နိုင်မွန်အောင်သွင် - ငှက်ကြီးတောင်ရဲ့ ရက်ရာဇာ
နိုင်မွန်အောင်သွင်
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၃
နံရံမှာ
အလှချိတ်ထားခဲ့ဖူးတဲ့
ကျက်သရေအဖြာဖြာနဲ့
အေးတိအေးစက်ဓားတလက်မျှသာပါ။
ငှက်ကြီးတောင်ဓားဟာ
မီးလျှံတွေကို ဖြတ်သန်းခဲ့ရတယ်
မေတ္တာတရားမှာ ရင်ငွေ့လှုံခွင့်ရတယ်
ဖြောင့်မတ်ထက်သန်စွာအသက်ရှင်ရေးအတွက်
အကြိမ်ကြိမ်ထုနှက်ပုံသွင်းခံခဲ့ရတယ်။
တင်စားရမလား
နှိုင်းယှဉ်ရမလား
ငှက်ကြီးတောင်ဓားဟာ
မြင့်မိုရ်တောင်ကိုရွက်ထားဖို့မရည်မှန်းခဲ့သလို
ဆီးစေ့ကို ခုတ်ပိုင်းဖို့ကိုလည်း ကြံကြီးစည်ရာလို့ သဘောထားတယ်။
ရူးသွပ်နေသူများနဲ့ သီချင်းအတူဆိုနိုင်ဖို့
ရွှေခွက်ပျောက်နေသူများနဲ့ သင်္ဘောအတူမှောက်ဖို့
ငှက်ကြီးတောင်ဓားဟာ
ဘုရားပွဲစျေးတန်းလို ပြောင်ပြောင်လက်လက်အင်္ကျီတထည်ကို
မြို့ရိုးဟောင်းထဲမှာသိမ်းဝှက်ထားဖူးတယ်။
သိန်းစွန်ရဲတို့လေအဆန်မှာ
ဓားအိမ်ကို ချန်ထားခဲ့ပြီး
နံရံပေါ်က ဆင်းလာခဲ့ရပေါ့
မာကျောတက်ကြွတဲ့လူငယ်တဦးအဖြစ်
ငှက်ကြီးတောင်ဓားဟာ
သူ့ရေဆန်သွေးတွေကိုပဲ တက်တူးထိုးဖြစ်သွားတယ်။
ဓားတရားစီရင်ခန်းကို
ရုံတင်နေကြပြန်ပေါ့
ငှက်ကြီးတောင်ဓားဟာ
အရှက်ပြေရယ်မောပစ်ရမယ့်အစား
သူရဲကောင်းဆန်ဆန်
ဓားသွားပေါ်မှာပဲ နှလုံးသားကိုကြက်ခြေခတ်ထားပစ်နိုင်ခဲ့တယ်။
သံဆူးကြိုးအရံအတားများ
ခါးသက်ပျင်းရိဖွယ်ရာစောင့်ကြပ်နေတဲ့လမ်းများပေါ်
စိုသောသွေးတွေမခြောက်သေးဘူး။
နီသောသွေးတွေ ပြာမသွားဘူး။
ကာလပျက်တောင်စောင်းမှာ
ဗိုင်းကောင်းကျောက်ဖိနှင်းတွေ
ပေါ့ပေါ့ပါးပါး အေးစက်ငြိမ်သက်နေကြဆဲ။
စိတ်ကိုနက်နက်တူးကြည့်လိုက်ရင်
ရာဇဝင်ကုန်းမို့ပေါ်မှာ
ဇက်ကြိုးတင်းထားတဲ့
သူ့ခြေရာတွေချည်းပဲ။
ငါရောက်လာတယ်
ငါတသွေးတမွေး သွေးတယ်
ဒါကြောင့်
ငါရှိတယ်
သမိုင်းကြွေးကို သွေးနဲ့ဆပ်တယ်
ဒါကြောင့်
ငါရှိခဲ့တယ်။
အဲသလို
အလင်းသတိနဲ့ သူရှိနေခဲ့တယ်။
ငှက်ကြီးတောင်ဓားဟာ
အိပ်ရာထ နောက်မကျဘူး
စေ့ထားတဲ့တံခါးတွေကို မခေါက်ဘူး
လမ်းထောင့်တွေမှာ ရန်မဖြစ်ဘူး
ဦးခေါင်းထဲကနေ ဦးနှောက်ကိုဘယ်တော့မှ ဆွဲမထုတ်ဘူး
ဒဏ်ရာတခုကို နှစ်ခါမခုတ်ဘူး
ခြေဖနောင့်တွေရဲ့အရိပ်များမှာ နောက်ပြန်မလျှောက်ဘူး။
ညစ်ပတ်လှတဲ့ကမ္ဘာကြီးမှာ
သက်တံတစ်စင်းကိုဖေါက်သီထားတဲ့
တိမ်တောက်တဲ့ညနေတွေဆို
ငှက်ကြီးတောင်ဓားဟာ
တဖြတ်ဖြတ်လက်ချင်နေတဲ့အရိပ်တွေနဲ့
တိတ်တိတ်လေးအိမ်ပြန်ချင်နေပြန်တယ်။
ဓားလည်း
ဘာသားနဲ့ထုထားတာမို့လို့လဲ လို့
လွမ်းတသောသောနဲ့ ပြောပြ။
သူ့ဓားအိမ်ဟာလည်း
သူ့ကိုလွမ်းဆွတ်စွာ
ရာဇဝင်မြစ်ကြီးတစ်စင်းစာ
ကြာလှပြီ။
အရှေ့အရပ်ဆီမှာရောင်နီ
မြင်းသည်တော်များအသံ ကြားလာရပြီ။
အနီရောင်လက်ထနေတဲ့
အနိုင်ရသူတို့လက်ထဲမှာ
ဓားရိုးတွေကမြဲမြံခိုင်မာတယ်။
ငှက်ကြီးတောင်ဓားဟာ
သူ့ဓားအိမ်ရှိရာကို ရင်ကော့ပြီးလျှောက်ပြန်လာခဲ့တယ်။
ဟဲလို
ငှက်ကြီးတောင်ဓား
ဟဲလို
ငှက်ကြီးတောင်ဓားများခင်ဗျာ
မကြာခင်မှာ
နွေးထွေးလုံခြုံတဲ့
သမိုင်းသစ်ရဲ့နံရံတခုပေါ်မှာ
နားလို့ရပါပြီ။
အခုထိ
ငှက်ကြီးတောင်ဓားဟာလည်း
ယုံစားလို့မရသေးတဲ့ခေတ်ကြီးထဲကို
မျက်ခြေမပြတ်စိုက်ကြည့်နေဆဲ။
၁၅.၇.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar