေးရင်တောင် မဲနိုင်ပြီးသား" ပေါ့။
လူထုဟာ စစ်တပ်က နိုင်ငံအုပ်ချုပ်တာမကြိုက်ဘူး။ ၁၉၈၈ မှာ ၈၈၈၈ အရေးတော်ပုံကြီးကို အသေခံ ထောင်အကျခံဆင်နွှဲပြီး စစ်တပ်ပါတီ မဆလကို ဖျက်သိမ်းခိုင်းခဲ့တာ တတိုင်းပြည်လုံး အသိပါ။ ၁၉၉၀ ရွေးကောက် ပွဲမှာလည်း စစ်တပ်ပါတီ (တစည - တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ကို မဲမပေးခဲ့ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကိုသာ ပုံအော မဲပေးခဲ့ကြတာလေ။ ၁၉၉၀ မှာ NLD အပြတ်အသတ်နိုင်ခဲ့တာပ။ NLD အမတ်လောင်းဆိုရင် ခွေးမြှီးဖြတ်ရွေးလည်း မဲပေးမယ်ဆိုတာမျိုးပေါ့။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာကရော NLD ကိုပဲ ပြည်သူတွေက ပုံအော ထည့်ခဲ့ကြတာလေ။ တပြည်လုံးသိပါရဲ့။ တကမ္ဘာလုံး သိပါသလေ။ ငြင်းမရပါ။
၂၀၁၅ ရွေးကောက်ပွဲလည်း NLD အပြတ်အသတ်နိုင်ပြီး အစိုးရတောင် ၅ နှစ် လုပ်ခဲ့ပြီးပါပြီ။ (မင်းလည်း သိတယ် ငါလည်းအသိ) သီချင်းစာသားလေးလိုပါပဲ။ NLD ဆို ခွေးမြှီးဖြတ်ရွေးတောင် နိုင်တာပဲလို့ တနိုင်ငံလုံး ပြောခဲ့ကြတာပါ။
၂၀၂၀ ရွေးကောက်ပွဲကရော NLD ပဲနိုင်တာပဲလေ။ ၁၉၉၀ ၊ ၂၀၁၂ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေ အဆက်ဆက်မှာလိုပဲ NLD ပဲနိုင်တာလေ။ စစ်တပ်ပါတီ ပြည်ခိုင်ဖြိုးက ခွက်ခွက်လန်ရှုံး၊ စစ်တပ် Proxy ပါတီတွေ ဘဲဥမကွဲ ရှုံးခဲ့လို့ အာဏာသိမ်းတာကိုများ NLD က မဲစာရင်း မသမာသလေး ဘာလေးနဲ့ မုသာဝါဒတွေ ပြောကြတာပါ။ တခွန်းထဲ ပြောလိုက်မယ်။ NLD ဆို ခွေးမြှီးဖြတ်တင်ရွေးတောင် နိုင်ပါတယ်ဗျာ။ မဲခိုးစရာမလိုပါဘူး။
# မှန်တယ်မမှန်ဘူးစာရင်းမှားတွေနဲ့စစ်အာဏာရှင်
စစ်အာဏာရှင် ဦးနေဝင်း (မဆလအစိုးရ) လက်ထက် ၁၉၈၄ ခုနှစ်ကပေါ့။ တိုင်းပြည် အထွက်တိုးစပါး တဧကကို တင်း ၁၀၀ ကျော် ထွက်အောင် စိုက်ကြ ရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ ငါ၏အမိန့် တဧက ၁၀၀ တင်း ထွက်စေ ပေါ့။ သူ့ရဲ့ အထူးစမ်းသပ်ကွင်းမှာ စမ်းသပ်ထားတာလေ။ နိုင်ငံတော် အထူး စမ်းသပ်ကွင်း ဆိုတာ မျိုးစပါး ကောင်းကောင်း (ကုန် သွယ်ရေးက အလကားရထား) ဓာတ်မြေဩဇာလိုသလောက် (အလကားရထားတာ၊ စစ်တပ်အမိန့်နဲ့)၊ ပိုးသတ်ဆေးလိုသလောက်ရ၊ ရေဆိုလည်း စက်နဲ့လိုသလောက် မောင်းသွင်းလို့ရ (ရေစုတ်စက်ကော၊ စက်လည်ဘို့ ဓာတ်ဆီကော အလကားရထား) တွေနဲ့ လယ်စိုက်ကြတာပေါ့။ တဧက တင်း ၁၂၀ ထွက်သတဲ့။ ဒါကို အာဏာရှင်ကြီးက တိုင်းပြည်လယ်စိုက်ဧကပေါင်း ၁၃ သန်း X ၁၂၀ တင်း = ၁၂၀၀ (တင်းသန်းပေါင်း) စပါးထွက်ရမည် ဆိုပြီး သတ်မှတ်လိုက်တော်မူတယ်။ စပါးရိတ်သိမ်းချိန် ကုန်သွယ် ရေးဌာန စပါးဝယ်ပြီးချိန်ကျတော့ စပါးတင်းရေက အဲ့သည့် သတ်မှတ်ချက် တဝက်တောင် မရှိပါ။ ဒါကို စပါးမထွက်ရမည်လား ဆိုပြီး အာဏာ ရှင် ဦးနေဝင်းက ဒေါသူပုန်ထ သတဲ့။ တကယ်က စာရင်းသတ်မှတ်ချက်ကိုက မှားတာလေ။ တင်း ၁၂၀ ထွက်ရမည်လို့သတ်မှတ်တယ်။ မြေပြင်မှာတကယ်က တဧက ၃၅ တင်းထွက်တဲ့ လယ်တောင် ရှိနေတာကလား။ တင်း ၁၀၀ ထွက်ဖို့မပြောနဲ့ ၇၅ တင်း ၈၀ ထွက်ဖို့တောင် အနိုင်နိုင်ပါ။ မိုးမကောင်းတဲ့လယ်။ ရေနည်းကွင်းလယ်ဆိုတာလည်း ရှိသေး။ ဆားကျတ်ကွင်းတဲ့ စပါးက စိုက်လို့တောင် မရတဲ့ဧကတွေလဲ အများကြီး။
ဓာတ်မြေဩဇာ မှောင်ခိုက ဈေးကြီးကြီးပေး ဝယ်ကြရတာ။ ပိုးသတ်ဆေးလည်း ဈေးကြီးတာတွေကို စစ်အာ ဏာရှင်ကြီး မသိ။ ငါ၏အမိန့် တပြည်လုံးမှာ စပါးစိုက်လယ် တဧက တင်း ၁၂၀ ထွက်ရမည်ဆိုတာကြီး။ စာရင်းမှားကြီး။ ၁၉၈၄ က ဖြစ်ခဲ့တာပေါ့။ အခု မင်းအောင်လှိုင် လက်အောက်မှာဆို ပိုဆိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတို့ တွေ့ရင် တွေ့တယ် ပြောပေါ့။ မြဝတီ MRTV မြန်မာ့အသံတွေက ကြေညာလိုက်ရင် ရှင်းနေတာပါ။ မကြေညာရဲတာကိုက စစ်အာဏာရှင် ကျဆုံးခန်း နီးနေပြီဆိုတာ ပြလိုက်တာပါ။ သတင်းထိမ်တယ်၊ သတင်းဝှက်တယ်။ မမှန်သတင်းထုတ်တယ်။ မှားနေတာကို မှန်တယ်လို့ ပြောတယ်။ မုသာဝါဒကံ မထိမ်းနိုင်။ သာသနာပြုမင်း မဟုတ်။ သာသနာပြုမင်း ဟုတ်ဖို့ဝေးလို့ ၅ ပါးသီလတောင် မထိမ်းနိုင်သူများပါပေ။
# ခိုးကြောင်ခိုးဝှက်စစ်အာဏာသိမ်းနိုင်ငံတော်
ဝန်ကြီးချုပ် ဦးနုကို ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်က စစ်တပ်ကဖမ်းပြီး ထောင်ထဲထည့်လိုက်တယ်။ မနက်ပိုင်း သူ့အိမ်ကိုဝင်သိမ်းတဲ့ စစ်ဗိုလ်က သူ့မျက်နှာလူမြင်မှာကို ရှက်လို့ (စိုးရိမ်လို့ ) ဦးခေါင်းကို လုံခြည်နဲ့ အုပ်ထားသတဲ့။ တောရွာတွေမှာ ရှေးက ဓားပြတိုက်သလို လုံခြည်ကို ခေါင်းမှာစည်းထားပြီး မျက်လုံးနေရာလေးပဲ ဖော်ထားသတဲ့။ ရာဇဝင်ထဲက သူခိုးကြီး ငတက်ပြားပုံစံမျိုးပေါ့။ ဦးနုရဲ့သမီးတွေက နင်ဘယ်သူလဲ။ နင်ဘာလို့ မျက်နှာကို အုပ်ထားတာလဲဆိုပြီး လုံခြည်စည်းထားတာကို ဝိုင်းပြီးဖြည်ထုတ်ပြီး ကြည့်လိုက်တော့မှ . . . လား လား ... ဗိုလ်စိန်လွင် ဖြစ်နေတာကိုး။ (ဒါက ဦးနုရဲ့ တာတေစနေသား စာအုပ်မှာ ထင်ပါရဲ့ ဖတ်ခဲ့ဖူးတာ)။
စစ်တပ်က အာဏာသိမ်းတာပဲ။ သေနတ်ရှိတာပဲ။ ဘယ်သူမှလည်း ပြန်မပြောရဲကြပါဘူး။ သတ္တိရှိရှိပေါ့။ ရဲရဲရင့်ရင့်ပေါ့။ အခုတော့ ခေါင်းမြှီးခြုံပြီး သိမ်းသတဲ့။ အခုလည်း ကြည့်ပါဦး။ ယိုးဒယားရွှေပြည်တော်က နိုင်ငံခြားဝန်ကြီးကို ဗမာပြည် နေပြည်တော်ကို ခိုးကြောင်ခိုးဝှက် စစ်အာ ဏာသိမ်း နိုင်ငံတော် အကြီးအကဲတွေက နေ့ ချင်းပြန် ခေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အရင်အကြိမ်တွေက လက်ဖက်ရည်တိုက် ပြန်ခိုင်းခဲ့တာလေ။ အခုကော တွေ့သလား။ မတွေ့လား။ မရှင်းမရှင်း။ အဲ့ဒါပြောတာပေါ့။ စစ်အာဏာရှင်တွေဟာ သေနတ်ကြီးတွေလည်း ရှိတယ်။ တပ်ကြီးတွေလည်း ရှိတယ်။ ရှင်းရှင်းပေါ့။ ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းတယ်။
ပြတ်ပြတ်ပြောပေါ့။ အာဏာ အစိတ်သား တင်းမတိမ်လို့ ရာနှုန်းပြည့်သိမ်းတယ်ကွာ။ ဘာဖြစ်လဲ။ မလုပ်ရဲတာဘာမှ မရှိဘူးကွ။ ဒီလို မပြောရဲဘူး။ ဗိုလ်စိန်လွင် ခေါင်းမြှီးခြုံ အာဏာသိမ်းသလိုမျိုး ခိုးကြောင် ခိုးဝှက် လုပ်နေပြန်။ ကိုယ့်ဘာသာ ကိုယ်လိုချင်လို့ သိမ်းတာများ NLD မဲခိုးလို့တဲ့။ မိုးကုတ်ဆရာတော်ဘုရားကြီးက ပပဝင်းရုံမှာ ရုပ်ရှင် ကြည့်ချင်တယ်ဆိုတာမျိုးပေါ့။ ဟာသတွေပြောတတ်ပ။ ဇာဂနာ အရိုင်းတို့ထက် ပိုရယ်ရလို့ တတိုင်းတပြည်လုံး တကမ္ဘာလုံး ဟားတိုက်ရယ်နေကြရပါပြီကော။
# သင်္ကြန်မှာသေတဲ့ ၄၉၉ လောင်းကိုဝှက်ထားနိုင်သူများ
တွေ့တယ်။ မတွေ့ဘူး ဒွိဟ အခု ပြောနေကြရပြီ။ မဲစာရင်းမှားတယ်။ မမှားဘူး။ ပြောနေကြရတာလည်း ၂ နှစ်ခွဲနီးပါးကြာပြီ။ အခုထပ်ပြီး ထူးထူးဆန်းဆန်း ပြောချင်တာက စစ်အာဏာရှင်က ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလမှာ သေဆုံးတဲ့ လူ ၄၉၉ ယောက်ကို ဝှက်ထားတဲ့ကိစ္စ။ ဟုတ်တယ်။ ကျနော်က DVB သတင်းထောက်။ စစ်ပွဲတွေမှာ တပတ်အတွင် ဘယ်လောက် သေဆုံးတယ်။ တပတ်တွင်း သွေးလွန်တုပ်ကြောင့် ဘယ်လောက်သေ စသဖြင့် စာရင်းချုပ် လုပ်တယ်။ တီဗွီမှာ လွှင့်ဖို့။ ထိုင်းမှာဆို သင်္ကြန် ၅ ရက်မှာ လူ ၃၀၀ သေတယ် စသဖြင့် သတင်းချုပ် ထုတ်လေ့ရှိတယ်။ မှန်ကန် တိကျတဲ့ လူဦးရေစာရင်းကို သတင်းထောက်တွေ ထိုင်းအစိုးရဆီမှာ တောင်းယူနိုင်တယ်။ မြန်မာပြည်မှာတော့ အစိုးရမှာ တောင်းလို့မရပါ။ ကိုယ့်ဘာသာကိုယ်စုယူရတယ်။ ဒီတော့ ၂၀၁၈ သင်္ကြန်မှာ မြဝတီ၊ ဘားအံ၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ပဲခူး၊ မုံရွာ၊ စေတုတ္တရာ စတဲ့စတဲ့ တိုင်းပြည်တဝန်းမြို့တိုင်းလိုလိုက DVB သတင်းထောက်တွေပို့လာတဲ့စာရင်းတွေအရ သင်္ကြန်ကာလသေဆုံးသူ ၄၀၀ ကျော်ရရှိတယ်။ ဒီဗွီဘီကကြေညာဖို့တင်ပြတော့ အစိုးရ ထုတ်ပြန်ချက်ကိုပဲထုတ်မယ်လို့ အယ်ဒီတာက ဆုံး ဖြတ်တယ်။ အစိုးရကလည်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အတိုင်း သတင်းထုတ်ပါတဲ့။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၁၈ မဟာသင်္ကြန်ကာလ သေဆုံးသူ ၃၉ ဦး ရှိတယ်လို့ ကြေညာချက်ထုတ်တယ်။ အဲ့သည်ကြေညာချက်ကိုတောင် နှစ်ဆန်း ၂ ရက်သတင်းစာမှာမှ ဖတ်ရတာ။ အဲ့သည် ၃၉ ဦး အသေစာရင်းပဲ DVB က ကြေညာရတယ်။
တကယ်သေတာ ၄၀၀ ကျော်က ပြည်သူလူထု မသိရဘူး။ တကယ့်အမှန်ကို နောက်တနှစ်ကြာမှ ကြေးမုံ သတင်းစာက ထုတ်တယ်နော်။ ၂၀၁၈ သင်္ကြန်မှာ လူ ၄၉၉ ဦးသေသတဲ့။ အဲ့သည်လိုထုတ်ပြန်တာကိုတော့ စစ်စစ်ပေါက်ပေါက်ဖတ်မှ တွေ့နိုင်တာပါ။ ၂၀၁၉ သင်္ကြန်ကျဖို့ တပတ်အလို သင်္ကြန်ကာလ လူသေဆုံးမှု့နည်းရေး အစည်းအဝေး ဦးဆောင်လုပ်တဲ့သတင်းမှာ ဦးဟင်နရီဗန်ထီးယူက ၂၀၁၈ မနှစ်က သင်္ကြန်မှာ တိုင်းပြည်တဝန်း လူ ၄၉၉ ဦး သေခဲ့ကြောင်း၊ ယခုနှစ်မှာ အသေနည်းရန် ကြိုတင်စီမံထားရန်လိုကြောင်း ဆိုတာကို သွားဖတ်မိတော့မှ ဪ သေဆုံးသူ ၄၉၉ ယောက်ကိုတောင် ဝှက်ထားပြီး ၃၉ ဦးသာ သေကြောင်း လိမ်လည် ကြေညာခဲ့တာပါလားလို့ သိလိုက်ရပါတော့တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်သူသိအောင် (လိမ်ပြီး) ထုတ်ပြန်တာလ ၃၉ ယောက်၊ အထက်ကို အစီရင်ခံ သတင်းပို့ထားတာတာက (အမှန်အတိုင်း) ၄၉၉ ယောက် ဖြစ်နေတာကိုး။ လိမ် ငြာ မုသား စကားမမှန် သစ္စာပြန်စူး ခံရပေဦးတော့မည်တကား။
#စကားသစ္စာ"
စကားသစ္စာ၊ တည်သောအခါဝယ်
ဩဇာလေးနက်၊ ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏။ ။
(ရှင်မဟာသီလဝံသ)
အင်းဝခေတ် ရဟန်းစာဆိုကျော် ရှင်မဟာသီလဝံသ (၁၄၅၃ -၁၅၁၈) ရေးသားသီကုံးတော် မူခဲ့သော စကားသစ္စာ သံပေါက် ကဗျာဟာ နှစ်ပေါင်း ၇၀၀ ကျော် ကြာခဲ့ပြီ။ စကားသစ္စာ တည်ကြည်မှုဟာ မြက်ပင်ကိုတောင် ဆေးပင် ဖြစ်စေသည့် လွန်ခဲ့သော နှစ် ၇၀၀ ကျော်က စကား မှန်နေဆဲပ။ မြန်မာပြည်မှာ ပြည်သူ့ဖက်နဲ့ စစ်အာဏာရှင်ဖက် ၂ ဖက် တိုက် ပွဲဟာ ဒီနေ့ နွေဦးတော်လှန်ရေးအတွင်း အရှိန်ပြင်းထန်သည်ထက် ပြင်းထန်လာနေတယ်။
ပြည်သူ့ဖက်က ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စကားသစ္စာ တည်သူတယောက်ပါ။ လုပ်မည့်ဟာကို ကြိုတင်ပြောပြီး ကြိုတင်စီစဉ်လုပ်သူ။ ပြည်သူသည်သာ အဓိကလို့ ကြွေးကြော်သူ။ ပြည်သူ့အတွက် သူ့အသက် သူ့ခန္ဓာ သူ့လင် သူ့သား မိသားစုတွေကို အကုန်စွန့်လွတ်ရဲသူ၊ သူလုပ်သမျှ အောင်မြင်ခဲ့သူ။ နောက်ထပ်လည်း ရှေ့ကို ဆပွား အောင်မြင်သွားဦးမည့်သူပါပေ။
ပြည်သူ့ဆန့်ကျင်ဖက် မင်းအောင်လှိုင် အပါအဝင် စစ်အာဏာရှင်တွေကတော့ စကားသစ္စာ မရှိသူများပါ။ အရာရာ လူမသိသူမသိ ခိုးကြောင် ခိုးဝှက် လုပ်သူတွေပေါ့။ ပြည်သူကို ပမာမထား၊ ပြည်သူကို သတ်၊ ပြည်သူ့မြို့ရွာတွေကို မီးရှို့ လုယက် ပါးစပ်ကထုတ်အော်ပြောလို့ မသင့်တဲ့ ဒု စရိုက်မှုတွေကို ကျူးလွန်သူများ။ ပြီးတော့မှ ဒါတွေကို PDF တွေ တိုင်းရင်း သားလက်နက်ကိုင်တွေက လုပ်တယ်လို့ ပြောင်လိမ်ပြောသူများဖြစ်ပါတယ်။
ပြည်သူလူထုကို စော်ကားပြီး "တပ်မတော်သာအမိ တပ်မတော်သာအဖ" လို့ ကြေညာထားသူများပါ။ အခုလည်း "တွေ့ကြတယ်။ မတွေ့ကြဘူး၊ မတွေ့ကြဘူး။ တွေ့ကြတယ်။" ဆိုတာတွေဟာ သူတို့ရဲ့ ခိုး ကြောင် ခိုးဝှက် လုပ်ရပ်ကနေ ပေါ်ပေါက်လာရတာပဲ မဟုတ်ပါလား။ သစ္စာမရှိ၊ ကတိမမြဲ၊ လိမ်မြဲလိမ်စဉ်၊ အာဏာရှင်တို့သည်ကား ပြည်သူ့ထောက်ခံ ကူညီမှု ဆုံးရှုံးသွားပါပြီ။ ဒါကြောင့် ဘာလုပ်လုပ် လုပ်တိုင်းရှုံးနေကြရဦးမှာပါ။ တနေ့ထက်တနေ့ ရှုံးပွဲတွေသာ တွေ့နေကြရမည့်သူများပါ။
ကြုံတုန်း ပြောရဦးမည်။
PDF တို့၏ ပြည်သူ့တော်လှန်ရေးက သုညက စခဲ့၍ အခု ၅၀ ရာခိုင်နှုန်းကျော် ခရီးပေါက်လာပြီး ပန်းတိုင်သို့ တဖြည်းဖြည်း တိုးတက်ချီတက်လာနေလေပြီ။
စစ်အာဏာရှင်တို့ကား မူလ ၁၀၀ ရာခိုင်နှုန်းပြည့်ကနေ ၅၀ ရာခိုင်နှုန်းအောက် ကျဆင်းနေပြီး သူ့ရဲ့ အရှုံးဇာတ်သိမ်းဆီသို့ (တွေ့ကြတယ် မတွေ့ကြဘူး) ဒွိဟ ဝိဝါဒတွေကို ဖြစ်စေသော သူတို့ရဲ့ မုသာဝါဒ၊ သူတို့ရဲ့ သစ္စာမဲ့ခြင်း ဝန်ထုပ်ဝန်ပိုးကြီးများကြောင့် တဖြည်းဖြည်း လျှော့ကျ နိမ့်ဆင်း လာနေကြပါပြီ။ ။
မောင်တူး
* ၂၀၁၆ ခုနှစ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai မြန်မာနိုင်ငံသို့ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူတွေ့ရစဉ်။
Photo - EPA
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar